Wednesday, March 21, 2012

ကျောက်မီးသွေးသုံး စက်ရုံ လည်ပါက ပတ်ဝန်းကျင် နေထိုင်သူများ ပြောင်းရွှေ့မည်

အာကာ၊ ကောင်းဝါသတင်းဌာန


လျှပ်စစ်ဓါတ်အား ၈ မဂ္ဂါဝပ် ထုတ်လွှတ်မည့် ကော့သောင်းမြို့ရှိ ကျောက်မီးသွေး လောင်စာသုံး ဓါတ်အားပေး စက်ရုံ လည်ပတ်ခဲ့ပါက အိုး အိမ်စွန့်ကာ ပြောင်းရွှေ့ကြမည် ဖြစ်ကြောင်း စက်ရုံ ပတ်ဝန်းကျင်တွင် နေထိုင်သူများက ပြောသည်။

စက်ရုံကြောင့် ကျန်းမာရေး ထိခိုက်မည်ကို စိုးရိမ်သည့်အတွက် စက်ရုံအနီးရှိ အိမ်ခြေ ၅၀ ကျော်မှ မိသားစု ၆၀ ကျော် ရွှေ့ပြောင်းရန် ပြင် ဆင်နေကြကာ၊ စက်ရုံ မလည်ပတ်နိုင်အောင်လည်း ကန့်ကွက်သွားမည်ဟု ပြောသည်။

စက်ရုံအနီး အေးရိပ်ငြိမ် ရပ်ကွက်တွင် နေထိုင်သူတဦးက “ကျနော်တို့ နေတဲ့ ရပ်ကွက်က စက်ရုံနဲ့ သိပ်နီးတယ် ဆိုတော့ လူတိုင်းလိုလို ရောဂါ ဖြစ်မှာ အရမ်းကြောက်တာပေါ့နော်၊ စက်ရုံ လည်ရင်တော့ ကျနော်တို့ အားလုံး ဒီကနေ ပြောင်းကြမယ်” ဟု ပြောသည်။

စက်ရုံနှင့် ပေ ၆၀ ခန့် အကွာတွင် နေထိုင်သူ အခြားတဦးကလည်း “ကျောက်မီးသွေးနဲ့ ပတ်သက်ပြီး အရေပြား ယားယံတာတို့၊ အသက်ရှု ကျပ်တာတို့လောက်ပဲ ကျနော်တို့ သိတယ်။ အန္တရာယ် ရှိတယ် ဆိုတော့ ကျနော်တို့ ကြောက်တယ်၊ ဒါ့ကြောင့် စက်ရုံ မလည်နိုင် အောင် တော့ ကျနော်တို့ ကန့်ကွက်သွားမယ်” ဟု ပြောသည်။

ယခင် တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးခင်ဇော်လက်ထက်က ခွင့်ပြုချက် ရရှိပြီး၊ ‘သန်းဖြိုးသူ’ သတ္တုတူးဖေါ်ရေး လုပ်ငန်း ကုမ္ပဏီ လိမိ တက် မှ ထိုင်းမြန်မာလူမျိုး ဦးကျော်လွင် ပိုင်ဆိုင်သည့် ထိုစက်ရုံသည် မီးခိုးခေါင်းတိုင် ပေ ၄၀ ခန့်သာ မြင့်ပြီး၊ လူနေအိမ်နှင့် ပေ ၄၀ ကျော်သာ ကွာဝေးကာ မိုင်ဝက်ခန့်တွင် မြို့သုံး သောက်ရေကန် ရှိခြင်းကြောင့် မြို့ခံများက စိုးရိမ်ခြင်း ဖြစ်သည်။

စက်ရုံကို ၂ဝ၁၁ ခု နှစ်လယ်ခန့်တွင် စတင်တည်ဆောက်ခဲ့ရာ ၉၅ ရာနှုန်း ဆောက်လုပ်ပြီးစီးပြီ ဖြစ်ပြီး၊ ဧပြီလ ၁၀ ရက်နေ့တွင် စမ်းသပ် ကာ၊ ဇွန်လတွင် စတင် လည်ပတ်မည်ဟု ဒေသခံများက ပြောသည်။

စက်ရုံမှ ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို ဒေသခံများ သိရှိနားလည်ရန်အတွက် မတ်လ ၂၂ ရက်နေ့တွင် ဒေသခံများနှင့် ပူးပေါင်းပြီး လက်ကမ်းစာစောင် တသောင်းကို ကော့သောင်းမြို့အနှံ့ ဖြန့်ဝေသွားမည်ဟု ဒီမိုကရက်တစ် ပါတီ (မြန်မာ) မှ တနင်္သာရီတိုင်း စည်းရုံး ရေး မှူး ကိုသန်းထွန်းက ပြောသည်။ ၎င်းပြင် ရပ်ကွက်တိုင်းတွင်လည်း နံရံကပ်စာစောင်များ ကပ်သွားမည်ဟု ဆိုသည်။

စာဖြန့်ဝေခွင့် ရရန်အတွက် မတ်လ ၁၆ ရက်နေ့တွင် “ကျောက်မီးသွေး စက်ရုံနှင့် စက်လျဉ်း၍ ဆိုးကျိုးများ ဖော်ပြထားသည့် စာရွက် စာ တမ်းများ ဝေမျှခြင်း ကိစ္စ” အကြောင်းအရာဖြင့် တိုင်းဝန်ကြီးချုပ်ရုံးသို့ လိပ်မူပြီး တင်ပြထားသော်လည်း ယနေ့ထိ အကြောင်း မပြန်သေး ကြောင်းလည်း ကိုသန်းထွန်း က ပြောသည်။

“သူတို့ကို ကျနော်တို့ အသိပေးထားပြီးပြီး၊ အခု စာရိုက်နေတုန်းပဲ၊ မနက်ဖြန်မှာ အစည်းအဝေး လုပ်မယ်။ ဘာမှ အကြောင်းမပြန်လည်း သန်ဘက်ခါ ကျနော်တို့ စာဖြန့်သွားမှာပဲ။ ဘာ့ကြောင့်လဲဆိုတော့ ကျနော်တို့ ကော့သောင်း ပြည်သူလူထုက ကျောက်မီးသွေးစက်ရုံရဲ့ ကောင်းကျိုး၊ ဆိုးကျိုးကို လုံးဝ မသိသေးလို့ပဲ” ဟု သူက ပြောသည်။

စက်ရုံ တည်ဆောက်နေစဉ် လွန်ခဲ့သည့် ၂၀၁၀ ခုနှစ် အောက်တိုဘာလ အတွင်းတွင် တကြိမ်၊ ယခုနှစ် မတ်လ ၁ ရက်နေ့တွင် တကြိမ် ကော့သောင်း ဒီမိုကရက်တစ် ပါတီ (မြန်မာ) က စက်ရုံဆောက်လုပ်ခြင်းကိစ္စကို ကန့်ကွက်ခဲ့သော်လည်း ဆက်လက် ဆောက်လုပ်လျက် ရှိပြီး၊ ရပ်ကွက်အတွင်းတွင်လည်း ဓါတ်တိုင်များ စိုက်ထူရန်အတွက် တွင်းများ တူးဖော်လျက် ရှိသည်ဟု ဆိုသည်။

စက်ရုံ လည်ပတ်ရန်အတွက် လိုအပ်သည့် ကျောက်မီးသွေးကို မိုင် ၂၀၀ ခန့် ဝေးသည့် တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ လေညာ သစ်တောကြိုးဝိုင်းအတွင်းမှ ထုတ်ယူကာ၊ လိုအပ်မည့် ရေကို ထိုင်း-မြန်မာနယ်စပ်အဖြစ် သတ်မှတ်ထားသည့် ပါချန်မြစ်မှ စုတ်ယူ သုံးစွဲမည် ဖြစ်သည်။

ဒေသခံများနှင့် ပညာရှင်များ၏ ကန့်ကွက်ပြောဆိုမှုကြောင့် အီတာလျံ-ထိုင်း ဖွံ့ဖြိုးရေး ကုမ္ပဏီက အကောင်အထည် ဖော်မည့် ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းအတွင်းရှိ မဂ္ဂါဝပ် ၄,၀၀၀ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ဇန်နဝါရီလဆန်းတွင် အစိုး ရက ဆောက်လုပ်ခွင့် မပြုဘဲ ရန့်တန့်ပေးခဲ့သည်။

ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံမှ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့၊ အက်ဆစ်မိုးကို ရွာသွန်းစေနိုင်သည့် ဆာလဖာဒိုင် အောက် ဆိုဒ်ဓါတ်ငွေ့၊ အသက်ရှူလမ်းကြောင်းတွင် ကင်ဆာရောဂါ ဖြစ်စေနိုင်သည့် အမှုန်အမွှား အများအပြား ထွက်လာနိုင်သည့်အပြင် ကာဗွန် မိုနောက်ဆိုဒ်၊ သောက်သုံးရေနှင့် ပင်လယ်ရေထုကို ညစ်ညမ်းစေနိုင် သည့် ပြဒါး၊ စိန် ဆိုသည့် အာစင်းနစ်ဓါတ် စသည့် လေထု၊ ရေထု နှင့် မြေထုကို ညစ်ညမ်းစေနိုင်သည့် ဓာတ်ငွေ့ပေါင်း များစွာ ထွက်ရှိလာနိုင်ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် များ က ပြောသည်။

No comments:

Post a Comment