Tuesday, March 27, 2012

လဲချားဒေသခံများ ပြည်သူ့စစ်၏ အဓမ္မစုဆောင်းခံရ

နန်းမြနဒီ

ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ်ထဲက ကျေးရွာတွေမှာ နယ်မြေခံ ပြည်သူ့စစ်က အဓမ္မစစ်သားကောက်ယူ စုဆောင်းနေပါတယ်။

လဲချားမြို့နယ် ၀မ်ပန်အခြေစိုက် ဗိုလ်ကာလိန်ထွဲ့အဖွဲ့က တပ်သားသစ်တွေ ရွာအလိုက် စုဆောင်းနေတာ ဖြစ်ပြီး လူမပေးနိုင်တဲ့ ရွာက လူ စားထိုးခ တယောက်ကို ကျပ်ငွေ သိန်း ၂၀ ကနေ သိန်း ၃၀ ထိ ပေးဖို့ တောင်းနေ တယ် လို့ ဒေသခံ ရွာသားတဦးက ပြောပါတယ်။

ဗိုလ်ကာလိန်ထွဲ့ဟာ မတ် ၂၀ ရက်နေ့ နေ့ခင်းပိုင်း က ၀မ်ထိ၊ ၀မ်လေ၊ စ လဲ၊ နားဖန်၊ တတ်မောက် စတဲ့ရွာက ရွာသားတွေကို ဆင့်ခေါ်ပြီး အခုလို ခေါ်ပြောခဲ့တာ ဖြစ်တယ်။

ရွာသားအရေအတွက်ကို လိုက်ပြီး စလဲရွာက ၂ ဦး၊ နားဖန်ရွာက ၂ ဦး။ ၀မ်ပန်ရွာက ၁ဦးပေးဖို့နဲ့ ကျန်တဲ့ရွာတွေက တပ်ခြံစည်းရိုးကာဖို့ လူနဲ့ ထော်လာဂျီ လုပ်အားပေး ဖို့ ပြောခဲ့တယ် လို့ ဆိုပါတယ်။ လယ် အလုပ်ကိုသာ အသက်မွေးဝမ်းကျောင်းတဲ့ ရွာသားတွေဟာ ပြည် သူ့စစ်ထဲ မ၀င်လိုဘဲ ငွေပေးဖို့လည်း အဆင်မပြေကြဘူးလို့ အဆိုပါ ရွာသားက ပြောပါတယ်။

ရှမ်းပြည်တပ်မတော်ကနေ ခွဲထွက်ပြီး အစိုးရတပ်လက်အောက်ခံ ပြည်သူ့စစ်ပြောင်းခဲ့တဲ့ ဗိုလ်ကာလိန်ထွဲ့ ဦးဆောင်တဲ့အဖွဲ့ဟာ အရင်က အင်အား ၁၀၀ လောက် ရှိပေမယ့် အဖွဲ့ဝင် ၄၀ ကျော်ဟာ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) အဖွဲ့ထဲ ကို ပြန်ဝင်လာကြတဲ့ အတွက် အခုလို လူအင်အား ပြန်ဖြည့်နေတာ ဖြစ်ပါတယ်။

အစိုးရဆီက အထောက်အပံ့ရတဲ့ ပြည်သူ့စစ်ဟာ အခုလို ပြည်သူတွေကို အနိုင်ကျင့်တာမျိုး မလုပ်သင့်ဘူးလို့ ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) ပြောခွင့်ရ ဗိုလ်မှူးစိုင်းလောဝ်ဆိုင် က ပြောပါတယ်။

ပြည်သူ့စစ် ဗိုလ်ကာလိန်ထွဲ့အဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ လဆန်းပိုင်းကလည်း ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) အဖွဲ့ထဲကို ဘက် ပြောင်း ၀င်ရောက်လာသူတွေရဲ့ ကျန်ရှိခဲ့တဲ့ မိသားစုဝင်တွေ ကလေးသူငယ် အပါအ၀င် စုစုပေါင်း ၁၃ ဦးကို သတ်ဖြတ်ခဲ့ပါတယ်။

ဒီကိစ္စကို ရွာသားတွေက ကျားဖြူပါတီကနေတဆင့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ကို တိုင်ကြားခဲ့ရာမှာ အခုချိန်ထိ စစ်ဆေး အရေးယူတာ မရှိသေးဘူး လို့ ဒေသခံ တဦးက ပြောပါတယ်။

No comments:

Post a Comment