Saturday, October 15, 2011

ဗိုလ်ချုပ် ဆေထင်ကို စစ်တွေတွင် နိုင်ငံရေး သမားများ သွားရောက်ကြိုဆို

နိရဉ္စရာ


စစ်တွေထောင်ထဲမှ လွတ်လာသူ ရှမ်းပြည်တပ်မတော် (SSA) မြောက်ပိုင်း SSA အဖွဲ့ နာယကနှင့် ရှမ်းပြည် အတိုင်ပင်ခံကောင်စီ အဖွဲ့ဝင်ဖြစ်သော ဗိုလ်ချုပ် ဆေထင်အား လွတ်လာသည့်နေ့က စစ်တွေမြို့တွင် နိုင်ငံရေး သမားများနှင့် ပြည်သူများက သွားရောက်ကြို ဆိုခဲ့ကြသည်။

" ဗိုလ်ချုပ်ဆေထင်ကို စစ်တွေ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လူတွေရယ်။ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက လူတွေရယ်။ ပီးရင် စစ်တွေက လူကြီးတချို့ လွတ်လာတဲ့နေ့က ထောင်ဗူးဝမှာ သွားရောက် ကြိုဆိုတာကို တွေ့ရပါတယ်။ ဗိုလ်ချုပ် ဆေထင် ထောင်ဗူးဝက ထွက်လာတဲ့ မြင်ကွင်းက လူတွေ အကုန်လုံးကို ၀မ်းသာပီတိ ဖြစ်စေခဲ့ပါတယ်" ဟု ဗိုလ်ချုပ် ဆေထင်ကို သွားရောက်ကြိုဆိုခဲ့သူ လူငယ် တစ်ဦးက ပြောသည်။

ထောင်ဗူးဝတွင် ဗိုလ်ချုပ် ဆေထင်အား ထောင်ပိုင်၊ ထောင်မှူးကြီးများကလည်း လက်ဆွဲ နုတ်ဆက် ခဲ့ကြသည်ဟု အဆိုပါ လူငယ်က ဆက်ပြောသည်။

" အဘ ဗိုလ်ချုပ်ဆေထင်က ရယ်ပြုံးပြုံးနဲ့ ထောင်ဗူးဝမှာ ထောင်မှူး၊ ထောင်ပိုင်တွေကို လက်ဆွဲ နုတ်ဆက်ပါတယ်။ ပီးရင် လူတွေက သွားရောက်ကြိုဆို နုတ်ဆက်ကြပါတယ်။ လူက ၅၀ ခန့်ရှိပါတယ်။ အဲသလို နုတ်ဆက်ပီးတာနဲ့ ချက်ချင်း လေဆိပ်ကို ကားနဲ့ ယူသွားပါတယ်။ ပီးရင်ကို ရန်ကုန်ကို ပို့လိုက် ပါတယ်" ဟု ပြောသည်။

စစ်တွေထောင်ထဲမှ လွတ်မြောက်လာသူ အကျဉ်းသား ၂၉၀ ရှိပြီး ထိုအထဲတွင်ဗိုလ်ချုပ် ဆေထင် အပါအ၀င် နိုင်ငံရေး အကျဉ်းသား (၃) ဦးသာ လွတ်လာသည်ဟု သိရသည်။ အဆိုပါ လွတ်လာသူများမှာ ဗိုလ်ချုပ် ဆေထင် (ခေါ်) စိုင်းကျော်စိန်၊ ကိုဇော်မင်းခေါ် တေဇာနှင့် ကိုစိုးလွှင်ခေါ် ကိုတိုးလွှင်တို့ ဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်ဆေထင်သည် ယခုအခါ ထောင်ထဲတွင် ခံစားခဲ့ရသော မျက်စေ့၊ နှလုံး၊ သွေးတိုးနှင့် ဆီးချို ရောဂါများကြောင့် ရန်ကုန်တွင် ကျန်းမာရေး စစ်ဆေးနေကြောင်း သိရသည်။

စစ်တွေ ထောင်က လွတ်လာသည့် အချိန်တွင် ဗိုလ်ချုပ်ဆေထင်မှာ အသက် ၇၅ နှစ်အရွယ် ရှိပြီဖြစ်ပြီး စစ်ကိုင်းတိုင်း ခန္တီးထောင်၊ မန္တလေး အိုးဘိုထောင်နှင့် နောက်ပိုင်းတွင် ရခိုင်ပြည်နယ် စစ်တွေထောင်ကို ပြောင်းရွေ့ခံခဲ့ရသည်။

ဗိုလ်ချုပ်ဆေထင်ကို တခြား ရှမ်းခေါင်းဆောင်များနှင့် အတူ ရှမ်းပြည် အတိုင်ပင်ခံ ကောင်စီဖွဲ့စည်းရန် ကြိုးစားမှုဖြင့် ဖမ်းဆီးခံခဲ့ရပြီး နိုင်ငံတော် ပုန်ကန်မှု၊ အကြည်ညိုပျက်စေမှုဖြင့် ၂၀၀၅ ခုနှစ် ဇန်န၀ါရီလ ၈ ရက်နေ့က ထောင်ဒဏ် ၁၀၆ နှစ် ချမှတ်ခဲ့သည်။

No comments:

Post a Comment