ဒီဗွီဘီ
မြန်မာ နိုင်ငံ စာပေနဲ့ စာနယ်ဇင်း အဖွဲ့ကို ပြုပြင် ပြောင်းလဲမှု တွေပြု လုပ်ဖို့ ရည်ရွယ်ပြီး ရန်ကုန်မှာ အရေးပေါ် ညီလာခံ တရပ် စနေနေ့က ခေါ်ယူ ကျင်းပခဲ့ ပါတယ်။
ရန်ကုန် သူနာပြုတက္ကသိုလ်မှာ ကျင်းပတဲ့ ဒီညီလာခံမှာ ပြန်ကြားရေးဝန်ကြီး ဦးကျော် ဆန်းက အရပ်ဘက်ဆိုင်ရာအဖွဲ့အစည်းတွေဟာ ဒီမိုကရေစီလူ့ဘောင်နဲ့ညီအောင် ပြုပြင်ပြောင်းလဲဖွဲ့စည်းလျှက်ရှိကြောင်း၊ ယနေ့မီဒီယာလောကကို ခေတ်စနစ်နဲ့အညီ ပြုပြင်ပြောင်လဲလိုတဲ့ အတွက် အရေးပေါ် အစည်းအဝေး ခေါ်ယူကျင်းပတာလို့ ပြောပါတယ်။
ညီလာခံမှာ စာပေနဲ့စာနယ်ဇင်းအဖွဲ့က ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဝင်တွေနဲ့ ပြည်တွင်း မီဒီယာတွေက သတင်းသမားတွေ အယ်ဒီ တာတွေ လည်း တက်ရောက်ခဲ့ကြပါတယ်။
စာပေနဲ့စာနယ်ဇင်းအဖွဲ့ အတွင်းရေးမှူး ဦးကိုကိုက “ဒီနေ့တော့ အရေးပေါ် ညီလာခံလုပ်ပြီး မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ မြန်မာနိုင်ငံသတင်းစာဆရာ အသင်း၊ နောက်တခါ မြန်မာနိုင်ငံ ပုံနှိပ်ထုတ်ဝေဖြန့်ချိ သူများ အသင်း အဲဒီ ၃ သင်း အတွက် ဖြစ်မြောက်ရေးကော်မတီတွေ ဖွဲ့နိုင်ခဲ့တယ်။ နောက် အသင်း ၂ သင်းရဲ့ သင်းဖွဲ့စည်းမျဉ်းတွေ အတည်ပြုနိုင်ခဲ့တယ်’လို့ ပြောပါတယ်။
မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဖြစ်မြောက်ရေးကော်မတီကို ဦးစီးနာယက အဖြစ် မောင်ဝံသ ဦးကိုကိုလှိုင်နဲ့ ဦးဝင်းငြိမ်းတို့က ဆောင်ရွက်မှာ ဖြစ်ပြီး ဥက္ကဋ္ဌအဖြစ် သတင်းစာဆရာကြီး ဖိုးသောကြာ၊ ဒုဥက္ကဋ္ဌတွေအဖြစ် ဦးသီဟစောနဲ့ ရိုက်တာသတင်းထောက် ဦးအောင်လှထွန်း၊ အတွင်းရေးမှူးအဖြစ် ဦးကိုကိုနဲ့ တွဲဖက်အတွင်းရေးမှူးတွေအဖြစ် ဦးဖိုးနိုင်လင်းနဲ့ ပြည်ပအခြေစိုက် မဇ္ဈိမသတင်းဌာနက ဦးစိန်ဝင်းတို့ပါဝင်ပါတယ်။
မြန်မာနိုင်ငံ စာရေးဆရာအသင်း ဖြစ်မြောက်ရေးကော်မတီမှာတော့ နာယက အဖြစ် လယ်တွင်းသားစောချစ်၊ မောင်ခင်မင်-ဓနုဖြူ၊ မနုဿကျော်ဝင်း စသူတို့ပါဝင်ပြီး ဥက္ကဋ္ဌအဖြစ် ခင်မောင်ထွန်း – လမ်းမတော်က တာဝန်ယူမှာပါ။
မြန်မာနိုင်ငံ ပုံနှိပ်ထုတ်ဝေဖြန့်ချိသူအသင်း ဖြစ်မြောက်ရေးကော်မတီမှာတော့ ချစ်နိုင်-စိတ်ပညာက ဥက္ကဋ္ဌ အဖြစ် ခေါင်းဆောင်ပါဝင်ပြီး အဖွဲ့ဝင်တွေအဖြစ် မောင်မျိုး-ကြောင်နှစ်ကောင်၊ နန်းအိအိဇာ၊ ဦးစန်းဦး (စိန်ကူးချိုချို စာပေ) စသူတို့ပါဝင်ပါတယ်။
ဒီအသင်းတွေဟာ နောက် ၃ လအတွင်း တရားဝင် ပေါ်ပေါက်လာနိုင်တယ်လို့ ဦးကိုကိုက ပြောပါတယ်။
မြန်မာသမ္မတ ဦးသိန်းစိန်ကတော့ စတုထ္ထမဏ္ဍိုင်တွေ အနေနဲ့ ဒီမိုကရေစီကျင့်စဉ်နဲ့အညီ လွတ်လပ်မှုနဲ့ တာဝန်ယူမှုကို မျှမျှတတ ထိန်းကျောင်း ဆောင်ရွက်သွားစေနိုင်ဖို့ အမျိုးသား စာနယ်ဇင်း ကောင်စီ ထူထောင်ဖို့ စီမံနေပြီလို့ ခုလဆန်းပိုင်းက ပြောကြားခဲ့တဲ့ အစိုးရ သက်တမ်းတနှစ်ပြည့် နိုင်ငံတော် အခြေပြမိန့်ခွန်းမှာ ထည့်သွင်း ပြောကြားထားပါတယ်။
No comments:
Post a Comment