Wednesday, October 19, 2011

ကိုမင်းကိုနိုင်မွေးနေ့ ထိုင်း-မြန်မာနယ်စပ်တွင် ကျင်းပ

ရိုးမ ၃

ရှမ်းပြည်နယ်၊ ကျိုင်းတုံအကျဉ်းထောင်တွင် ထောင်ဒဏ် ၆၅ နှစ်နှင့် ၆လ ချမှတ်ခံထားရသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ ၄၉ နှစ်မြောက် မွေးနေ့ပွဲကို ထိုင်း-မြန်မာနယ်စပ်အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) (AAPP-B) ရုံးတွင် ယနေ့ အောက်တိုဘာလ (၁၈) ရက်နေ့၊ နံနက်ပိုင်းက ကျင်းပခဲ့သည်။

ကျောင်းသားအင်အားစု၏ ခေါင်းဆောင်အဖြစ် ရှစ်လေးလုံး လူထုလှုပ်ရှားမှုကို ဦးဆောင်ခဲ့သည့် ကိုမင်းကိုနိုင်၏ ၄၉ နှစ်မြောက် မွေးနေ့ပွဲတွင် Burma VJ အဖွဲ့မှ စုစည်းတင်ပြထားသည့် ကိုမင်းကိုနိုင်၏ နိုင်ငံရေးလှုပ်ရှားမှုမှတ်တမ်း ဗွီဒီယိုကို ပြသပြီး အခမ်းအနားကို စတင်ခဲ့သည်။

အဆိုပါမွေးနေ့ပွဲ ကျင်းပရခြင်းရည်ရွယ်ချက်နှင့် ပတ်သက်၍ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)၊ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က “ကိုမင်းကိုနိုင်ရဲ့ မတရားမှုကို ကြံ့ကြံ့ခံ ဆန့်ကျင်တဲ့ စိတ်ဓါတ်ကို ဂုဏ်ပြုချင်သလို၊ တခြားနိုင်ငံရေးအကျဉ်းသားတွေကို ကိုမင်းကိုနိုင်လိုပဲ မတရားမှုကို ကြံ့ကြံ့ခံနေတဲ့ သူတို့တွေရဲ့ စိတ်ဓါတ်ကို ဂုဏ်ပြုချင်လို့ ဒီလိုမျိုး ကျင်းပရခြင်းဖြစ်ပါတယ်” ဟု ပြောသည်။

မွေးနေ့ပွဲတွင် ကိုမင်းကိုနိုင်နဲ့အတူ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံတွင် ပါဝင်ခဲ့ပြီး ယနေ့အချိန်တွင် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် အဖွဲ့အစည်းများ၌ တာဝန်ယူလုပ်ကိုင်နေကြသည့် ခေါင်းဆောင်များက ကိုမင်းကိုနိုင်၏ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးနဲ့ တိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံ ပေါ်ပေါက်ရန်အတွက် ကြိုးပမ်းလှုပ်ရှားမှုနဲ့ စိတ်ဓါတ်ခိုင်မာမှုများကို မွေးနေ့အမှတ်တရစကားများအဖြစ် ပြောကြားခဲ့သည်။

ကိုမင်းကိုနိုင်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့် နောင်အနာဂတ် တိုင်းပြည်တည်ဆောက်ခွင့်ရသည်အထိ ကြိုးပမ်းနိုင်ရန်အတွက် အင်းအားစုတွေအားလုံး ညီညွတ်ကြဖို့လိုကြောင်း ကိုမင်းကိုနိုင်မွေးနေ့ပွဲသို့ တက်ရောက်လာသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ၏ ဒု-ဥက္ကဌ ဦးမျိုးဝင်းက ပြောသည်။

သမ္မတဦးသိန်းအစိုးရအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တကယ်လိုလားသည့် စိတ်စေတနာရှိပြီး ကိုမင်းကိုနိုင်အပါအ၀င် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများကို နိုင်ငံရေးအကျဉ်းသားအဖြစ် အသိမှတ်ပြုကာ ဂုဏ်သိက္ခာရှိရှိ ပြန်လွတ်ပေးရန် လိုအပ်ကြောင်း AAPP-B တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က ဆက်ပြောသည်။

ကိုမင်းကိုနိုင်၏ မွေးနေ့ပွဲသို့ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများနှင့် ကိုမင်းကိုနိုင်ကို လေးစားချစ်ခင်သူ စုစုပေါင်း ၆၀ ကျော် တက်ရောက်ခဲ့သည်။

ကိုမင်းကိုနိုင်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီတောင်းဆိုလှုပ်ရှားမှု အရေးတော်ပုံတွင် မြန်မာနိုင်ငံ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ ဥက္ကဋ္ဌအဖြစ် ဦးဆောင်မှုအခန်းကဏ္ဍက ပါဝင်ခဲ့ပြီး၊ ၁၉၈၉ ခုနှစ်နှင့် ၂၀၀၆ ခုနှစ်များတွင် အကြိမ်ကြိမ် ဖမ်းဆီးထောင်ချခံခဲ့ရသည်။ နောက်ဆုံး အကြိမ်အဖြစ် ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု မတိုင်မီ သြဂုတ်လတွင် ကိုမင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ၉ ဦးသည် စစ်အစိုးရ၏ မတရား ဖမ်းဆီးခံခဲ့ရပြီး ၂၀၀၈ ခုနှစ်တွင် ထောင်ဒဏ် ၆၅ နှစ် ၆ လစီ ချမှတ်ခံခဲ့ရသည်။

No comments:

Post a Comment