Sunday, October 16, 2011

မြန်မာပြည်တွင် ပြုပြင်ပြောင်းလဲမှု တစုံတရာ မတွေ့သေးကြောင်း DPNS ပြော

ရိုးမ ၃

မြန်မာနိုင်ငံတွင် စစ်မှန်သည့် ဒီမိုကရေစီအရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းပေါ်ရောက်မည့် ပြုပြင်ပြောင်းလဲမှု တစုံတရာ မတွေ့ရသေးကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ ဦးအောင်မိုးဇော်က ပြောသည်။

ယနေ့နံနက်ပိုင်းက ထိုင်း-မြန်မာနယ်စပ်တွင် ပြုလုပ်သည့် DPNS ဖွဲ့စည်းတည်ထောင်ခြင်း ၂၃ နှစ်မြောက် အထိမ်း အမှတ် အခမ်း အနား တွင် ဦးအောင်မိုးဇော်က ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ကျနော်တို့ ဒီမိုကရေစီရေး လှုပ်ရှားမှုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ အနေနဲ့ တွေ့ဆုံဆွေးနွေးမှုကတဆင့် ဗမာပြည်ကို ပြုပြင်ပြောင်းလဲဖို့၊ ဒီမိုကရေစီရေးလမ်းကြောင်းပေါ် ရောက်ဖို့၊ နောက် အမျိုး သားပြန် လည် သင့်မြတ်ရေးလမ်းကြောင်းပေါ် ရောက်ဖို့ကို ကြိုးစားနေတဲ့ ကာလဖြစ်တယ်။ ဒါပေမယ့် ခိုင်ခိုင်မာမာ အချက်အလက်နဲ့ ပြောင်းလဲ လာတာတွေ ကျနော်တို့ တခုမှ မတွေ့ရသေးဘူး” ဟု သူက ပြောသည်။

လက်ရှိ တည်ရှိနေသော ဖိနှိပ်သည့် ဥပဒေ၊ အမိန့်များနှင့် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှ အချက်အလက်များကို ပြင်ဆင် ပြောင်းလဲမည့် အရိပ်အယောင်ကို မတွေ့ရသေးကြောင်း ဦးအောင်မိုးဇော်က ဆက်ပြောသည်။

ဆက်လက်၍ သူက “တွေ့ဆုံဆွေးနွေးမှုတွေကနေ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံဘောင်ထဲမှာပဲ ကျနော်တို့ကို အလုပ်လုပ်ဖို့၊ NLD ကို အလုပ် လုပ်ဖို့၊ ဒေါ်စုကို ဝင်အလုပ်လုပ်ဖို့ စည်းရုံးသိမ်းသွင်းနေတယ် ဆိုလို့ရှိရင်တော့ အဲဒီကိစ္စဟာ ကာလတခုမှာ ပေါက်ကွဲမှာပဲလို့ ကျနော် ပြောချင်တယ်။ ဒါဆိုလို့ရှိရင်တော့ ကျနော်တို့မှာ လူထုအားကို လှုံ့ဆော်ပြီးတော့ လူထုအားနဲ့ပဲ အပြောင်းအလဲဖြစ်နိုင်အောင် ကြိုးစား ရလိမ့်မယ်လို့ ပြောချင်ပါတယ်” ဟု ပြောသည်။

ထို့အပြင် အားလုံးပါဝင်နိုင်မည့် တွေ့ဆုံဆွေးနွေးရေးဖြစ်စဉ်အတွက် စစ်အစိုးရလက္ခဏာအောက်တွင် တွေ့ဆုံဆွေးနွေးရေးကို အမြဲတမ်း ကြိုဆိုနေရမည့် တပြိုင်နက်တည်းတွင် တိုက်ပွဲများ၊ ဖိအားများမရှိလျှင် မိမိတို့ လိုချင်သည့် လမ်းကြောင်းမှ သွေဖီသွားနိုင်ကြောင်း မြန်မာ နိုင်ငံဒီမိုကရက်တစ်အင်အားစု (FDB) အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်က DPNS မွေးနေ့အခမ်းအနား၌ အမှတ် တရ စကား ပြောကြား ရာတွင် ပြောသည်။

သူက “ကျနော်တို့က တိုက်ပွဲတွေ၊ ဖိအားတွေ မရှိလို့ရှိရင် ကျနော်တို့လိုချင်တဲ့ လမ်းကြောင်းကို တည့်သွားဖို့ ခက်လိမ့်မယ်။ ယနေ့လို အချိန်မျိုးမှာ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ့နေရာကသူ လုပ်နေပါစေ။ ကျနော်တို့ကလည်း ကိုယ့်အလုပ်ကို ဆက်လုပ်ကြရပါမယ်လို့ ပြောချင်တယ်။ ပြောင်းလဲမှုတိုင်းဟာ ဖိအားမပါဘဲနဲ့တော့ ဒီအစိုးရလက္ခဏာအောက်မှာ မရှိနိုင်ဘူးလို့ သုံးသပ်တယ်” ဟု ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) စည်းရုံးရေးဌာန ဒု-တာဝန်ခံ ပဒိုသမိန်ထောကလည်း KNU အနေဖြင့် ပြည်သူများ ဒုက္ခ ရောက်မည့် အရေးနှင့် ကရင်လူမျိုးများ အရှက်တကွဲဖြစ်မည့် ငြိမ်းချမ်းရေးမျိုးကို လုပ်ဆောင်သွားမည်မဟုတ်ကြောင်း အဆိုပါအခမ်းအနားတွင် ပြောကြားခဲ့သည်သည်။

ယနေ့ပြုလုပ်သည့် DPNS ပါတီတည်ထောင်ခြင်း ၂၃ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားသို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များမှ ခေါင်းဆောင်များနှင့် နိုင်ငံရေးအဖွဲ့အစည်းများမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး လက်ရှိဖြစ်ပေါ်နေသည့် မြန်မာ့ နိုင်ငံရေး၊ တိုင်းရင်းသားအရေးများနှင့် စပ်လျဉ်းပြီး ၎င်းတို့၏ အမြင်သဘောထားများကို ပြောဆိုဆွေးနွေးခဲ့ကြသည်။ ကျောင်းသား လူငယ်များအပါအဝင် ဧည့်ပရိသတ် ၇၀ ကျော် တက်ရောက်ခဲ့သည်ကိုလည်း တွေ့ရသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ရှစ်လေးလုံး မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု လူထုတော်လှန်ရေးကြီးမှ ပေါက်ဖွားလာခဲ့ကာ ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး ယနေ့ထက်တိုင် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေသည့် ပါတီတရပ်ဖြစ်သည်။

No comments:

Post a Comment