Thursday, August 9, 2012

ရခိုင်ပြည်နယ်တွင် ရဲစခန်းပေါင်း ၃၀ တိုးမြှင့်ဖွင့်လှစ်မည်

သဇင်ဥ

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် စပ်လျဉ်း၍ လုံခြုံ ရေးအတွက် ရဲစခန်း ၃၀ အား ထပ်မံဖွင့်လှစ်သွားရန် ပြည်ထဲရေးဝန်ကြီး ဌာနက စီမံဆောင်ရွက်လျှက်ရှိကြောင်း ဇူလိုင်လတွင် ကျင်းပသောလွှတ် တော်တွင် ပြောခဲ့ ကြောင်း သတင်းရရှိသည်။

စစ်တွေမြို့မှရဲအရာရှိအငြိမ်းစားတစ်ဦးက " ရဲတပ်ရင်းတွေကို ကာကွယ် ရေးကတိုက်ရိုက်ကိုင် တွယ် တာပါ၊ ပြည်ထဲရေးကတော့တိုက်ရိုက်ညွှန် ကြားဖို့ တာဝန်မရှိပါဘူး၊ ဒါပေမယ့် လုပ်ထုံးလုပ်နည်းအရ တဆင့်ခံဖြစ် နိုင်တယ်၊ ဒီမှာ ရဲစခန်း တွေ တိုးမြှင့်ဖွင့်ဖို့ဆိုတာက တော်တော့ကိုကြာပါ ပြီ၊ ကျွန်တော်တို့က မဖွင့်ဖြစ်တာဘဲ သိပါတယ်၊ အစတော့ မျှော်လင့်ခဲ့ပါ တယ်၊ ကြာလာတော့ ဘယ်လောက်ဘဲပြောပြော ဖြစ်လာမ လာဘူးပေါ့၊ ဖွင့်နိုင်တာက တောင်ကုတ်၊ အလယ်သံကျော်၊ ကျောက်တော်နဲ့ ဝေးလံပြီး လုံခြုံ ရေးမရှိတဲ့ နေရာတွေမှာ ချနိုင်ပါ တယ်။ " ဟု ရှင်းပြသည်။

ဇူလိုင်လ စတုတ္ထပုံမှန်လွှတ်တော် အစည်းအဝေးတွင် ပြည်ထဲရေးဒုဝန်ကြီးအဆင့်ရှိသူတစ်ဦးမှ ရခိုင်ပြည်နယ်တွင် ရဲစခန်းပေါင်း ၃၀ တိုး မြှင့် ဖွင့်လှစ်ရန်နှင့် အဆင့်မြင့် ရဲစခန်း (၈) ခုတည်ဆောက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းလွှတ်တော်တွင် ရခိုင်ပြည်နယ်မှ တာဝန်ရှိသူများက ပဋိပက္ခနှင့် စပ်လျဉ်း၍ လုံခြုံရေးများလိုအပ်ကြောင်းကို တင်ပြရာတွင်ဖြေကြားခဲ့ ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်လာမည့် စုစုပေါင်း ရဲစခန်း (၁၀၅) ခုအနက် ရဲစခန်းကြီး (၈) ခုကို ခေတ် နှင့်အညီ အဆင့်မြင့်ပုံစံများဖြင့် တည် ဆောက်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဒုဝန်ကြီးတစ်ဦးက ပြောသည်။

ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့် မောင်တောမြို့နယ်ကို လုံခြုံရေးအင်အား တိုးချဲ့ပြီးအပြည့်ခန့်အပ်သွားမည်ဖြစ်ကြောင်းနှင့် အုပ်ချုပ်ရေး ယန္တရား အား ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်ကို သိရှိရသည်။

ထို့ပြင် ဘူးသီးတောင်မြို့နယ်၊ ကျောက်တော်မြို့နယ်နှင့် ပလက်ဝမြို့နယ်တို့တွင် လုံခြုံရေးကို အကြောင်းပြကာ နစကနယ်မြေ အမှတ် များ တိုးချဲ့ပြီး တပ်စခန်းများအား ထပ်မံတိုးမြှင့် ချသွားမည်ဖြစ်ကြောင်း လွန်ခဲ့သောလက နစက သတင်းများကဆိုသည်။

မောင်တောမြို့နယ်တွင် နယ်စပ်လုံခြုံရေးအတွက် နစကနယ်မြေအမှတ် ၁ မှ ၁၀ အထိ သတ်မှတ် ထားကြောင်း၊ နစက စခန်းပေါင်း ၂၅ ခုအ ထိ အခြေစိုက်နေကြောင်း၊ စုစုပေါင်းအင်အား ၂၀၀၀ ကျော်ရှိကြောင်း၊ အရာရှိ ၄၀ ခန့်ရှိ ကြောင်းနှင့် နစက ကင်းစခန်းပေါင်း ၆၀ ခန့်အထိ ချထားကြောင်း သိရှိရသည်။

မောင်တောမြို့နယ်တွင် ပဋိပက္ခမဖြစ်ခင် လုံထိန်းအင်အားမှာ ၂၀၀ ကျော်ခန့်သာရှိသော်လည်း ယခုအခါ စုစုပေါင်း ၅၀၀ ကျော်ခန့် ရှိနေ ကြောင်း သိရှိရသည်။

ဘူးသီးတောင်မြို့နယ်တွင် စစ်ဆင်ကွပ်ကဲရေးမှူးဌာနချုပ် (စကခ) အမှတ် (၁၅) ဗိုလ်မှူးချုပ် ကျော်သက် ဦးဆောင်သောတပ်မလက်အောက် တွင် တပ်ရင်း (၁၀) ရင်းရှိသော်လည်း ခြစားမှုများဖြင့် နယ်စပ်လုံခြုံရေး၊ နယ်မြေစိုးမိုး ရေးနှင့် စည်းရုံးရေးများအား မည်သို့မှ လုပ်ဆောင်နိုင် ခဲ့ ခြင်းမရှိဟု နယ်စပ်စစ်ဆင်ရေး လေ့လာနေသူ နိုင်ငံရေးဝါရင့်တစ်ဦးက ပြော သည်။

No comments:

Post a Comment