နိုင်ငံရဲ့ ကောင်းကျိုးဆိုးကျိုးကို ဖန်တီးနိုင်တာ ပြည်သူလူထုပဲ ဖြစ်တယ်။ ပြည်သူလူထုရဲ့အားဟာ အလွန်ကြီးမားပါတယ်လို့ မတ်လ ၄ ရက်၊ တနင်္ဂနွေနေ့မှာ ပြုလုပ်တဲ့ စစ်ကိုင်းမြို့ လူထုဟောပြောပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။စစ်ကိုင်းမြို့ ဧရာဝတီ သဲသောင်ပြင်မှာ ပြုလုပ်တဲ့ စစ်ကိုင်းမြို့ လူထုဟောပြောပွဲကို ဒေသခံပြည်သူ တသိန်းခွဲလောက် တက်ရောက် နားထောင်ခဲ့ကြပြီး၊ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မိနစ်နှစ်ဆယ်ကြာ မိန့်ခွန်း ပြောကြားခဲ့တဲ့အကြောင်း အဖွဲ့ချုပ် အတွင်းရေးမှူး အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။
ပြည်သူလူထုရဲ့အား ဆိုတာကို သူ့ရဲ့ အခုမန္တလေးနဲ့ စစ်ကိုင်းခရီးစဉ်အတွင်း ဒေသခံ လူထုကြိုဆိုပုံနဲ့ ဥပမာပေးပြီး ပြောကြားသွားတာ ကို လည်း ဦးအုန်းကြိုင်က ခုလို ပြောပြပါတယ်။
“မှတ်သားစရာ ဥပမာလေးတခုကို သူပြောတယ်။ လမ်းမှာ သူလာတဲ့အခါ လူတွေက ကားပေါ်ကနေ လက်ပြပြီး နှုတ်ဆက်ရုံနဲ့ လူတွေက မကျေနပ်ဘူး။ ပန်းစည်းတွေ ပန်းကုန်းတွေနဲ့ ကြိုကြတယ်။ အမျိုးသားတွေရော အမျိုးသမီးတွေပါ ပါတယ်တဲ့။ သူကတော့ သူ့ကို လက်ဆွဲ နှုတ်ဆက်တဲ့သူကို မငြင်းချင်တာနဲ့ လက်ဆွဲနှုတ်ဆက်တာတွေ လုပ်တယ်တဲ့။ အမျိုးသားတွေက အလွန်ညင်သာတယ်တဲ့၊ အ မျိုးသမီးတွေ ကတော့ တခါတည်း ဆုပ်ကိုင်ထားတတ်တယ်တဲ့။ ဒါက ဘာကို ပြောချင်တာလဲဆိုတော့ အမျိုးသားတွေက သူတို့ အားရှိမှန်း သူတို့ သိ တယ်တဲ့။ အားရှိမှန်းသိတော့ သူတို့အားကို သိပ်မသုံးဘူးတဲ့။ သိပ်မသုံးတဲ့အခါကျတော့ သိမ်သိမ်မွေ့မွေ့လေးပဲ လုပ်တယ်။ အမျိုးသမီးတွေကတော့ အားမရှိဘူးဆိုတဲ့ အသိနဲ့ ကိုင်မိပြီဆိုရင် အားပြုမိတယ်တဲ့။ နှုတ်ဆက်တဲ့သူရော သူရော အန္တရာယ် ရောက်သွားနိုင်တယ်ပေါ့။ ကားပေါ်ကနေ နှုတ်ဆက်ရတာကိုး။ အဲဒီလိုပဲ ပြည်သူလူထုမှာလည်း အားမရှိဘူး မထင်နဲ့တဲ့ ပြည်သူလူထုအားက အရမ်းကြီးမားတယ် တဲ့။ အဲဒါကို အားဖြစ်အောင် တကယ်လက်တွေ့ လုပ်နိုင်အောင် သွားဖို့ပဲ ဖြစ်တယ်တဲ့။”
မတ်လ ၃ ရက်က မန္တလေးလူထု ဟောပြောပွဲမှာ သူကျန်းမာရေးမကောင်းလို့ မြို့လူထုကို အားနာတဲ့အကြောင်းနဲ့ ဒီနေ့မှာတော့ သူ့ကျန်းမာရေးကောင်းနေပြီ လို့လည်း ဒေါ်အောင်ဆန်းစုကြည်က စစ်ကိုင်းလူထုကို ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဧပြီတရက်မှာ မဲပေးကြဖို့ တိုက် တွန်းသွားတယ်လို့လည်း သိရပါတယ်။
အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မတ်လ ၄ ရက် မနက်ပိုင်းမှာ မနလေးမြို့က သက်တော်ရှည် ရွှေကျင်သာသနာပိုင်ဆရာတော်ကြီးနဲ့ အမရပူရ၊ မဟာဂန္ဓာရုံကျောင်းတိုက် ဆရာတော်ကြီးတို့ကိုလည်း သွားရောက် ဖူးမျှော်ကြည်ညိုပြီး ကန်တော့ခဲ့ပါတယ်။
မန္တလေးမြို့ကနေ စစ်ကိုင်းမြို့အသွား လမ်းတလျှောက်မှာလည်း ဒေသခံပြည်သူ သောင်းနဲ့ချီပြီး လိုက်လံနှုတ်ဆက် ကြိုဆိုခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကိုင်းမြို့က အပြန်မှာတော့ မန္တလေး ဈေးချိုတော်ဘက် ကားနဲ့လှည့်ပြီး ဈေးချိုတော် မိသားစုကို နှုတ် ဆက်ခဲ့ပါသေးတယ်။
ညနေပိုင်းမှာတော့ မန္တလေးတောင်ဟိုတယ်မှာ အနားယူခဲ့ပါတယ်။ မတ်လ ၅ ရက်၊ တနင်္လာနေ့မှာတော့ နွားထိုးကြီး၊ မိတ္ထီလာနဲ့ နေပြည်တော်တို့ကို ပါတီစည်းရုံးရေးခရီးစဉ်အဖြစ် ဆက်လက် သွားရောက်မှာ ဖြစ်ပါတယ်။
No comments:
Post a Comment