Friday, March 23, 2012

မော်ဒန်ဂျာနယ်အမှု နှစ်ဖက်သဘောတူ ကျေအေး

ဖနိဒါ | သောကြာနေ့၊ မတ်လ ၂၃ ရက် ၂၀၁၂


အပါတ်စဉ်ထုတ် မော်ဒန်ဂျာနယ်၏ တာဝန်ခံ အယ်ဒီတာနှင့် သတင်းထောက်တို့အား အသေရေဖျက်မှု၊ အားပေးကူညီမှုတို့ဖြင့် တရားစွဲ ဆိုသည့် အမှုအား နှစ်ဖက်ကျေအေး လိုက်ကြသည်။

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ဆောက်လုပ်ရေး အင်ဂျင်နီယာ ဒေါ်နွဲ့နွဲ့ရီက မော်ဒန်ဂျာနယ်မှ တာဝန်ခံအယ်ဒီတာ ဦးဝေလျှံနှင့် သ တင်း ထောက် မသက်စုအောင် တို့အပေါ် တရားစွဲဆိုထားသည့်အမှု များအား နှစ်ဖက်ကျေအေးလိုက်ကြခြင်း ဖြစ်သည်။

“ကျေအေးလိုက်တယ် ဆိုတာကလည်း ဌာနအနေနဲ့ တရားစွဲတာ မဟုတ်ဘူး။ ပုဂ္ဂိုလ်ရေးအရ စွဲတာပါ။ အကြိမ်ကြိမ် ညှိနှိုင်းပြီးတော့ ကျေ အေးလိုက်တာ”ဟု နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန ရုံးချုပ်ရှိ အရာရှိကြီးတဦးကပြောသည်။

မော်ဒန်ဂျာနယ်က နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီး ဦးခင်မောင်မြင့်၊ ဦးဆောင်ညွန်ကြားရေးမှူး ဦးကျော်လင်းတို့ နှင့် ဆွေးနွေး ပြီး နောက် ကျေအေးရန် သဘောတူခဲ့ခြင်း ဖြစ်သည်ဟု မော်ဒန်ဂျာနယ် အထက်မြန်မာပြည်တာဝန်ခံ ဦးကျော်ရင်မြင့်က ပြောသည်။

“ကျနော်တို့ကလည်း ရှေ့ခရီးဆက်သွားမယ့်အချိန်မှာ ရန်ဖြစ်နေပြီးတော့ နှောင့်နှေးမနေချင်ဘူး။ အတတ်နိုင်ဆုံး ညှိနှိုင်းပြီးတော့ သူ့ဘက်ကလည်း လျှော့၊ ကိုယ့်ဘက်ကလည်း လျှော့၊ အဲဒီလိုမျိုးနဲ့ ကျေအေးဖို့အတွက် ညှိနှိုင်းလုပ်ကြ တာပါ”ဟု မဇ္ဈိမကို ပြောသည်။

ပြဿနာဖြစ်ပွားခဲ့သော ‘လမ်းလွှဲလေးတော ကောင်းစေချင်’ သတင်းဆောင်းပါး နှင့် ပတ်သက်၍ မတ်လ ၂၃ ရက်နေ့ ထုတ် မော်ဒန် ဂျာ နယ် အမှတ် (၃ဝ၂)တွင် အမှားပြင်ဆင်ချက် ဖော်ပြပေးထားသည်။

“အဲဒီမြို့နယ် အင်ဂျင်နီယာ က တံတားကြေးကောက်ဖိုခန့်ထားတာ”ဟု မန္တလေး ဖားကန့်ကုန်စည် ပို့ဆောင်နေသည့် ခြောက်ဘီးကား ယာဉ်မောင်းတဦးက ပြောသည် ဆိုသည့်အစား တံတားကြေး ကောက်ခံရန် မြို့နယ် အင်ဂျင်နီယာက ခန့်အပ်ထားသည့် ဝန်ထမ်း မရှိ ကြောင်းနှင့် ငွေကြေးကောက်ခံ ခြင်းလည်း မရှိဟု ပြင်ဆင် ဖတ်ရှုပေးရန် ဖော်ပြပေး လိုက်ခြင်းသည်။

မူလက သတင်းဆောင်းပါးတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆုထူးပန်ကုမ္ပဏီအား တံတားအခွန် ကောက်ခံခွင့် ပြုထား သည်ကို မြို့နယ်ဆောက်လုပ်ရေး အင်ဂျင်နီယာက ငွေကောက်ခံ ခိုင်းသည်ဟု သတင်းဆောင်းပါးထဲတွင် ပါရှိသည့်အတွက် အသရေဖျက်မှုဖြင့် တ ရားစွဲဆိုခဲ့ခြင်းသည်။

သောကြာနေ့တွင် သပိတ်ကျင်းမြို့နယ် တရားရုံး၌ အမှုကျေအေးရန် ရုံးချိန်းရှိကြောင်း မော်ဒန် ဂျာနယ်ဘက်က တရားလွှတ်တော် ရှေ့နေဦးကျော်ဆန်းက ပြောသည်။

အဆိုပါ တရားရုံးသို့ ဆက်သွယ်မေးမြန်းခဲ့ရာ နှစ်ဖက်ကျေအေးမှု ရှိ /မရှိ ကိုမူ ပြောဆိုခဲ့ခြင်း မရှိပေ။

No comments:

Post a Comment