Wednesday, March 21, 2012

အဟာရချို့တဲ့ ကလေးများကို တောင်ကုတ် NLD ဒုတိယ အကြိမ်မြောက် ကြက်သား ဆန်ပြုတ် ကျွေးမွေး

နိရဉ္စရာ


ရခိုင် ပြည်နယ် တောင်ကုတ် မြို့နယ် အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်မှ အဟာ ရချို့ တဲ့နေသော ကလေးငယ် များအား ဒုတိယ အကြိမ် မြောက် ကြက်သား ဆန်ပြုတ် ကျွေးမွေး ခဲ့သည်ဟု သိရသည်။

ကြက်သား ဆန်ပြုတ်ကျွေးပွဲကို NLD ရုံးခန်းတွင် မတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ရာ ကလေးငယ် ၅၀၀ နီးပါး လာရောက် စား သုံးခဲ့သည်ဟု သိရသည်။

ယခုကဲ့သို့ အာဟာရချို့တဲ့နေသော ကလေးငယ်များကို တစ်လလျှင် နှစ်ကြိမ် ကျွေးမွေးသွားရန် တောင်ကုတ် NLD က စီစဉ်ထားပြီး အစီ အစဉ်အရ ပထမ အကြိမ် နို့ဆန်ပြုတ်ကျွေးမွေးပွဲကို ယခုလ ၄ ရက်နေ့က ပြုလုပ်ခဲ့ပြီး ယခုကျွေးမွေးခြင်းမှာ ဒုတိယ အကြိမ်မြောက် ဖြစ် သည်။

နောက်လာမည့် လများတွင်လည်း အဟာရ ချို့တဲ့နေသော ကလေးငယ်များအား တစ်လလျှင်နှစ်ကြိမ် နုန်းဖြင့် ကျွေးမွေး သွားမည့်အပြင် ကလေးငယ်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးသွားမည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ရခိုင်ပြည်နယ် အတွင်းရေးမှူး ဦး ခင်လှက နိရဉ္စရာသို့ ပြောသည်။

"ကျွန်တော်တို့ ရည်ရွယ်ချက်ရှိပါတယ်။ ဘာဖြစ် လို့လဲ ဆိုတော့ ဒီကလေးတွေက မျိုးဆက်သစ် တွေပါ။ သူတို့ကို ပြုစု ပျိုးထောင် ပေး ရမယ်။ ဒီကလေးတွေဟာ တနေ့မှာ နိုင်ငံကို အကျိုးပြုမည့် သူတွေပါ။ အဲဒီလူတွေအတွက် အဟာရ ပြည့်ဖို့ လိုတယ်။ ပညာတတ်ဖို့လို တယ်။ ကျန်းမာဖို့ လိုတယ်။ ဒါကြောင့် ကျွန်တော်တို့မှာ အင်အားရှိရင် ရှိသလောက် ပညာရေးမှာ ပံ့ပိုး ကူညီဖို့နဲ့ အခမဲ့ ပညာသင် နိုင် အောင် ကျွန်တော်တို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။"

တောင်ကုတ်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးကို ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့က ဖွင့်လှစ် ခဲ့ပြီး နောက်ပိုင်းမှ စပြီး နိုင်ငံ ရေးကိုသာမက လူမူရေး အကျိုးပြု လုပ်ငန်းများကို တောင်ကုတ်မြို့နယ် အတွင်း နိုင်သလောက် ဆောင်ရွက်နေကြောင်း သိရသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ယခုအခါ စည်းရုံးရေး လုပ်ငန်းများကို ရခိုင်ပြည်နယ် အတွင်း ကျယ်ကျယ်ပြန့်ပြန့် လုပ် ဆောင် နေရာ မတ်လ ၁၈ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ် ရုံးကို ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။ မတ်လ ၂၅ ရက်နေ့တွင်လည်း စစ်တွေမြို့တွင် ပြည်နယ်ရုံးကို ဖွင့်လှစ် သွားမည်ဟု သတင်းရရှိသည်။

No comments:

Post a Comment