Wednesday, March 28, 2012

စစ်ပြေးချိန်

ပက်ထရစ်ဘိုးလား


နွမ်းနယ်နေသော အငေးများနှင့် မ၀ံ့မရဲအပြုံးတို့ကို မရန်တူးရင်၏ မျက်နှာပေါ်တွင် အထင်သား မြင်တွေ့နေရသည်။ ကျနော် သူ့ကို တွေ့ခဲ့ရသည့် ကချင်ပြည်နယ်လိုင်ဇာဒေသမှာ သူ မနေလိုသော နေရာတခုဖြစ်သည်။

အသက် ၅၄ နှစ်အရွယ် မရန်တူးရင်သည် ယမန်နှစ် ဇွန်လက တကျော့ပြန် သေနတ်ပေါက်ခဲ့သော မြန်မာပြည် အရှေ့မြောက်ဘက် က ချင်ပြည်နယ် တိုက်ခိုက်မှု၏ မြေစာပင်ဖြစ်ခဲ့ရသူ စစ်ပြေး အိမ်ယာမဲ့ အရပ်သားပြည်သူများအနက်မှ တဦးဖြစ်သည်။

တိုက်ပွဲများ ဖြစ်ချိန်မှစ၍ မြန်မာ့တပ်မတော်သည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ၎င်း၏ နိုင်ငံရေးလက်တံ ကချင် လွတ်လပ် ရေး အဖွဲ့ (KIO) ၏ ထိန်းချုပ်ဒေသများကို လျှော့ချခဲ့သည်။ နှစ်ဖက်တိုက်ခိုက်မှုများက ရှေ့မတိုးနောက်မဆုတ် အခြေအနေသို့ ရောက်ရှိခဲ့ သည်။ နှစ်ဖက်စလုံးက နိုင်ငံရေးအရ သဘောတူညီချက်နှင့် အပစ်အခတ်ရပ်စဲရေးအတွက် အားထုတ်နေကြောင်း ပြောဆိုကြသော်လည်း ဆယ်စုနှစ်များစွာကြာ အခြေတည်ခဲ့သော မယုံကြည်မှုများကြောင့် တွေ့ဆုံဆွေးနွေးမှုများသည်လည်း အရာမထင် ဖြစ်နေခဲ့သည်။

ပြီးခဲ့သည့် ဆောင်းဦးပေါက်တွင် ဇာတိမြေ ဂျပူးကျေးရွာကို မရမ်တူးရင် စွန့်ခွာခဲ့ရသည်။ တရုတ်နယ်စပ် စည်းတည့်တည့်ပေါ် တည်ထား သော KIO ၏ ကွပ်ကဲရေးမြို့တော် လိုင်ဇာမြို့အပြင်ဘက်ရှိ ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည် (IDP) စခန်းတခုတွင် ယခုအချိန်အထိ ခိုလှုံ နေရသည်။

“ကျနော် အိမ်အရမ်းပြန်ချင်နေပြီ။ ဒါပေမယ့် ပြန်မရဘူး။ ဘာမှလည်း မတတ်နိုင်ဘူး” ဟု မရမ်တူရင်းက ငြီးတွား ပြောဆိုသည်။

ဒုက္ခသည်စခန်းတွင် သူ လေးလကြာခဲ့ပြီဖြစ်သည်။ စစ်ပွဲများကို ရှောင်ရင်း ပုန်းရင်း ၃ လအကြာ လိုင်ဇာသို့ မရန်တူးရင် ရောက်လာပြီး ဒု က္ခသည်များ ခိုလှုံရန် ဖန်တီးပေးခဲ့သော စခန်းအတွင်းရှိ ဂိုထောင်ကြီးသို့ သူရောက်ခဲ့အချိန်မှာ သုံးလကြာခရီး တင်းတင်းပြည့်ပြီလည်း ဖြစ်သည်။

“ကျနော့်ရွာကပဲ မိသားစု ၁၂ စု ဒီမှာ ရှိပါတယ်” ဟု သူက ပြောသည်။ သူ့မိသားစုဝင်များမှာမူ လက်ရှိစခန်း၊ လိုင်ဇာရှိ နောက်ထပ် စခန်း တခုနှင့် မြစ်ကြီးနားရှိ ဒုက္ခသည်စခန်းများသို့ ပြန့်ကြဲရောက်ရှိနေကြသည်ဟု ရှင်းပြခဲ့သည်။

KIO ထံမှ သိရသော အချက်အလက်များအရ ရွာပေါင်း ၄၀ မှ ပြည်သူ ၂၆၃၁ ဦးသည် လောလောဆယ် ဝေခြယန်း ခေါ်သည့် ယခု စစ် ပြေးဒုက္ခသည်စခန်းတွင် နေထိုင်နေကြကြောင်း သိရသည်။ တချို့က ၀ါးတဲများဆောက်နေကြပြီး တချို့ကမူ KIO က ထောက်ပံ့ ပေး သော ဂိုထောင်အတွင်း ၂ မီတာပတ်လည် အခန်းတွဲများတွင် နေထိုင်ကြသည်။ အများစုက အ၀တ်နှင့်ကာရံ၍ နေထိုင်ကြသည်။ ည ဘက်တွင် ဖျာပေါ်၌ အိပ်ရသည်။ ပိုင်ဆိုင်သမျှ အများစုကို ရွာတွင်သာ ချန်ထားရစ်ခဲ့ရသည်။

“တချို့တွေက ရွာထဲခိုးပြန်ပြီး ပြန်ရောင်းစားဖို့ပဲဖြစ်ဖြစ် စားဖို့ပဲ ဖြစ်ဖြစ် ကြက်ကလေး၊ ၀က်ကလေး ပြန်သယ်ကြတယ်။ ကျနော်တို့ပေး နိုင် တာက ဆန်ပဲ။ ဒါတောင် အလုံအလောက် မဟုတ်ဘူးလေ” ဟု KIA အရာရှိ တဦးဖြစ်သူ ဒုဗိုလ် ဂန်ဒူအောင်က ပြောသည်။

KIO ၏ နိုင်ငံတွင်း အိုးအိမ်မဲ့ ဒုက္ခသည်ပြည်သူများ ကူညီကယ်ဆယ်ရေး ကော်မတီ (IRRC) က မတ်လ ၄ ရက်နေ့တွင် ထုတ်ပြန်သော ကိန်းဂဏန်းများအရ လူဦးရေ ၄၅၆၇၈ ထက်မနည်းသော စစ်ပြေးလူထုသည် တရုတ်နိုင်ငံအတွင်းရှိ စခန်းများ၊ KIO ထိန်းချုပ်ရာ ဒေသ အတွင်းရှိ စခန်းများနှင့် အစိုးရထိန်းချုပ်ရာ ဒေသအတွင်းရှိ စခန်းများတွင် ခိုလှုံနေကြသည်ဟု သိရသည်။ အဆိုပါ စစ်ပြေး ဒုက္ခသည် များအနက် ထက်ဝက်ကျော်သည် လိုင်ဇာမြို့နှင့် မြို့အပြင်ဘက်တွင် ခိုလှုံနေကြသည်။

စစ်ပြေးဒုက္ခသည်များအနက်မှ ၅၀၀၀ ကျော်သည် အသက် ၅ နှစ်အောက် ကလေးများဖြစ်ကြသည်။

“UNHCR (ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး) က ဒုက္ခသည်ဦးရေကို ပိုပြောတယ်ဆိုပြီး ကျနော်တို့ကို ဝေဖန်ဖူးတယ်။ အဲဒီအချိန်တုန်းက ကျနော်တို့က ဘာကိန်းဂဏန်းကိုမှ မထုတ်လွှင့်ရသေးဘူး” ဟု အသက် ၄၁ နှစ်အရွယ် ကချင်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ တာဝန်ခံလည်း ဖြစ်၊ လိုင်ဇာအခြေပြု ဒုက္ခသည်များ ကယ်ဆယ်ရေးလုပ်ငန်းကွန်ရက် (RANIR) ညှိနှိုင်း ဆောင်ရွက်ရေးမှူးလည်းဖြစ်သူ လာရစ်က ပြောသည်။

“တခါတလေ ကိန်းဂဏန်းက လိုတာ ပိုတာတွေ ရှိတတ်တယ်။ အဲဒီလိုဖြစ်သွားရင် နိုင်ငံရေးသမားတွေနဲ့ အလှူရှင်တွေအကြားမှာ ရှုပ် ထွေး မှု တွေ ရှိသွားတတ်တယ်” ဟု RANIR မှ ကရန်အောင်ကလည်း ပြောသည်။

လာရစ်၏ ရုံးခန်းမှ မီတာအနည်းငယ် အကွာအဝေးတွင် တရုတ်နယ်စပ် ရှိသည်။ လွန်ခဲ့သော လများအတွင်း တရုတ်အရာရှိများနှင့် တရုတ်သတင်းဌာနများက ၎င်းတို့နယ်စပ်တဖက်ခြမ်းတွင် ဒုက္ခသည်များ ရှိနေသည်ကို အမြဲတစေ ငြင်းဆန်ခဲ့သည်။ တရုတ်သတင်း ထောက် များက စစ်ပွဲများအကြောင်း သတင်းပေးပို့သည်။ သို့သော် တရုတ်နိုင်ငံဘက်ခြမ်းတွင် ဒုက္ခသည်များ ရှိနေခြင်းကိုမူ သတင်းပေးပို့ချက် တွင် ငြင်းဆိုထားသည်။

နယ်စပ်နှစ်ဘက်စလုံးတွင် နေထိုင်နေကြသည့် ကချင်ပြည်သူများသည် ဆွေမျိုးသားချင်းများထံသို့ လွတ်လပ်စွာ သွားလာ နိုင်ကြသည့် အပြင် စီးပွားရေးလုပ်ငန်းများကိုလည်း အကြောင့်အကြမရှိ လုပ်နိုင်သဖြင့် ဒုက္ခသည်များမဟုတ်ဟု တရုတ်ဗဟိုရုပ်မြင်သံကြားဌာန၏ တွေ့ဆုံမေးမြန်းခန်းတခုတွင် ဒေသခံတဦးက ပြောသွားခဲ့သည်။

ဖေဖော်ဝါရီလ အစောပိုင်းက ဘေဂျင်းမြို့တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့် ရှိသူ လျူ ၀ီမင်းကလည်း “ဒီလူတွေက ဒုက္ခသည်တွေ မဟုတ်ပါဘူး” ဟု ပြောဆိုခဲ့သည်။

ကိန်းဂဏန်းများအရ ဒုက္ခသည်ပေါင်း ၇၂၂၃ ဦး တဘက်နယ်စပ် တရုတ်မြေပေါ်တွင် နေထိုင်နေကြသော်လည်း တရုတ်အစိုးရက အ ဘယ့်ကြောင့် ဒုက္ခသည်များ တည်ရှိမှုကို ငြင်းဆိုရသနည်းဟု မေးမြန်းခဲ့ရာ လာရစ်က “အခုဖြစ်နေတာတွေ သိပ်မကြာခင် အချိန်တို အ တွင်း ပြီးသွားလိမ့်မယ်လို့ သူတို့ထင်ကောင်းထင်နိုင်တယ်။ ဒီလူတွေဟာ ဒုက္ခသည်တွေပါလို့ သူတို့ပြောရင် ဒုက္ခသည်အဆင့်နဲ့အညီ သတ် မှတ်ပေးရမယ်ဆိုတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေကိုလည်း ဒီကိစ္စမှာ ၀င်မပါစေချင်ဘူး” ဟု ဆိုသည်။

“အဲဒါကြောင့်ပဲ ငြိမ်းချမ်းရေးစကားဝိုင်းတွေကို သူတို့အကူအညီပေးနေတာ ဖြစ်မယ်လို့ ကျနော်ထင်တယ်။ သူတို့တွေက ဒီကိစ္စကို ကိုယ့် ဒေသတွင်းမှာပဲ ဖုံးဖုံးဖိဖိ ဖြစ်စေချင်တယ်။ တအားကြီး ကျယ်ပြန့်သွားတာ၊ ကြီးသွားတာမျိုး မဖြစ်စေချင်ကြဘူး” ဟုလည်း ပြောသည်။

ယမန်နှစ် ဒီဇင်ဘာလတုန်းက တခုတည်းသော ကုလသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့က လိုင်ဇာအနီး စခန်းများဆီသို့ အခြေခံ အိမ်ထောင် သုံး ပစ္စည်းများနှင့် အိမ်ဆောက်ပစ္စည်းများ ယူလာခဲ့သည်။ လတ်တလောတွင်မူ ဒုက္ခသည်များစခန်းများတွင် တရုတ်နိုင်ငံမှဖြစ်စေ၊ တခြား တိုင်းပြည်များမှဖြစ်စေ မည်သည့်နိုင်ငံတကာ အကူအညီမှ မလာရောက်ဟု လာရစ်က ပြောသည်။

KIO ထိန်းချုပ်ဒေသများအတွင်းရှိ စစ်ပြေး ဒုက္ခသည်များအတွက် လူသားချင်းစာနာသော အကူအညီများပေးရန် ၀င်ရောက်ခွင့်ကို မြန် မာအစိုးရနှင့် သဘောတူညီချက်ရထားပြီး ဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဗီဂျေ နမ်ဗီယားက ဖေဖော် ၀ါရီလတွင် ပြောဆိုခဲ့သည်။ သို့သော် အခြေအနေက ပိုထူးမလာပေ။

အစားအစာ မလုံလောက်ရခြင်းသည် တရုတ်နိုင်ငံဘက်ခြမ်းမှ တင်းကျပ်သော ပြည်ပပို့ကုန် ဥပဒေကြောင့်လည်းဖြစ်သည်ဟု လာရစ် ပြောသည်။

“KIO ထိန်းချုပ်ဒေသထဲမှာရှိတဲ့ စခန်းတွေဆီကို တရုတ်နိုင်ငံကနေ နယ်စပ်ကိုကျော်ပြီး အစားအစာတွေ တရားဝင်ယူသွင်းလို့ မရပါဘူး။ ဆေးဝါးအလုံအလောက် ထောက်ပံ့ပေးဖို့ကလည်း စိန်ခေါ်ချက်တခုပဲ။ ကျနော်တို့ကို အများကြီး ပေးမသွင်းဘူး။ သို့သော်လည်း စခန်း ထဲကို ရောက်အောင်တော့ ရှာကြံလုပ်ရတာပဲ” ဟု လာရစ်က ဆိုသည်။

စစ်ပြေးတို့၏ ဒုက္ခကား မသေးလှ။ ဒုက္ခသည်စခန်းတွင်းမှ တရုတ်နိုင်ငံသို့ လူကုန်ကူးမှု ၉ မှုဖြစ်သေးကြောင်း သိရသည်ဟုလည်း လာ ရစ်က ပြောဆိုသည်။

“တရုတ်နိုင်ငံထဲ ဘယ်လိုပုံစံမျိုးနဲ့ ရောင်းစားခံရတယ် ဆိုတာတော့ မသိဘူး။ တခါတလေ ဒေသခံတွေပါသလို၊ တခါတလေ မိဘတွေ ကိုယ်တိုင် ပါဝင်ပတ်သက်နေတယ်” ဟု သူက ပြောသည်။

စစ်ပွဲများက KIO ၏ ပညာသင်ကြားရေး လုပ်ငန်းအပေါ်ကိုလည်း အကန့်အသတ်ဖြစ်စေခဲ့သည်။ လိုင်ဇာမြို့တွင်ရှိသော ကျောင်းသုံး ကျောင်းအနက် အထက်တန်းကျောင်းတွင် အသစ်ရောက်လာသော ရာနှင့်ချီသော ကျောင်းသားသစ်များကို လက်ခံပေးနိုင်ရန် စာသင် ချိန်အချိန်ဇယား ပြောင်းခဲ့ရသည်။

“စစ်ပြေးတဲ့ ရွာတွေက ကလေးတွေ ပါလာကြတော့ ကျနော်တို့ စာသင်ချိန် ပြောင်းခဲ့ရတယ်” ဟု ဗဟိုပညာရေးဌာန အတွင်းရေးမှူး ယောင် ဆူက ပြောသည်။ ဒေသခံကလေးများ စာသင်ချိန်ကို မနက် ၆ နာရီစပြီး ၁၂ နာခွဲတွင် အဆုံးသတ်သည်။ ဒုက္ခသည် ကျောင်း သားသစ်များအတွက် နေ့ခင်း ၁ နာရီတွင် စာသင်ချိန်စပြီး ၅ နာရီခွဲတွင် အဆုံးသတ်သည်။

“စာသိပ်တော်တဲ့ ကျောင်းသားသစ်တွေကို ဒေသခံကလေးတွေသင်တဲ့ စာသင်ခန်းတွေဆီကို ပြောင်းပေးပါတယ်” ဟု ယောင်ဆူက ပြော သည်။

စစ်ပြေးဒုက္ခသည်များနှင့်အတူ ကျောင်းဆရာ၊ ဆရာမများလည်း ပါလာခဲ့ရာ အသက် ၃၆ နှစ်အရွယ် ခွန်ဆန်လည်း တဦးအပါအ၀င်ဖြစ် သည်။ မြစ်ဆုံသားတဦးဖြစ်ပြီး ဘန်ဒွန်းကျေးရွာတွင် ကျောင်းဆရာတဦးအဖြစ် ပညာဒါန သင်ပေးခဲ့သူဖြစ်သည်။

“တိုက်ပွဲတွေစတာနဲ့ ကျနော်လည်း ဒီကိုရောက်လာခဲ့တာပဲ” ဟု သူက ပြောဆိုခဲ့သည်။

ခွန်ဆန်သည် ဂျာယန်းဒုက္ခသည်စခန်းရှိ ယာယီစာသင်ကျောင်းတွင် ကျောင်းအုပ်တဦးအဖြစ် အမှုထမ်းနေသည်။ တဲ ၁၂ လုံးတွင် ယာယီ မြေစိုက်စားပွဲ၊ ကုလားထိုင်တို့နှင့် စာသင်ခန်းဖွဲ့ထားပြီး ဆရာ၊ ဆရာမ ၃၂ ဦးက ကလေး ၁၀၆၃ ဦးကို စာသင်ကြားပေးသည်။ ၇ တန်း အောင် သော ကလေးတချို့ကို လိုင်ဇာ အထက်တန်းကျောင်းတွင် ပညာဆက်သင်ကြားခွင့်ပေးသည်။

“နောက်နှစ်မှာ ၈ တန်း၊ ၉ တန်းအထိ တိုးချဲ့သင်ကြားပေးဖို့ ကျနော်တို့ ပြင်ဆင်နေပါတယ်” ဟု သူက ပြောပြသည်။

ဝင်လာသော လူသစ်များအတွက် အကောင်းဆုံး ၀န်ဆောင်မှုပေးနိုင်ရန်အတွက် လိုင်ဇာ ဆေးရုံအနေနှင်လည်း အားထုတ် လုပ်ဆောင် နေရသည်။ ဆေးရုံသို့ လူနာအသစ် မည်မျှလာရောက်သနည်းဟု မေးသောအခါ လိုင်ဇာဆေးရုံအုပ် ဗိုလ်မှူး ပရမ်မိုင်က အားယူ ပြုံးပြခြင်း ဖြင့်သာ တုံ့ပြန်သည်။ အခန်းကျဉ်းမျှသာရှိသည့် ယာယီဆေးပေးခန်းတခုကို ဝေခြယန်းစခန်းတွင်လည်း တည်ထောင်ခဲ့ရသည်ဟု သူက ပြောသည်။ ဒုက္ခသည်စခန်းတွင် ကုသ၍မရသော ရောဂါအသည်းအသန် လူနာများကို သူ့ဆေးရုံတွင် လက်ခံကုသပေးကြောင်းလည်း ဆိုသည်။

ဆေးရုံပေါ်တွင် နမ်ဆမ်ကျေးရွာမှ အသက် ၅၃ နှစ်အရွယ် ကောအော်သည်လည်း ဝေဒနာအသည်းအသန် ခံစားနေသူတဦးဖြစ်သည်။ သူမသည် HIV/AIDS ဝေဒနာ ခံစားနေပြီး ဗိုလ်မှူးပ ရမ်မိုင် ဆေးရုံတွင် နောက်ဆုံးရက်များကို ကုန်ဆုံးနေရသူ ဖြစ်သည်။ အိပ်ယာ ထက် တွင် လဲလျောင်းရင်း အရိုးပေါ် အရေတင်ရုံ သူမ၏ မျက်ဝန်းထဲ ခြောက်ခြားဖွယ် ကြေကွဲခြင်းကို မြင်တွေ့နေရသည်။

တိုက်ပွဲများမဖြစ်ခင် သူ့ကျေးရွာတွင် ကျောင်းဆရာမအဖြစ် အသက်ဝမ်းကြောင်းပြုခဲ့သူဟု အသက် ၂၀ အရွယ် သားဖြစ်သူ ပရမ်အော်က ပြောပြသည်။ ယမန်နှစ် ဇွန်လတွင် သားနှင့်သမီး လက်ကိုဆွဲ၍ ထွက်ခွာလာပြီး လိုင်ဇာရှိ မန်နုဝမ်စခန်းတွင် လာရောက်ခိုလှုံခဲ့သည်။ ပြီးခဲ့ သည့် ၆ ရက်ခန့်ကမှ ကောအော်အား ဆေးရုံသို့ ခေါ်လာခဲ့ခြင်းဖြစ်သည်။

အခန်းထဲတွင် တခြား အသက်လုနေသော HIV/AIDS ဝေဒနာရှင်နှစ်ဦးကိုပါ တွေ့ခဲ့ရသည်။ ကုတင် ၁၀၀ ဆန့် ဆေးရုံသည် အခြေခံ အ ထောက်အကူပြုပစ္စည်းများရရှိရေး အားထုတ်နေရသည်။ ရန်ကုန်အခြေစိုက် ဂျပန်သံရုံးက နှစ်အတော်ကြာကတည်းက လှူဒါန်းခဲ့သော ပစ္စည်းများဖြင့် ကျားကန်ထားရသည်။ ဆေးဝါးကိုမူ များသောအားဖြင့် တရုတ်နိုင်ငံဘက်မှ သွင်းယူရသည်။

ဆေးရုံမှ ငါးမိနစ်ခန့် ကားမောင်းလာသည့်အခါ ထိန်းသိမ်းထားသည့် နောက်ထပ် စစ်ပြေးဒုက္ခသည်တဦးကို တွေ့ရသည်။ ကလေးငယ်ကို ပွေ့ချီထားပြီး ဖျာပေါ်တွင်ထိုင်နေသော အသက် ၃၄ နှစ်အရွယ် သားသည်မိခင် ဆန်ဘူအား မူးယစ်ဆေးဆွဲသူများ ပြန်လည်ပြုစု ပျိုး ထောင် ရေး ဌာနတွင် ကုသမှုခံယူနေသော တခြား ဆေးစွဲသူများနှင့်အတူ တွေ့ရသည်။

၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် နမ်ဆမ်ကျေးရွာကို ထွက်ခွာခဲ့ပြီး ဝေခြယန်းစခန်းတွင် လွန်ခဲ့သည့် နှစ်ပတ်အထိ သူ နေထိုင်ခဲ့သည်။ မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် ဖမ်းဆီးခံခဲ့ရကြောင်း၊ လွန်ခဲ့သည့်လမှစ၍ ဘိန်းစတင်သုံးစွဲခဲ့ကြောင်း ဆန်ဘူက စာရေးသူကို ပြောပြသည်။

“ဗိုက်နာတာကို ပျောက်ဖို့ ဘိန်းစားရင်းနဲ့ ကျမ အရမ်းကြိုက်သွားတယ်။ နောက်တော့ တရုတ်ဘက်ခြမ်းကနေ တထုပ် ယွမ် ၂၀ (အမေရိ ကန်ဒေါ်လာ ၃ ဒေါ်လာ) နဲ့ ၀ယ်ခဲ့ပါတယ်” ဟု ဆိုသည်။

ဌာနတွင် မူးယစ်ဆေးဝါး သုံးစွဲခြင်း (သို့) ရောင်းချခြင်းကြောင့် ထိန်းသိမ်းခံနေရသူ ၁၂၈ ဦးအနက် ဆန်ဘူလည်း တဦးအပါအ၀င်ဖြစ် သည်။ ကျူးလွန်သူများသည် ခြောက်လအထိ ထိန်းသိမ်းခံရနိုင်ပြီး မူးယစ်ဆေးဝါးသုံးစွဲမှု ပမာဏကို တဖြည်းဖြည်း လျှော့ချသွားသည်ဟု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဌာန လက်ထောက်အတွင်းရေးမှူး ဂမ်ဘက ပြောဆိုသည်။

“အဖမ်းခံရသူ အများစုက ဒုက္ခသည်စခန်းတွေကပဲ” ဟု သူက ပြောသည်။ စခန်းများတွင် တချို့ဒုက္ခသည်များအား သန့်ရှင်းရေး လုပ် သားများအဖြစ် အလုပ်ခန့်ထားသည်ဟုလည်း သူကဆိုသည်။

“အလိုအပ်ဆုံးကတော့ အစားအစာနဲ့ နေရာထိုင်ခင်း၊ ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အာဟာရပါ” ဟု လာရစ်က ပြော သည်။

လွန်ခဲ့သော ခြောက်လအတွင်း ကြုံတွေ့နေရသည့် ညနေခင်းများကဲ့သို့ပင် ယနေ့ ညနေခင်းတွင်လည်း ထောင်ပေါင်းများစွာသော မိ သားစုများသည် လိုင်ဇာမြို့ဘေး ပတ်ဝန်းကျင်တွင် ယာယီတည်ဆောက်ထားသော စခန်းများတွင် ညစာအတွက် ဖြစ်သလို ချက်ပြုတ်ရန် ပြင်ဆင်နေကြသည်။ ဒုက္ခသည်စခန်းတွင်းက ထမင်းစားဝိုင်းက နေရပ်ရင်းရွာက အိမ်ထမင်းဝိုင်းကဲ့သို့ ပျော်စရာ မကောင်းဟု သူတို့တ တွေ တွေးနေကြမည်ထင်။

No comments:

Post a Comment