Tuesday, November 22, 2011

တောရိုင်းမြေရှင်းပြီး ၁၅ နှစ်ကျော်ကြာ နေထိုင်ခဲ့သူများ ဖယ်ရှားခံနေရ

ဘုန်းခိုင်

မြ၀တီ ခရိုင် အုပ်ချုပ် ရေးမှူးရုံး အမိန့်အရ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ အမှတ် (၄) ရပ်ကွက် အတွင်းရှိ အောင်ဆုပန် ဘုန်းကြီး ကျောင်း အနီးရှိ အိမ်ထောင်စု ၂၇ စု နေထိုင်သည့် မြေနေရာ များကို နိုဝင်ဘာ လကုန်တွင် ဖယ်ရှား ပေးရန်နှင့် မဖယ် ပေးပါက တရား စွဲဆိုမည်ဟု စာဖြင့် အမိန့် ထုတ်ပြန် ခဲ့သည်။

မြ၀တီမြို့ အမှတ် (၄) ရပ်ကွက်တွင်းရှိ အိမ်ထောင်စု ၂၇ စုတို့သည် သူတို့နေထိုင်သည့် မြေနေရာမှ နိုဝင်ဘာလကုန်ရက် နောက်ဆုံး ထားပြီး ဖယ်ပေးရန်၊ မဖယ်ပေးပါက တရားစွဲဆိုမည်ဟု ခရိုင်အုပ်ချုပ်ရေးမှူးရုံး အမိန့်ဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက နိုင်ဝင်ဘာလ (၁၃) ရက်နေ့ကတည်းက စာထုတ်ပြီး ဖယ်ရှားခိုင်းနေခြင်းဖြစ်သည်။

ခရိုင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဖယ်ရှားခိုင်းသည့် အခြေအနေကို အမှတ် (၄) ရပ်ကွက်နေ စစ်မှုထမ်းဟောင်းတဦးက “ခရိုင်အုပ်ချုပ်ရေးမှူးရုံးရဲ့ ညွှန်ကြားချက်အရဆိုပြီး အမှတ် (၄) အုပ်ချုပ်ရေးမှူးရုံးကနေ နှင်ထုတ်တာခင်ဗျ။ မသွားရင် တရားစွဲမယ်ဆိုပြီး အရင်ကတကြိမ် နှင်ထုတ်ဖူးတယ်။ ဒါနောက်ဆုံးလို့ ပြောတယ်။ အခုလ (၁၃) ရက်နေ့က စာထုတ်ပြီး (၁၄) ရက်နေ့မှာ ဖယ်ခိုင်းတာ။ အချိန်ပေးတဲ့အနေနဲ့ အခုလကုန်ရင် ဖယ်ရမယ်” ဟု ပြောသည်။

အဆိုပါရပ်ကွက်တွင်းရှိ အဖယ်ရှားခံရမည့် အိမ်မြေနေရာများသည် လွန်ခဲ့သော နှစ်ပေါင်း ၁၅ နှစ်ကျော်လောက်ကတည်းက တောရိုင်းမြေနေရာများကို ခုတ်ထွင်ရှင်းလင်းပြီး ဒဏ်ရာရ စစ်မှုထမ်းဟောင်းများနှင့် ဆင်းရဲနွမ်းပါးသည့် အရပ်သူအရပ်သားများ နေထိုင် ခဲ့ကြသည့် မြေနေရာများဖြစ်သည်။

“အုပ်ချုပ်ရေးမှူးတွေက အခုလို မဖယ်ရင် တရားစွဲမယ်ဆိုပြီး အတင်းနှင်ထုတ်တော့ ကျနော်တို့မိသားစုတွေ ဘယ်သွားနေစရာရှိမလဲ။ အားလုံးက ဆင်းရဲတဲ့သူတွေချည်းပဲ။ ကိုယ့်အားနဲ့ ရှင်းလင်းပြီး နေခဲ့ကြတာ နှစ်တွေလည်း ကြာပြီ။ ဒီမှာမနေစေချင်ရင်လည်း တခြား တနေရာရာကို အုပ်ချုပ်ရေးမှူးနဲ့ အကြီးအကဲတွေက နေရာပြန်ချထားပေးစေချင်တာပါ” ဟု ဖယ်ရှားခဲ့ရသည့် စားရင်းထဲတွင်ပါသည့် အရပ်သားတဦးက ပြောသည်။

မြ၀တီခရိုင်အုပ်ချုပ်ရေးမှူးရုံးက မြ၀တီမြို့ အမှတ် (၄) ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု ၂၇ စုပိုင် မြေနေရာများအပါအ၀င် စုစုပေါင်း မြေ ၃၃ ဧကကို နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် ပြည်နယ်ဝန်ထမ်းအချို့အတွက် ၂၀၀၃ ခုနှစ်၊ စက်တင်ဘာလကတည်းက မြေကွက်များ ချပေးလိုက်ပြီဖြစ်ကြောင်း သွားရောက်စုံစမ်းသူများကို ပြောကြားခဲ့ကြောင်းလည်း သိရသည်။

No comments:

Post a Comment