Wednesday, September 5, 2012

တနိုင်ငံလုံးရှိ ကျောင်းသား သမဂ္ဂများနှင့် လက်တွဲရန် ရခိုင်တက္ကသိုလ်ကျောင်းသား များ သမဂ္ဂ (ယာယီ) ဖွဲ့စည်း

မောင်ရမ္မာ

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ တက္ကသိုလ်ကျောင်းသားများက တနိုင်ငံလုံးရှိ ကျောင်းသား သမဂ္ဂများ နှင့်လက်တွဲ၍ကျောင်းသားအရေး ဆောင် ရွက်နိုင်ရန် ရခိုင်ပြည် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ယာ ယီ) ကို ဖွဲ့စည်း လိုက်သည်။

ရခိုင်ပြည် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ယာယီ)ကို စစ်တွေတက္ကသိုလ်၊ကွန်ပျူတာတက္ကသိုလ်နှင့်တက္ကသိုလ်ကောလိပ်များမှ ကျောင်း သား ၃၀ ခန့်ဖြင့် ဖွဲ့စည်းလိုက်သည်ဟု သမဂ္ဂ၏ အတွင်းရေးမှူး ကိုခင်မောင်ဝင်းက နိရဉ္စရာသို့ ပြောသည်။

“ ကျွန်တော်တို့ သြဂတ်လ ၂၇ ရက်နေ့က ဖြစ်မြောက်ရေး ကော်မီတီတခု ဖွဲ့ပါတယ်။ သြဂတ်စ် လ ၃၁ ရက်နေ့ မှာ ရခိုင်ပြည် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (ယာယီ)ကို ဖွဲ့စည်းပါတယ်။ အဖွဲ့မှာ စစ်တွေ တက္ကသိုလ် Day ကျောင်းသားတွေ၊ ကွန်ပျူတာ တက္ကသိုလ်က ကျောင်းသားတွေ၊ တခြား နည်းပညာ တက္ကသိုလ်ကျောင်းက ကျောင်းသူ ကျောင်းသား ၃၀ ကျော်နဲ့ ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်” ဟု ဆို သည်။

ရခိုင်ပြည် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်၍ သူက ယခုကဲ့သို့ ပြောသည်။

“ ကျွန်တော်တို့ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံတကာ တက္ကသိုလ် ကျောင်းသား တွေနဲ့ ယဉ်ပြိုင်နိုင်တဲ့ ရခိုင် မျိုးဆက်သစ်ကျောင်းသားတွေ ပေါ်ထွန်းရေး၊ လက်ရှိ ရခိုင်ပြည်မှာ ကျောင်းသား တွေ ကြုံတွေ့ခံစားနေရတဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့၊ ကျောင်းသားတွေ အနေနဲ့ အမျိုးဘာသာ သာသနာနဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို ကာ ကွယ်စောင့်ရှောက်ကြဖို့နဲ့ နောင်အနာဂတ်မှာ ကျောင်းသားတွေအတွက် အာမခံနိုင်တဲ့ ပညာရေးစနစ်တခု ပေါ်ထွန်းလာအောင် ကြိုးစား လုပ်ဆောင်ဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းရတာ ဖြစ် ပါတယ်” ဟု ပြောသည်။

၎င်းအပြင် ရခိုင်ပြည် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ အနေဖြင့် အနာဂတ်တွင် မြန်မာတနိုင်ငံလုံးရှိ ကျောင်း သားသမဂ္ဂများနှင့် မြန် မာ နိုင်ငံ ကျောင်းသားများ အခွင့်အရေး ရရှိရေး အတွက် လက်တွဲ လုပ်ဆောင်သွားမည်ဟု လည်း သူက ပြောသည်။

ယခုဖွဲ့စည်းလိုက်သော ရခိုင်ပြည် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ယာယီ)မှာ စစ်တွေမြို့တွင် လာရောက် ပညာသင်ကြားနေကြ သော ကျောင်းသူကျောင်းသားဖြင့် ဖွဲ့စည်းထားသော အဖွဲ့ အစည်းတခု ဖြစ်သော်လည်း နောင်တွင် ရခိုင်တပြည်နယ်လုံးရှိ ကျောင်းသူ ကျောင်း သားများ ကိုယ်စားပြုနိုင်သော တရားဝင် ရခိုင်ပြည် ကျောင်းသားသမဂ္ဂ ပေါ်ထွန်းလာရေးအတွက် ဆက်လက် လုပ်ဆောင်သွား မည်ဟု သိ ရသည်။

No comments:

Post a Comment