Thursday, March 1, 2012

၂၀၁၁-၂၀၁၂ သျှမ်းပြည်နယ် ရသုံးငွေ မညီမျှ ကျပ်သန်း ထောင်ချီ အကြွေးတင်

သျှမ်းသံတော်ဆင့်

၂၀၁၁-၂၀၁၂ အတွင်း သျှမ်းပြည်နယ်အစိုးရ၏ ဝင်ငွေနှင့် အသုံးစရိတ် မမျှသဖြင့် ကျပ်သန်းထောင်ချီ အကြွေးတင် နေကြောင်း ပြည် နယ် လွှတ်တော်အစည်းအဝေး တက်ရာက် သည့် နိုင်ငံရေးပါတီများအသိုင်းအဝိုင်းကပြောပါသည်။

“ရသုံးမှန်းခြေငွေစာရင်းတင်ပြတော့ ၂၀၁၁-၂၀၁၂ မှာသျှမ်းပြည်အစိုးရအတွက် ဝင်ငွေက ၂.၂၂၇ သန်းဘဲရှိတယ်။ သုံးငွေ က သန်း ပေါင်း ၆၁၃၂ သန်းရှိတယ်။ ဆိုတော့ သန်းပေါင်း ၆၁၂၉ သန်း အကြွေး တင်နေတာပေါ့။ အဲ့တာကို ပြည် ထောင် စုအစိုးရက ဆပ်ပေး မယ်လို့ ပြောတာဘဲ။ တင်ပြရမှာပေါ့နော်။ နောက်နှစ် ၂၀၁၂-၂၀၁၃ သုံးမယ့်ဘတ်ဂျက် ကိုလဲ ဆွဲထား တာ ကျပ်သန်းပေါင်း ၉၅၁၉ သန်း ။ ဝင်ငွေ ဘယ်လောက်ရှိမလဲ မသိသေးဘူး” ဟု အစည်းအဝေးတက် ရောက်သည့် အမတ် တဦးကပြောသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၂၇ ရက်က တောင်ကြီးမြို့၌ စတင်ကျင်းပသော ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် သျှမ်း ပြည်နယ်အစိုးရက သျှမ်းပြည်နယ်ရငွေ နှင့်အသုံးစရိတ် စာရင်းစစ်ချုပ် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ဟူ၍ တင်ပြခြင်းဖြစ်ကြာင်း အဆိုပါ အမတ် က ဆက် လက် ပြောပြသည်။

“ ကျနော်တို့ဝင်ငွေက နယ်စပ်ကုန်သွယ်ခွန်ဆိုရင်လဲ ၃ ရာခိုင်နှုန်းဘဲရတယ်လေ။ သျှမ်းပြည်ထဲက ဌာနပေါင်းစုံ အစိုးရ ဝန်ထမ်းကိုရော နေပြည်တော်ကလာတဲ့အစိုးရဝန်ထမ်းအတွက်ပါ လစာပေးနေရတော့ ဝင်ငွေနဲ့ ထွက်ငွေ လုံးဝ ကွာသွား တာဖြစ်တယ်” ဟိုဆိုပါသည်။

သျှမ်းပြည်နယ်အစိုးရ၏ဝင်ငွေမှာ စည်ပင်သာယာ၊ လမ်းတံတားနှင့်ဆောက်လုပ်ရေး၊ နယ်စပ်ကုန်သယ်ခွန်စသည့် အနည်း ငယ်သာ ဖြစ် ပြီး ကျွန်းသစ်နှင့်အခြားသစ်မာများ၊ ရွှေ၊ ငွေ၊ သတ္တုတွင်းမှာလည်း ပြည်ထောင်စုအစိုးရက ချုပ်ကိုင်ကြောင်း၊ သျှမ်းပြည်နယ် အစိုးရ အ တွက် ထင်း၊ မီးသွေးသာလုပ်နိုင်သည့် သစ်အမျိုးအစားများသာပေးကြောင်း ၎င်းက ပြောသည်။

“နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေမှာလဲ ‘ နိုင်ငံရေးအရ စီးပွါးရေးအရထူးခြားသော နယ်မြေများကို ပြည်ထောင်စုနယ်မြေ အဖြစ်သတ် မှတ်သည်(စာ ၁၄ - ပုဒ်မ ၅၀ (ခ)’ ဆိုပြီးပါထားတာကိုး။ အခြေခံဥပဒေကို မပြင်ဆင်နိုင် သရွေ့တော့ ကျနော် တို့ဖက်က နစ်နာနေဦး မှာ ဘဲ။ ဒါကြောင့် နိုင်ငံရေးအဆင့် ဆွေးနွေးပွဲကျရင် ဥပဒေပြင်ဆင်ဖို့ ဆိုတဲ့အချက် မပါမဖြစ် ဆွေးနွေးရလိမ့်မယ်” ဟု ၎င်းက ပြောသည်။

၂၀၁၂- ၂၀၁၃ တွင်လည်း သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံ - ပုံပါကျင် လမ်းအား ကျောက်ချောလမ်းခင်းရန်အတွက် ပြည် ထောင်စု အစိုးရ က ကျပ်သိန်းပေါင်း ၁၂၀၀၀ ချပေးခဲ့သည်ဟုလည်း အစည်းအဝေး၌ ပြောကြားကြောင်း၊ အဆိုပါ နယ်စပ်လမ်းကြောင်းမှ ဝင်သည့် အ ခွန်အထုပ်များအားလုံး သျှမ်းပြည်အစိုးရအတွက်ဟု ပြောဆိုသံများကြားနေရကြောင်း အဆိုပါ အမတ် က ပြောသည်။

No comments:

Post a Comment