Friday, March 23, 2012

မွန်ပါတီနှစ်ခု မပူးပေါင်းနိုင်သေး

အဇံ၊ ကောင်းဝါသတင်းဌာန


မွန် လူမှုခေါင်းဆောင်များနှင့် ရဟန်းသံဃာတော်များ ၅ လကြာ ညှိနှိုင်းလာခဲ့သော်လည်း ပြည်တွင်း မွန်နိုင်ငံရေးပါတီနှစ်ခု ပူးပေါင်းရန် သဘောတူညီချက် မရရှိသေးကြောင်း သိရသည်။

မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့က ပူးပေါင်းမည်ဟု ကောင်းဝါသတင်းဌာနသို့ ပြောဆိုမှုများ ရှိသော်လည်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီမှ ထိပ်ပိုင်းခေါင်းဆောင်အချို့က မိမိတို့၏ ပါတီအမည်ကို ဆက်လက် ဆွဲကိုင်ထားလိုသည့်အတွက် ပူးပေါင်းနိုင်ရန် ကြန့်ကြာနေ ရ ခြင်း ဖြစ်ကြောင်း ပါတီခေါင်းဆောင်များ၏ အဆိုအရ သိရသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ ဥက္ကဌ နိုင်ငွေသိန်း က “ပြီးခဲ့တဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ ပူးပေါင်းမှု အဆိုကို အုပ် စု ၃ ခု ခွဲပြီးတော့ ဆန္ဒယူခဲ့တယ်။ အများစုက ပေါင်းတာကိုပဲ သဘောတူကြပါတယ်။ ဒါ့အပြင် ပါတီက ကော်မရှင်တခုကိုလည်း ဖွဲ့ခဲ့သေး တယ်။ အနယ်နယ် အရပ်ရပ်က ပါတီအဖွဲ့ဝင်တွေရဲ့ ဆန္ဒကို လိုက်မေးတော့ အများစုက ပေါင်းတာကိုပဲ အားပေးကြပါတယ်။ ဒါပေမဲ့ သိ တဲ့အတိုင်းပဲ ကျနော်တို့ ထိပ်ပိုင်းခေါင်းဆောင်တချို့က ပူးပေါင်းလိုစိတ် မရှိတော့ အထမမြောက်ခဲ့ဘူး” ဟု ပြောသည်။

၎င်းပါတီဝင်များ၏ အဆိုအရ မိမိတို့ ပါတီမှ လက်ရှိ ပြည်နယ်ဝန်ကြီး နှစ်ဦး ဖြစ်သည့် ဒေါက်တာ မင်းနွယ်စိုးနှင့် နိုင်လဝီအောင်တို့က မွန် အမျိုးသား ဒီမိုကရေစီပါတီနှင့် ပူးပေါင်းလိုစိတ် မရှိပဲ၊ ပူးပေါင်းမည် ဆိုပါက မိမိတို့ ပါတီအမည်အောက်တွင် လာရောက်ပူးပေါင်းရမည်ဟု ဆိုသည်။

“ကျနော်တို့ ဘက်က တင်းမာတဲ့ လူတွေကတော့ ဒီကပါတီ နာမည်ကိုတော့ လုံးဝ အဖျက်မခံနိုင်ဘူးတဲ့၊ ပေါင်းချင်တယ် ဆိုရင် ပေါင်း၊ မပေါင်းဘူး ဆိုရင်လည်း ရတယ်တဲ့။ ကျနော်ကတော့ မွန်မှာ ပါတီ ၂ ခု မဖြစ်စေရဘူး၊ တခုပဲ ဖြစ်စေချင်တယ်” ဟု နိုင်ငွေသိန်းက ပြော သည်။

မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ အနေနှင့် ပါတီ ၂ ခု ပူးပေါင်းမည် ဆိုပါက မိမိတို့ ပါတီ အမည်ကို ဖျက်သိမ်းပေးမည် ဖြစ်ပြီး၊ အခြား အ မည် သစ်တခုဖြင့် ပေါင်းစည်းကြမည်ဟု သဘောတူထားသည်ဟု ဆိုသည်။

“ကျနော်တို့က ပူးပေါင်းစေချင်တယ်၊ မွန်မှာ ပါတီ ၂ ခု ဖြစ်သွားမယ်ဆိုရင် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ကျနော်တို့ မွန်ပြည်သူ တွေ အတွက် တွေဝေစရာတွေ ဖြစ်လာလိမ့်မယ်” ဟု မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ အထွေထွေ အတွင်းရေးမှုး ဖြစ်သူ ဒေါက်တာ မင်းစိုး လင်းက ပြောသည်။

ပါတီ ၂ ခု ပူးပေါင်းရန် သဘောတူညီချက် မရရှိပါကလည်း ဖျက်သိမ်းခံထားရသည့် မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ အနေနှင့် လာမည့် ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင် မှတ်ပုံတင်သွားမည် ဖြစ်ကြောင်း သိရသည်။

ပါတီနှစ်ခု ပူးပေါင်းရေးတွင် မွန်ပြည်သူများနှင့် ရဟန်းသံဃာတော်များက စိတ်အားထက်သန်စွာ အားပေးကြပြီး၊ မပူးပေါင်းပါက မည် သည့် ပါတီကိုမဆို မိမိတို့ ကျေးရွာများတွင် မဲဆွယ်စည်းရုံးခွင့် ပေးမည် မဟုတ်ကြောင်း ပြောသည်။

လာမည့် မတ်လ ၂၄ ရက်နေ့တွင် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်ရှိ ဟံသာထော ဘုန်းတော်ကြီးကျောင်းတွင် ဆရာတော်၏ မွေးနေ့ပွဲကို ကျင်းပမည် ဖြစ်ပြီး၊ ပါတီနှစ်ခု ပူးပေါင်းရေးအတွက် ဆက်လက် ညှိနှိုင်းသွားကြမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment