Thursday, October 20, 2011

ပခုက္ကူတွင် ရေကြီး၊ လူအသေအပျောက်ရှိ

ရန်ပိုင် on October 20, 2011

မိုးများသောကြောင့် မကွေးတိုင်း ပခုက္ကူမြို့ ရွှေချောင်း ရေလျှံသဖြင့် ရွှေချောင်းတံတား ကျိုးသွားပြီး၊ အမှတ် (၃) ဂငယ်ကွေ့ ရပ်ကွက်၊ စွန်သိုက်ရပ်ကွက်မှလူနေအိမ်များ၊ သာသနိက အဆောက်အအုံများ ရေထဲ မျောသွားပြီး လူအသေအပျောက်ရှိကြောင်း သိရသည်။

ယမန်နေ့ည ၁၀နာရီခန့်ကတည်းက မိုးသည်းထန်စွာ အဆက် မပြတ်ရွာသွန်းပြီးနောက်ပိုင်း တောင်ကျရေများ ဆင်းလာကြောင်း၊ ရွှေချောင်းတံတားမှာ နံနက် ၆နာရီ ခန့်တွင် ကျိုးသွားပြီး လူနေအိမ်ခြေများကို ရေထဲမျောသွားကြောင်း ဧရာဝတီက စုံစမ်းသိရှိရ သည်။

“မြို့ အရှေ့နဲ့ အနောက် ဆက်တဲ့ တံတားကတော့ သုံးခန်းလောက် ကျိုးပြီး ရေထဲပါသွားတယ်၊ ချောင်းဘေး နေတဲ့ လက်လုပ်လက်စား အိမ်တွေ တော်တော်များများ မျောပါတယ်”ဟု ပခုက္ကူမြို့ခံတဦးက ဆိုသည်။

ချောင်းကမ်းပါးရှိ အိမ်ခြေပေါင်း ၇၀ခန့် ရေထဲ မျောပါသွားပြီး ကွန်ကရိဖြင့် အခိုင်အမာ ဆောက်လုပ်ထားသော အေးငြိမ်းချမ်းသာ ဘုန်းတော်ကြီးကျောင်းနှင့် ကျောင်းအတွင်းရှိ စေတီတဆူလည်း ရေတိုက်စားသွားကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် မိသားစုတချို့ ပျောက်ဆုံးနေကြောင်း၊ လူအသေအပျောက် ဆယ်ဂဏန်းခန့်ရှိနိုင်ကြောင်း၊ ရေကျသွားပြီးနောက် ရွှံ့နွံများထဲတွင် အလောင်းတချို့ကို တွေ့ရကြောင်းလည်း ဆိုသည်။

ယခုအခါ မိုးစဲသွားပြီ ဖြစ်ပြီး ဒေသခံအာဏာပိုင်တို့က ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းများတွင် ကယ်ဆယ်ရေးစခန်းများ ဖွင်ထားကြောင်း သိရသည်။

ရွှေချောင်းနံဘေးရှိ ကြက်သွန်စိုက်ပျိုးသည့် ကျေးရွာများ၊ ပေါက်မြို့နယ်ရှိ ယောချောင်း၊ ကျောချောင်း စသည့် ဒေသများတွင် တောင်ကျချောင်းရေကြောင့် ကြက်သွန်စိုက်ခင်းများလည်း ပျက်စီးကြောင်း၊ ဆင်ဖြူကျွန်းမြို့နယ်တွင်လည်း ပျက်စီးမှုရှိကြောင်း သိရသည်။

ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းသည့်အတွက် မန္တလေးတိုင်း၊ ကျောက်ဆည်မြို့တွင်လည်း တတိယအကြိမ် ရေကြီးမှု ဖြစ်ပွားနေသည်။

No comments:

Post a Comment