Wednesday, February 1, 2012

အစိုးရတပ် ထောက်ပံ့ရေး လမ်းကြောင်း ပေါ်မှ ဖယ်ရှားရန် KIO ထံ စာပို့

သျှမ်းသံတော်ဆင့်


တရုတ် နယ်စပ် အခြေစိုက် အစိုးရ တပ်စခန်း များ၏ ရိက္ခာ ထောက်ပံ့ရေး လမ်းကြောင်း ပေါ်မှ KIA တပ်များ ဖယ်ရှား ပေးရန် ပြည် ထောင်စု ငြိမ်းချမ်းရေး ကိုယ်စား လှယ်အဖွဲ့မှ KIO ထံ စာတစ်စောင် ပေးပို့ ခဲ့ကြောင်း သိရသည်။

လွယ်ဂျယ်နှင့် ဝိုင်းမော်မြို့နယ်များအတွင်းရှိ အစိုးရတပ်စခန်းများဖြစ်သော မုဘွန်နှင့် နားဖော့စခန်းများ၌ ရိက္ခာ ပြတ်လပ် နေသည်မှာ ရက်ပေါင်းများစွာ ကြာမြှင့်နေပြီး ၄င်းတပ်စခန်းများသို့ ရိက္ခာထောက်ပံ့ရန် အခက်အခဲဖြစ်နေ ကြောင်းသိရသည်။

လွန်ခဲ့သည့် နှစ်ရက်ခန့်က အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဝင် ဦးသိန်းဇော်မှ ထောက်ပံ့ ရေးလမ်းကြောင်း ပေါ်ရှိ KIA တပ်များ ဖယ်ရှားပေးရန် မေတ္တာရပ်ခံစာ ပေးပို့ခဲ့ကြောင်း KIO သတင်းရပ်ကွက်မှ သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“မုဘွန်နဲ့ နားဖော့စခန်းကို ပိတ်ထားတဲ့ KIA တပ်တွေဖယ်ရှားပေးဖို့ ဦးသိန်းဇော်ကနေ စာတစ်စောင်ပေးပို့တယ်။ အစိုးရရဲ့ ဒီစခန်းတွေက KIAထိန်းချုပ်နယ်မြေထဲမှာဆိုတော့ ရိက္ခာပြတ်နေတာကြာပြီ။ တမင်ပိတ်ထားတာ မဟုတ်ဘူး စစ်ရေးအရသူတို့အင်အားတွေ ထပ်ဖြည့် လာမှာကိုတော့ ခွင့်ပြုလို့မဖြစ်ဘူး” - ဟု KIO သတင်းရပ်ကွက်ကပြောသည်။

ကချင်ပြည်နယ်အတွင်း KIA နှင့် အစိုးရတပ်တို့ နှစ်ဘက်တိုက်ပွဲအရှိန် လျှော့နည်းသွားသော်လည်း သျှမ်းပြည် (မြောက် ပိုင်း) KIA တပ်မ ဟာ ၄ နယ်မြေ၌ အစိုးရတပ်နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။

“ကချင်ပြည်နယ်ထဲမှာတော့ တိုက်ပွဲတွေနည်းသွားတယ်။ ဒါပေမဲ့ သျှမ်းပြည် (မြောက်ပိုင်း) ထဲမှာ တပ်မဟာ ၄ ကို ထိုး စစ်ဆင် နေတုန်း ပဲ။ စစ်တပ်က ထိုးစစ်လုပ်နေတုန်းဆိုတော့ KIA တပ်တွေ ဖယ်ဖို့ကိစ္စစဉ်းစားရမဲ့ အနေအထားဖြစ် တယ်” - ဟု သူက ဆိုသည်။

အဆိုပါ တပ်စခန်းများ ရိက္ခာထောက်ပံ့ရေး လမ်းကြောင်းပေါ်မှ ဖယ်ပေးရေးကိစ္စ KIO ဘက်မှ ညှိနှိုင်းနေဆဲဖြစ်ကာ ၄င်း ကိစ္စ အကြောင်း ပြု၍ အစိုးရ ဘက်မှ KIA အပေါ် နောက်ထပ် တစ်ကြိမ် စစ်ပြု လာဖွယ် ရှိကြောင်း လေ့လာသူ များက ဆို သည်။

No comments:

Post a Comment