Thursday, December 22, 2011

စရဖက ခေါ်ယူနှိပ်စက်ခံရသည့် မောရ၀တီ ရွာသား ဆေးကုခွင့် ပိတ်ပင်ခံရ

နိရဉ္စရာ

ရခိုင်ပြည်နယ် မောင်တောမြို့ နယ် မောရ ၀တီမှ ရွာသား တစ်ဦးကို စရဖ တပ်ဖွဲ့မှ ဖမ်းဆီးပြီး ညလုံးပေါက် နှိပ်စက်သဖြင့် အတွင်း ဒဏ်ရာ ပြင်းထန်စွာ ရရှိသွား သော်လည်း ဆေးရုံ တက်ရောက် ကုသခွင့် ပိတ်ပင်ခံ ရကြောင်း သတင်း ရရှိသည်။

ဖမ်းဆီးနှိပ်စက်ခံရပြီး ဆေးရုံတက်ရောက် ကုသခွင့် ပိတ်ပင်ခံသူမှာ ရခိုင် အမျိုးသား ဦးခင်မောင်သန်းဖြစ်သည်။

" ဖြစ်တာက ဒီဇင်္ဘာလ ၁၇ ရက်နေ့ ညနေပိုင်းမှာ ဖြစ်တာပါ။ သူက အရက်မူးပြီး သွားလာနေတာကို စရဖ တပ်ဖွဲ့က လမ်းကနေ ဖမ်းဆီးခေါ်ဆောင်သွားပြီး ညလုံးပေါက် ရိုက်နက်တယ်။ မနက်ကျတော့ ကျေးရွာက လူကြီးတွေရဲ့ အာမခံနဲ့ပြန်လွှတ်ပေး လိုက်တယ်။ သူပြန်လွှတ်တော့ သူက လမ်းမလျှောက်နိုင်တော့ဘူး။ ဆေးရုံတင်မယ်ဆိုတော့ စရဖ ဗိုလ်က မတင်ရဘူး။ အိမ်မှာဘဲ ကုသဆိုပြီးတော့ ပြောပြီး ပြန်လွတ်ပေးလိုက်ပါတယ်" ဟု ဆွေမျိုး တစ်ဦးက ပြောသည်။

ဦးခင်မောင်သန်းကို ထိုကဲ့သို့ ပြင်းပြင်းထန်ထန် နှိပ်စက်ခံခဲ့ရမူ အပေါ် ရပ်ရွာလူကြီးများက အထက်သို့ တိုင်ကြားရန် စီစဉ်ခဲ့သော်လည်း စရဖမှ ခြိမ်းခြောက်သဖြင့် တိုင်ကြားနိုင်ခြင်းမရှိကြောင်း သိရသည်။

" ဒဏ်ရာ ရရှိသွားတဲ့ အတွက် မကျေနပ်တာကြောင့် ရဲကို တိုင်မယ်ဆိုတော့ ဘယ်သူ့ကိုမှ မတိုင်ရဘူး။ တိုင်ရင် ခင်ဗျားတို့ကို ပြဿနာ လုပ်မယ်ဆိုပြီး ခြိမ်းခြောက်တဲ့ အတွက် ပြဿနာ ဆက်ဖြစ်မှာကို ကြောက်ပြီး ရွာသားတွေက မတိုင်ရဲကြတော့ပါဘူး" ဟု သူက ဆက်ပြောသည်။

ဆေးရုံတက်ရောက် ကုသခွင့် မပေးသည့် အပြင် အထက်သို့ တိုင်ကြားခွင့်ကိုလည်း ပိတ်ပင်ခံရသဖြင့် ဦးခင်မောင်သန်း နှိပ်စက်ခံရသည့် အပေါ် ကျေးရွာသားများက အထူးမကျေမနပ် ဖြစ်နေကြကြောင်း သိရသည်။

" အဲသလို မတရား နှိပ်စက်ခံရတာကို မကျေနပ်တဲ့ အတွက် အခုလို ပြည်ပက သတင်းဌာနတွေကို သတင်းပေးပို့ရတာ ဖြစ်ပါတယ်။ ဒီလို နှိပ်စက်ခံရတာကို မဖေါ်ထုတ်ရင် စရဖတွေက နောက်လည်း ရွာသားကို ခေါ်ယူ နှိပ်စက်နိုင်ပါတယ်" ဟု တခြား ကျေးရွာသား တစ်ဦးက ပြောသည်။

ဦးခင်မောင်သန်းကို ပြင်ပ ဆေးဆရာ တစ်ဦးကို ခေါ်ယူပြီး ဆေး သုံးလုံး ထိုးခဲ့ရကြောင်း၊ အခုအခါ သူ့ကျန်းမာရေးမှာ အတော်အသင့် ပြန်ကောင်းလာပြီ ဖြစ်သော်လည်း ပုံမှန်အတိုင်း အလုပ် မလုပ်နိုင်သေးကြောင်း ကျေးရွာမှ အမျိုးသမီး တစ်ဦးက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းကို ဆက်သွယ်မေးမြန်းရာ ဦးခင်မောင်သန်းကို ဖမ်းဆီးပြီး ရိုက်နက် သတ်ပုတ်ခြင်းမှာ ဟုတ်မှန်ကြောင်း ပြောဆိုသော်လည်း အသေးစိတ် ပြောဆိုရန် ငြင်းဆိုသည်။

No comments:

Post a Comment