Sunday, March 4, 2012

ပြည်နယ် ၀န်ကြီးအစည်းအဝေးက ဟားခါးမြို့တွင် စေတီတဆူတည် ရန် ဆုံးဖြတ်

KHONUMTHUNG NEWS

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၂၄ – ၂၇ အကြား ပြုလုပ်သည့် ချင်းပြည်နယ်အစိုးရ၀န်ကြီး အစည်းအဝေးက ဟားခါးမြို့ တွင် စေတီ တဆူတည်ရန် ဆုံးဖြတ်ကြကြောင်း သိရသည်။

၂၀၁၂ ခုနှစ်ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့မှ စတင်ကျင်းပသည့် ပထမအကြိမ် ချင်းပြည်နယ် လွှတ်တော် တတိယ ပုံမှန်အ စည်းအဝေးအပြီး ယခု အစိုးရ ၀န်ကြီးအစည်းအဝေးကို ကျင်းပခြင်းဖြစ်သည်။

“ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးလို့ရအောင် လွတ်တော်အစည်းအဝေးမျိုးတွေမှာ အခုလို အဆိုမျိုးကို တင် သင့်ပါတယ်” ဟု ဟားခါးမြို့မှ လူကြီးတဦးက ပြောသည်။

အဆိုပါ စေတီတည်ရေးကို ၀န်ကြီးချုပ် နှင့် ပြည်နယ်ဥပဒေချုပ်အပါအ၀င် ၀န်ကြီး ၉ ဦး ပေါင်း ၁၁ ဦးက အများစု မဲစ နစ် ဖြင့် ဆုံးဖြတ်ကြခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် နှင့် နယ်စပ်ရေးရာ လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး ဇော်မင်းဦး တို့မှ အ ဆို တင်သွင်းခြင်းဖြစ်ကြောင်း သိရသည်။

“ အခု ၀န်ကြီးအဖွဲ့ထဲမှာ ခရစ်ယာန်ဘာသာဝင်က ၆ ဦး၊ ဗုဒ္ဒဘာသာဝင်က ၅ ဦးပေါ့နော်၊ ဒါပေမဲ့ ၀န်ကြီး အဖွဲ့မှာ ကိုယ့် ဘာသာ သူ့ဘာသာလို့ ခွဲခြားတာ မဟုတ်ပဲ ဆုံးဖြတ်ကြတာဖြစ်မှာပါ” ဟု ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တဦး က ပြောသည်။

စေတီ တည်မည့်နေရာသည် ထန်တလန်မြို့မှ ဟားခါးမြို့အ၀င် ကြိုဆိုပါ၏ ဆိုင်းဘုတ်ရဲ့ အပေါ်ဖက် တောင် ကုန်းပေါ်မှာ ဖြစ်သည်။

ဟားခါးမြို့သစ်တောင်ကုန်းသည် ခရစ်ယာန်အသင်းအဖွဲ့များ၏ စုပေါင်း ဆုတောင်းလေ့ရှိသည့် နေရာဖြစ် သည်ဟု သိရပြီး အဆိုပါ တောင်ကုန်းသည် မြေလွတ်ဖြစ်ကြောင်း ပြောကြသည်။

မည်သည့် ဘတ်ဂျက်ဖြင့် စေတီ တည်ကြမည်ကိုမူ မသိရကြောင်း ဆက်ဆိုသည်။

No comments:

Post a Comment