Monday, March 19, 2012

ကြားဖြတ်ရွေးကောက်ပွဲ ဘာလဲ ဘယ်လဲ

ဧရာဝတီ

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ရင်ကြားစေ့ရေး ရှေးရှုသော ပူးပေါင်း ဆောင်ရွက်မှုများ ရရှိလာ သည့် နေပြည်တော် အစိုးရသည်၂၀၀၈ အခြေခံ ဥပဒေအရ ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ ရွေးကောက်ခံ အမတ်များ အဖြစ်မှ အလို အလျှောက် နုတ်ထွက်ရသဖြင့် လစ်လပ်သွားသော မဲဆန္ဒနယ် ၄၈ နယ်အတွက် ကြားဖြတ် ရွေးကောက်ပွဲကို ဧပြီလ ၁ ရက်နေ့တွင် ကျင်း ပပေတော့မည်။

ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးများနှင့် ပြည်နယ်များ၏ လွှတ်တော်များတွင် စုစုပေါင်း ၁၁၅၈ နေရာရှိရာ လစ်လပ်နေသော အ မျိုးသားလွှတ်တော်အတွက် ၆ နေရာ၊ ပြည်သူ့လွှတ်တော်အတွက် နေရာ ၄၀၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် ၂ နေရာတို့၌ ဒေါ် အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေးပါတီ ၁၇ ပါတီမှ ၁၆၈ ဦး၊ တသီးပုဂ္ဂလ ၈ ဦး စုစုပေါင်း ၁၇၆ ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

နေပြည်တော်အစိုးရက ရွေးကောက်ပွဲ တရားမျှတစေမည်ဟု အာမခံနေသော်လည်း မသန့်ရှင်းသော ၂၀၁၀ ရွေးကောက်ပွဲ အတွေ့အကြုံ များကြောင့် ယခု ကြားဖြတ်ရွေးကောက်ပွဲကို မိမိတို့ ဧရာဝတီသတင်းဌာန အပါအဝင် စောင့်ကြည့်လေ့လာသူများက သံသယကြီး နေကြ သည်။ NLD ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေး ခရီးစဉ်များအတွင်း လူထုစုဝေးရန် အားကစားကွင်းများ ငှားရမ်းသည်ကို အနှောင့်အယှက်ပေးရန် ရည်ရွယ်၍ တမင် မငှားဟု ကြေညာကန့်ကွက်ခဲ့သည်။ တရားဝင်ထုတ်ပြန်ထားသော မဲဆန္ဒရှင် စာရင်း များတွင် လည်း နာမည်စာရင်းများ ထပ်နေခြင်း၊ သေဆုံးပြီးသူများ နာမည်များ ပါဝင်နေခြင်းများကဲ့သို့ အလွဲများရှိနေသည်ဟု ပြောဆိုနေသည်။ ဒေသတွင်းနှင့် နိုင်ငံတကာမှ ရွေးကောက်ပွဲစောင့်ကြည့်သူများကို မည်သို့ခွင့်ပြုမည်ဆိုသည်မှာလည်း သေချာရှင်းလင်းမှု မရှိသေးပေ။

ယင်းရှေ့ပြေးဖြစ်စဉ်များက ရွေးကောက်ပွဲသည် လွတ်လပ်မျှတပြီး သန့်ရှင်းမည်ဟု ယူဆ၍ မရဟု ပြဆိုနေသည်။ မည်သို့ဆိုစေ ဒေါ် အောင်ဆန်းစုကြည်၏ စည်းရုံးရေးခရီးစဉ်တိုင်းတွင် တွေ့နေရသည့် လူထုအင်အားကို ကြည့်ခြင်းဖြင့် လွတ်လပ်မျှတပြီး သန့်ရှင်းသော ရွေးကောက်ပွဲဖြစ်ပါက NLD ကိုယ်စားလှယ်များ အနိုင်ရနိုင်မည်ဟု ခန့်မှန်းရသည်။ သို့ရာတွင် မဲဆန္ဒနယ် ၄၈ နေရာလုံး အနိုင်ရသည့်တိုင် စစ်အစိုးရလက်ထက် တဖက်သတ် ရေးဆွဲပြဌာန်းခဲ့သော အခြေခံဥပဒေကို ပြင်မည်ဟု ကြွေးကြော်ထားသည့် ဒေါ်အောင်ဆန်း စုကြည် နှင့် NLD က လွှတ်တော်များနှင့် အစိုးရအပေါ် ဩဇာလွှမ်းနိုင်ရန် များစွာအခက်အခဲ ရှိသည်။

အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးများနှင့် ပြည်နယ်များ၏ လွှတ်တော်များ၏ ၂၅ ရာခိုင်နှုန်းကို ကာကွယ်ရေး ဦး စီးချုပ်က ခန့်ထားသော တပ်မတော်ကိုယ်စားလှယ်များက ချုပ်ကိုင်ထားပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် မသန့်ရှင်းသောနည်းများဖြင့် အ နိုင်ရလာခဲ့သော စစ်ဗိုလ်ချုပ်ဟောင်းများ ဦးစီးသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ကိုယ်စားလှယ်များက ပြည်သူ့လွှတ်တော်တွင် ၇၉ ရာခိုင်နှုန်း၊ အမျိုးသားလွှတ်တော်တွင် ၇၇ ရာခိုင်နှုန်း၊ တိုင်းဒေသကြီးများနှင့် ပြည်နယ်များ၏ လွှတ်တော်များ တွင် ၇၅ ရာခိုင်နှုန်း လွှမ်းမိုးထားသည်။ အခြေခံဥပဒေအရ လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း၏ ထောက်ခံမှုရမှ ဥပဒေ ပြုပြင်ပြ ဌာန်း မှုများကို ပြုလုပ်နိုင်မည်ဖြစ်သည်။

ဥပဒေကြမ်းများကို လွှတ်တော်များတွင် ဆွေးနွေးကန့်ကွက်မှုများ ပြုလုပ်လာနိုင်နေသော်လည်း သမ္မတက တင်ပြလာသော အစိုးရ၏ ဘတ်ဂျက်ကို ပယ်ချခြင်း၊ သမ္မတက ခန့်အပ်တာဝန်ပေးအပ်မှုများကို တားဆီးခြင်းတို့ လွှတ်တော်များက ပြုလုပ်၍မရဟု အခြေခံ ဥပဒေ က ပြဌာန်းထားသည်။ ဦးသိန်းစိန်ဦးဆောင်သည့် အစိုးရအဖွဲ့ဝင်များ လွှတ်တော် ကိုယ်စားလှယ်များမှ ပျက်ပြယ်ပြီးဖြစ်သော်လည်း ကြံ့ ခိုင် ရေးပါတီ ဝင်များအဖြစ် ဆက်လက် ရပ်တည်နေသေးသည့်အပြင် သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်တို့ ဦးစီးပါဝင်သော အဖွဲ့ဝင် ၁၁ ဦးဖြင့် ဖွဲ့ထားသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက အရေးကြီးသည့် ဆုံးဖြတ်ချက်များကို ချမှတ်ရာနေရာ ဖြစ်သော ကြောင့် NLD ၏ ဥပဒေပြုရေးနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဩဇာလွှမ်းနိုင်ရေး ကြိုးပမ်းချက်မှန်သမျှ မြင်းမိုရ်တောင်တက်ရသကဲ့သို့ ဖြစ်မည်မှာ မြေကြီးလက်ခတ်မလွဲပေ။

ဤသို့ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD တို့ ၂၀၀၈ အခြေခံဥပဒေကို အတည်ပြုရာရောက်သည့် ရွေးကောက်ပွဲဝင်ခြင်းကို အဘယ် ကြောင့်ပြုရသနည်း။ အောက်တန်းနောက်တန်း ကျလွန်းနေသော မြန်မာနိုင်ငံကို ဆင်းရဲတွင်းမှ ဆွဲတင်နိုင်ရန်ဟူသော စိတ်စေတနာ ကောင်းအား စစ်အာဏာပိုင်များကို ခိုင်ခိုင်မာမာ ပြသရန်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ယုံကြည်မှု တည်ဆောက်ရန် အ တွက် ရှေ့တိုးလုပ်ဆောင်ခြင်းဟုသာ ကောက်ချက်ချ ယူဆရပေတော့မည်။ ဆယ်စုနှစ် ၂ ခုကျော် ရင်းနှီးစွန့်လွှတ်မှုများနှင့် တိုင်းပြည် ကောင်းကျိုး ရှေ့ရှုသောကြိုးပမ်းချက်များ သဲထဲရေသွန် မဖြစ်သည်ကို လတ်တလော ပွင့်လင်းလာသော နိုင်ငံရေးတိုးတက်မှုများနှင့် စီး ပွားရေး ပြန်လည်ဦးမော့လာနိုင်မည့် အလားအလာများက သက်သေပြနေသည် မဟုတ်ပါလော။

No comments:

Post a Comment