Saturday, October 15, 2011

လွိုင်ကော်မြို့ ထမင်းဆိုင်တွင် ပေါက်ကွဲမှုဖြစ်၍ ၀န်ထမ်းတဦး ဒဏ်ရာရ

ဆယ်ဖိုးရှေး

ကရင်နီပြည်နယ် လွိုင်ကော်မြို့မှ ရှမ်းစုရပ်ကွက် ရွှေဒင်္ဂါး ၂ မှ တရုတ်နှင့် မြန်မာရွှေမြို့သူထမင်းဆိုင်တွင် ပေါက်ကွဲမှုဖြစ်၍ ဆိုင်ဝန် ထမ်းတဦးဒဏ်ရာ ရရှိသွားသည်ဟု သိရသည်။

ပေါက်ကွဲမှုကြောင့် အောက်တိုဘာလ-၉ရက်နေ့တွင် ဆိုင်ဝန်ထမ်းတဦး ဘယ်ဖက်လက်မောင်းတဖက်အား ထိမှန်၍ လွိုင်ကော်မြို့ဆေးရုံသို့ တင်ထားရသည်ဟု မြို့ခံတဦးက ပြောသည်။

၎င်းက “သူ့လက်မောင်းဆို စုတ်ပြတ်သွားတာပဲ။ သူအခု လွိုင်ကော်ဆေးရုံကြီးမှာ တက်ရတယ်။ သူ့လက်တဖက် ဖြတ်ရမယ်နဲ့တူတယ်” ဟုပြောသည်။

ဗြောက်အိုး(မီးရှုး)လုပ်ရန်အတွက် ကျည်ဆံထဲမှ ယမ်းထုတ်ရင်း ပေါက်ကွဲ သွားခြင်းဖြစ်သည်။ ထိုဆိုင်တွင် ဘီယာ၊ အရက်၊ ရမ်၊ တရုတ်အစားအစာများသာ အဓိက ရောင်းချသည့် ဆိုင်တဆိုင် ဖြစ်ပါသည်။

ပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်းတွင် ၄င်းဆိုင်ပိတ်ထားသည်ကို တွေ့ရသည်ဟု ပြောသည်။

“အဲဒီဆိုင်က အမြဲတမ်းပဲ ထောက်လှမ်းရေးတို့ ရဲတို့ နောက်ပြီး အရာရှိတွေ လာစား နေကျနေရာပဲ။ အဲဒီဆိုင်သွားစားရင် အမြဲသတိထားရတယ်။ စကား အရမ်းမပြောရဲဘူး။ လူတော့ စည်ပါတယ်။ အကြော်အလှော်ကောင်းတယ်လေ။ နာမည်ရှိပါတယ်” ဟု ထိုဆိုင်မှ ဖောက်သည်တဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်တွင်လည်း ကရင်နီပြည် လွိုင်ကော်မြို့ (သီရိဒေါ) နာရီစဉ်အောက်မှ ရဲစခန်းတွင် ဗုံးတလုံး ပေါက်ကွဲ၍ လူတဦး သေဆုံးသွားခဲ့သည်ဟု သိရသည်။

No comments:

Post a Comment