Friday, September 7, 2012

လမ်းဆုံ

ခင်မမမျိုး

လူတယောက်ရဲ့ ဘ၀ခရီးလမ်းမှာ လမ်းဆုံတွေ အများအပြားကို ကြုံတွေ့ဖြတ်သန်းရလေ့ ရှိပါတယ်။တချို့လူတွေအတွက်ဘ၀ခရီးဆို တာ အ ဝေးပြေးလမ်းမကြီးလိုပဲ ဖြောင့်ဖြူးချောမွေ့ နေတတ်ပေမယ့် တချို့လူတွေအတွက် ကျတော့လည်း ဘ၀ခရီးဆိုတာ အကွေ့အ ကောက်တွေ၊ အ တားအဆီးတွေ ပြည့်နှက်နေတဲ့ ဆူးကြမ်းလမ်းကြီး ဖြစ်နေတတ်ပါတယ်။ ဘယ်လိုလမ်းပဲဖြစ်ဖြစ် သေချာတာကတော့ တနေ့နေ့မှာ ဘ၀အ တွက် ရွေးချယ်မှုတွေ ပြုလုပ်ရတဲ့ လမ်းဆုံတွေကို ကြုံတွေ့ရလေ့ ရှိတယ်ဆိုတာပါပဲ။

ဒီလိုလမ်းဆုံတွေနဲ့ ကြုံတွေ့ရတဲ့အခါ ရွေးချယ်မှုတွေ ပြုလုပ်ရလေ့ရှိပါတယ်။ ဒီရွေးချယ်မှုမှာကလည်း ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ရွေးချယ်ရ တာ၊ မိဘဆွေမျိုးတွေက ရွေးချယ်ပေးတာတွေ ရှိပါတယ်။ ရွေးချယ်မှုတွေ ပြုလုပ်တဲ့အခါမှာ ပထမဦးဆုံးအနေနဲ့ အခြေအနေကို ထည့် သွင်းစဉ်းစား ကြရပါတယ်။ အခြေအနေဆိုတာမှာကလည်း ကိုယ်က ထိန်းချုပ်လို့ရတဲ့ အရာတွေ ရှိနေတဲ့ အခြေအနေဖြစ်နိုင်သလို၊ ကိုယ် က ထိန်းချုပ် လို့မရတဲ့ အရာတွေ ရှိနေတဲ့ အခြေအနေလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်က ထိန်းချုပ်လို့မရတဲ့ အရာတွေ ရှိနေတဲ့ အခြေအ နေ မှာ ရွေးချယ်မှု လုပ် လို့မရတော့ပဲ အခြေအနေက တွန်းပို့ပေးလိုက်တဲ့လမ်းကို လျှောက်ရတာတွေလည်း ရှိတတ်ပါတယ်။

ဥပမာအားဖြင့် ကျမဆိုရင် ငယ်စဉ်ကတည်းက အထက်တန်းပညာ ၀ိဇ္ဇာဘာသာရပ်တွေဖြစ်တဲ့ ပထ၀ီ၊ သမိုင်း၊ ဘောဂဗေဒ စတာတွေကို စိတ်ဝင်စားပါတယ်။ ရှစ်တန်းအောင်ပြီးတဲ့အခါ ကိုးတန်းရောက်ရင် ၀ိဇ္ဇာလိုင်းကို ရွေးချယ်ဖို့ ခြောက် တန်းကတည်းက စဉ်းစားထားခဲ့ပါတယ်။ ဘေး ပတ်ဝန်းကျင်ကလည်း ဒါကို ရိပ်မိပါတယ်။ ကျမ စာအုပ်သွားငှားနေကျ စာအုပ်ဆိုင်တွေ က နိုင်ငံရေး၊ သမိုင်းစတာတွေနဲ့ပတ်သက်တဲ့ စာအုပ် တွေ၊ ဘီစီစီအိုင် အရှုပ်တော်ပုံလို စာအုပ်တွေကိုတောင် ထွက်ထွက်ချင်း ကျမ ဦးဦးဖျားဖျား ဖတ်ရအောင်ဆိုပြီး ဘေးဖယ် သိမ်းထားပေးတဲ့အ ထိပါ။ ကျမ လျှောက်မယ့် ပညာရေးခရီးလမ်းဟာ ဖြောင့်ဖြူးနေသယောင် ထင်ရပါတယ်။ ဒါပေမယ့် ကျမ ရှစ်တန်းရောက်တဲ့အချိန်မှာပဲ အ ထက်တန်း သင်ရိုးညွှန်းတန်းက ပြောင်းသွားပါတယ်။ ၀ိဇ္ဇာနဲ့သိပ္ပံဘာ သာရပ် တွေကို ပေါင်းပြီး သင်လိုက်ရပါတယ်။ ဒါဟာ ကိုယ်က ထိန်းချုပ် လို့မရတဲ့ အခြေအနေ ဖြစ်ပါတယ်။ အခြေအနေက တွန်းပို့သွား တဲ့ ၀ိဇ္ဇာလိုလို၊ သိပ္ပံလိုလို လမ်းပေါ်ကို ရောက်သွားရပါတယ်။

တခါ ဆယ်တန်းအောင်ပြီးတော့ ကျောင်းတွေက သုံးနှစ်လောက် ပိတ်သွားပြန်ပါတယ်။ ဒါကလည်း ကိုယ်က ထိန်းချုပ်လို့မရတဲ့ အခြေအ နေ ဖြစ်ပါတယ်။ လမ်းဆုံတခု ထပ်ရောက်သွား ပြန်ပါတယ်။ အဝေးသင်တက်မလား၊ နိုင်ငံခြားထွက်မလား၊ ကျောင်းဖွင့်တာ စောင့်မလား ဆိုတဲ့ ရွေးချယ်မှုကို ပြုလုပ်ရတော့မယ့် အခြေအနေ ရောက်သွားပါတယ်။ ဒါကတော့ ကိုယ်က ထိန်းချုပ်လို့ရတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ကျမက မိဘအုပ်ထိန်းမှုအောက်မှာပဲ ရှိနေပြီး ကိုယ်ပိုင်ဆုံးဖြတ်ခွင့် မရသေးတဲ့ အချိန်အခါ ဖြစ်တဲ့အတွက် မိဘရဲ့ ရွေးချယ်ပေး မှုကိုပဲ လိုက်နာရပြန်ပါတယ်။ ဒီလိုနဲ့မိဘရွေးချယ်ပေးလိုက်တဲ့ လမ်းကြောင်းကို လျှောက်နေစဉ်မှာပဲ အခြေအနေတခုက ကျမကို လမ်းဆုံတ ခုရောက်အောင် တွန်းပို့လိုက်ပြန်ပါတယ်။ ဒီအချိန်မှာတော့ ကျမဆီမှာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရနေပြီ ဖြစ်တဲ့အတွက် ကျမကိုယ်တိုင် ကိုယ် လျှောက်မယ့် ပညာရေးခရီးလမ်းအတွက် ရွေးချယ်မှု တခုကို ပြုလုပ်လိုက်ရပါတယ်။

ဒါကြောင့် ဘ၀လမ်းခရီးတခုကို လျှောက်လှမ်းရင်း လမ်းဆုံတခုကို ရောက်သွားတဲ့အခါ ထိန်းချုပ်လို့မရတဲ့ အရာတွေ ပါဝင်တဲ့ အခြေအနေမှာ အခြေအနေက တွန်းပို့လိုက်တဲ့ လမ်းကို လျှောက်လိုက်ရတာတွေလည်း ရှိတတ်ပြီး ထိန်းချုပ် လို့ရတဲ့ အရာတွေ ပါဝင်တဲ့ အခြေအနေ ရှိနေ ရင်တော့ မိဘဆွေမျိုးကဖြစ်စေ၊ ကိုယ်တိုင်ကဖြစ်စေ ရွေးချယ်မှုတွေပြုလုပ်ရလေ့ ရှိပါ တယ်။ ကိုယ်တိုင် ရွေးချယ်မှုတွေ လုပ်လို့ရတဲ့ အခြေအ နေ ဖြစ်တယ်ဆိုရင်တော့ မိမိကိုယ်ကို ပြဌာန်းချက်ကို ထပ်ပြီး စဉ်းစားဖို့လိုအပ် လာပါတယ်။ ဥပမာ – MBBS ဘွဲ့ရပြီးသူ တယောက်ဟာ မိမိဘ၀ပြဌာန်းချက်ကို ဆေးပညာနဲ့အသက်မွေးတဲ့ ဆရာဝန် တယောက်အဖြစ် ပြဌာန်းမှာလား၊ အသက်မွေးဝမ်းကျောင်း မပြုဘဲ ဆေးပညာဘွဲ့ရရုံ ဘွဲ့ယူထားတဲ့ ဆရာဝန်တယောက်အဖြစ် ပြဌာန်းမှာလား ဆိုတာကို ကနဦး စဉ်းစားဖို့လိုပါတယ်။ ဆေးပညာနဲ့ အသက်မွေးမယ်လို့ စဉ်းစားပြီး တဲ့အခါမှာလည်း သားဖွားမီးယပ်ဆရာဝန်၊ ခွဲစိတ်ဆရာဝန် စသ ဖြင့် စဉ်းစားပြီး ဆက်လျှောက်မယ့်လမ်းကို ရွေးချယ်ရပါတယ်။

အလားတူပါပဲ။ နိုင်ငံရေးဘွဲ့နဲ့ ကျောင်းပြီးသွားသူ တယောက်ဟာလည်း နိုင်ငံရေးပါတီကို ၀င်ပြီး၊ Politician အဖြစ် မိမိဘ၀ကို ပြဌာန်းမှာ လား၊ Political activist အဖြစ် လွှတ်တော်ပြင်ပ နိုင်ငံရေးလောကကို ၀င်မှာလား၊ Political Researcher အဖြစ် နိုင်ငံရေးသုတေသန လုပ်မှာလား၊ ဘွဲ့နဲ့မသက်ဆိုင်တဲ့ အခြားအလုပ်တွေကို လုပ်မှာလားဆိုတဲ့ မိမိကိုယ်ကိုယ် ပြဌာန်းချက်နဲ့ပတ်သက်ပြီး စဉ်းစားရွေးချယ်ရမှာ ဖြစ်ပါတယ်။ ဒီလို ပါပဲ။ စီးပွားရေးဘွဲ့ ရပြီးသွားသူ တယောက်ဟာလည်း အခြေအနေပေးမှုအပေါ်မှာ မူတည်ပြီးမိမိဘ၀ပြဌာန်းချက်ကို ရွေးချယ်ရမှာဖြစ်ပါတယ်။ အခြား နယ်ပယ်တွေမှာလည်း အလားတူ မိမိဘ၀ပြဌာန်းချက်ကို စဉ်းစားပြီး ရွေးချယ်မှုတွေ ပြုလုပ်ရပါတယ်။

အခြေအနေနဲ့ ပြဌာန်းချက်ကို စဉ်းစားပြီးတဲ့အခါမှာတော့ အချိန်အခါကို ထပ်ပြီး စဉ်းစားဖို့ လိုအပ်ပါသေးတယ်။ အချိန်အခါက ရွေးချယ်မှု တခု ခုကို ချက်ချင်းမဖြစ်မနေ လုပ်ဖို့လိုအပ်နေသလား၊ လမ်းဆုံမှာပဲ ခေတ္တ ရပ်နေလို့ရသေးသလားဆိုတာပါပဲ။ အချို့လမ်းဆုံတွေမှာက ရပ်ဆိုင်း ပြီး Time buying လုပ်လို့ရပါတယ်။ အချို့လမ်းဆုံတွေကျတော့လည်း လမ်းတခုခုကိုတော့ ချက်ချင်းလက်ငင်း မဖြစ်မနေ ရွေး မှ ရပါတယ်။ ဒီလို အခြေအနေ၊ ပြဌာန်းချက်နဲ့အချိန်အခါတွေဟာ လူတယောက်ရဲ့ ဘ၀ခရီးလမ်းဆုံတွေမှာတင် အရေးကြီးတာ မဟုတ် ပါဘူး။ နိုင်ငံရေးပါ တီတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေကနေ နောက်ဆုံးနိုင်ငံတနိုင်ငံရဲ့ ဖြတ်သန်းမှု ခရီးလမ်းတွေ အတွက်ပါ ထည့်သွင်း စဉ်းစားရမယ့် အချက် တွေ ဖြစ်ပါတယ်။

အခုဆိုရင် ကျမတို့ မြန်မာနိုင်ငံဟာ သမိုင်းဖြတ်သန်းမှု လမ်းဆုံတခုကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ အစိုးရ၊ တပ်မတော်၊ အတိုက်အခံ၊ ပြည် သူလူထု အားလုံးတို့ရဲ့ ရှေ့ဆက်တိုးကြမယ့် ခြေလှမ်းတိုင်းဟာ တိုင်းပြည်တခုရဲ့ အနာဂတ်ကို အဆုံးအဖြတ် ပေးလာတော့မှာ ဖြစ်ပါတယ်။ ထိန်းချုပ်လို့မရတဲ့ အရာတွေ ပါဝင်နေတဲ့ အခြေအနေတွေ ပေါ်ထွက်လာသလို ထိန်းချုပ်လို့ရတဲ့ အရာတွေ ပါဝင်နေတဲ့ အခြေအနေတွေလည်း ပေါ်ပေါက်လာပါတယ်။ ဒီလို အခြေအနေပေးမှုတွေအပေါ်မှာ တဦးချင်းအနေနဲ့ရော၊ သက်ဆိုင်ရာအစုအဖွဲ့များအနေနဲ့ပါလမ်းဆုံမှာ ရွေးချယ် မှုတွေ မမှားကြဖို့ လိုအပ်ပါတယ်။

မြန်မာနိုင်ငံဟာ အိန္ဒိယ သမုဒ္ဒရာမှာ စစ်ရေး၊ နိုင်ငံရေးအရ အရေးပါတဲ့ နိုင်ငံတနိုင်ငံ ဖြစ်နေပါတယ်။ အင်အားကြီးနိုင်ငံကြီးတွေရဲ့ ပါဝါ ဂိမ်းက စားပွဲထဲမှာ အရုပ်တရုပ်ဖြစ်နေတဲ့ နိုင်ငံတခု ဖြစ်တယ်။ ကိုလိုနီစနစ်နဲ့ အုပ်ချုပ်ထားခြင်းခံခဲ့ရဖူးတဲ့အတွက် ကိုလိုနီစနစ်ဆိုးရဲ့ အ မွေဆိုးတွေ ကျန်ရစ်နေခဲ့တဲ့ နိုင်ငံတနိုင်ငံ ဖြစ်တယ်။ ပြည်တွင်းစစ်ရဲ့ဒဏ်၊ သဘာဝဘေးအန္တရာယ်ဒဏ်၊ အတွေးအခေါ် ပဋိပက္ခတွေရဲ့ဒဏ်၊ လူမျိုးရေး ပဋိပက္ခတွေရဲ့ ဒဏ်၊ ဘာသာရေး ပဋိပက္ခတွေရဲ့ဒဏ်၊ အိမ်ကြက်ချင်း အိုးမဲသုပ်ခွပ်ခိုင်းတာကို အဟုတ်မှတ်ပြီး ခွပ်နေကြ တဲ့ ဒဏ်အားလုံးကို ဆယ်စုနှစ်ပေါင်းများစွာ ခံထားခဲ့ရတဲ့ နိုင်ငံဖြစ်တယ်။ ဒါကြောင့် ဘယ်လိုမှ ထိန်းချုပ်လို့မရနိုင်တဲ့ အရာ တွေရော၊ ထိန်းချုပ်လို့ရနိုင်တဲ့ အရာ တွေ ပါဝင်နေတဲ့ ရောပြွန်းရှုပ်ထွေးသော အခြေအနေတွေဟာ မြန်မာနိုင်ငံမှာ ရှိနေပါတယ်။

ဒီအခြေအနေတွေအတွင်းမှာ ထိန်းချုပ်လို့ရတဲ့ အရာတွေနဲ့ ထိန်းချုပ်လို့မရတဲ့အရာတွေကိုဘယ်လို ခွဲထုတ်ပြီးအတည်ငြိမ်ဆုံးဖြစ်အောင် လုပ် ဆောင်မလဲ။ တိုင်းပြည်ရဲ့ ပြဌာန်းချက်ကို ဘယ်လိုဖြစ်စေလိုသလဲ။ ရှိပြီးသား ပြဌာန်းချက်ကို လက်ခံနိုင်မလား။ လက်မခံနိုင်ရင် ပြုပြင် မလား၊ ဆန့်ကျင်မလား။ ကိုယ်လိုလားတဲ့ ပြဌာန်းချက်ရဲ့ တောင်းဆိုမှုတွေက ဘာတွေလဲ။ ဒီ တောင်းဆိုမှုတွေထဲက ဘယ်လို အရာကို ကိုယ်က ဖြည့် ဆည်းပေးနိုင်သလဲ။ မိမိကိုယ်ကို ဘယ်လို ပြဌာန်းချက်နဲ့ဒီအရာတွေကို ဖြည့် ဆည်း ပေးမလဲ။ မိမိရဲ့ ပြဌာန်းချက်၊ မိမိအစုအဖွဲ့ရဲ့ ပြဌာန်း ချက်၊ မိမိပါတီရဲ့ ပြဌာန်းချက်ဟာ ပြည်သူအများလက်ခံတဲ့ တိုင်းပြည်ရဲ့ ပြ ဌာန်းချက်နဲ့မသွေဖည် သွားအောင် ဘယ်လို လုပ်ဆောင် မလဲ။ လမ်းဆုံမှာ ရှိသင့်တဲ့ အချိန်အခါ တခုကို ဘယ်လောက် အချိန်သတ်မှတ် ထားမလဲ။ ချက်ချင်းလုပ်ဆောင်ကြမလား၊ စောင့်ဆိုင်း ကြမလား။

သေချာတာတခုကတော့ လမ်းဆုံမှာ ရွေးချယ်မှု တခုခုကို အနှေးနဲ့အမြန် ကျမတို့တွေ လုပ်ကြရတော့မယ် ဆိုတာပါပဲ။ ဒီလို ရွေးချယ်တဲ့ အခါ မှာ ကိုယ့်မိတ်ဆွေ၊ ကိုယ့်ဆွေမျိုးအသိုင်းအ၀ိုင်း၊ ကိုယ်နဲ့ရင်းနှီးသူ၊ ကိုယ်ကလေးစားသူ၊ ကိုယ်နဲ့အလုပ်အတူတွဲလုပ်ဖူးသူ၊ ကိုယ်ပါဝင် ထားတဲ့ အဖွဲ့အစည်း စတာတွေက ရွေးချယ်လို့လိုက်လံ ရွေးချယ်ရတာ မဟုတ်ပဲ၊ ကိုယ်ဖြစ်စေချင်တဲ့ တိုင်းပြည်ရဲ့ ပြဌာန်းချက်ကို မိမိ ကိုယ်ကို ဘယ် လို ပြဌာန်းချက်နဲ့ဖြည့်ဆည်းပေးမလဲ ဆိုတာ မိမိဘာသာ ရွေးချယ်ဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။

ရွေးချယ်ပြီးတဲ့အခါမှာ ကိုယ်ရွေးချယ်တဲ့ လမ်းမှာ ရည်ရွယ်ချက်တူသူတွေနဲ့လက်တွဲဖို့ လိုပါတယ်။ အဲဒီအခါမှာ လက်တွဲရတဲ့ လက်တွေ ဟာ လမ်းဆုံကို မရောက်ခင်က တွဲခဲ့တဲ့ လက်တွေလည်း ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ဒါတွေကလည်း တွေ့ဆုံကြုံခွဲ၊ လောကဓမ္မတာလို့ပဲ ဆိုရမယ် ထင်ပါတယ်။ ကျမ ကျောင်းသားဘ၀မှာတုန်းက သိပ်ချစ်ရတဲ့ သူငယ်ချင်း တချို့ ရှိခဲ့ပါတယ်။ အတူစား၊ အတူသွားရင်း ကျောင်းသားဘ၀ကို အတူဖြတ်သန်းခဲ့ကြဖူးပါတယ်။ အလုပ်ခွင်ထဲ ရောက်တော့လည်း ဒီလိုပါပဲ။ သိပ်ခင်ရတဲ့ မိတ်ဆွေတချို့ ရှိခဲ့ပါ တယ်။ ဒါပေမယ့်လည်း ဘ၀ခ ရီးလမ်းက လမ်းဆုံတွေမှာ အခြေအနေအရ ပြဌာန်းချက်တွေ မတူတော့တဲ့အခါ လမ်းခွဲခဲ့ရတာပါပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီလို မတူညီမှုတွေမှာ လမ်းခွဲရပေမယ့် ဘယ်အချိန်ပြန်တွေ့တွေ့ ခင်မင်ရင်းနှီးစွဲ ရှိသူတွေနဲ့ကတော့ အမြဲ ရင်းနှီးနေ တာပဲ ဖြစ်ပါတယ်။ လမ်းဆုံဆိုတာ ဒီလို ပေါင်း စည်းခြင်းနဲ့လမ်းခွဲခြင်းတို့ရဲ့ သင်္ကေတလို့ သတ်မှတ်လို့ရပါတယ်။

သို့ပေမယ့် လမ်းဆုံတွေကို ရန်ပြုခြင်းရဲ့ သင်္ကေတခု မဖြစ်သွားအောင်တော့ ခံစားချက်ကို ဥာဏ်ပ ညာ၊ အသိတရားတွေနဲ့ ထိန်းချုပ်ဖို့ လို အပ်ပါတယ်။ အချို့လူတွေမှာ ထူးဆန်းတဲ့ အတ္တလေးတွေ ရှိတတ်ပါတယ်။ ငါနဲ့မတူ ငါ့ရန်သူလို့ သတ်မှတ်ခြင်း ဖြစ်ပါတယ်။ တကယ်တော့ လျှောက်တဲ့လမ်း မတူရုံနဲ့ တဘက်နဲ့တဘက် တိုက်ခိုက်ကြ၊ သွားပုပ်လေလွင့် ပြောကြ၊ စွပ်စွဲကြ လုပ်နေကြတာက လမ်းဆုံတွေကို ရန်ပြုခြင်းရဲ့ သင်္ကေတအဖြစ် တွန်းပို့လိုက်တာနဲ့ အတူတူပါပဲ။ အတူတကွ လက်တွဲပါမယ်လို့ ကတိပေးထားကြတဲ့ အိမ်ထောင်ဘက်တွေတောင် မိမိကိုယ် ကို ပြဌာန်းချက်တွေ မတူညီတဲ့အခါ၊ ညှိနှိုင်းလို့လည်း မရတဲ့အခါ လမ်းခွဲရ တာပဲ ဖြစ်ပါတယ်။ ဘယ်သူကမှ ဘယ်သူနဲ့ တသက်လုံး လက်တွဲ သွားပါမယ်လို့ ကတိသစ္စာ ပြုလို့ မရပါ။ ကိုယ်မွေးသွားတဲ့ သားသမီး တွေတောင် အချိန်တန်ရင်သူ့လမ်းသူလျှောက်ကြတာပါ။ကိုယ်နဲ့တသက် လုံး နေမယ်လို့ဘယ်သူ့ကိုမှ မျှော်လင့်ချက်ထားလို့မရပါ။ လမ်း ဆုံတခု ရောက်ချိန်မှာ လမ်းခွဲကြရစမြဲပါပဲ။

ဒီလို လောကဓမ္မတွေကို မဆင်ခြင်ဘဲ ကိုယ်နဲ့လမ်းခွဲသွားရင် သစ္စာဖောက်၊ အတူ တွဲမလုပ်တော့ရင် ငါ့မိတ်ဆွေစာရင်းထဲကဖြုတ်၊ငါနဲ့မတည့် သူနဲ့ သူတွဲရင် ငါ့ရန်သူ ဆိုပြီးသာ လုပ်နေကြမယ်ဆိုရင် လမ်းဆုံတွေကနေ ဘယ်လမ်းကိုမှ ဆက်မလျှောက်ဖြစ်ကြတော့ပဲ ၀ိုင်း ကြီးပတ်ပတ် ဒူဝေေ၀နဲ့ရန်ဖြစ်ရင်းသာ အချိန်ကုန်နေမှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်လာရင် သက်ဆိုင်သူတွေသာမက အခြားလူတွေအတွက်ပါ ကြားရ၊ နားဝ မ ချမ်းသာ ဖြစ်တတ်ပါတယ်။ မိမိရဲ့ လမ်းခရီးကို အနှောင့်အယှက် ဖြစ်စေရုံသာမက အခြားသူတွေကိုပါ စိတ်အနှောင့်အ ယှက် ဖြစ်စေပါတယ်။ အချိန်ကုန်၊ လူပမ်းပြီး ဘယ်သူ့ အတွက်မှ အကျိုး မရှိတဲ့ အလုပ်တွေပါပဲ။ ပထမ လမ်းဆုံတခုမှာ လမ်းခွဲပြီး လျှောက်ကြပေမယ့် အဲဒီလမ်း နှစ်ခုက တနေရာမှာ ပြန်ဆုံနေတာ မဖြစ်နိုင်ဘူးလို့လည်း ဘယ်သူမှ သေချာတပ်အပ် မသိနိုင်ပါဘူး။ ဒီလို ပြန်ဆုံချိန်မှာ လမ်းတခု တည်းကိုပဲ အတူဆက်လျှောက်ဖို့ ပေါင်းစည်းခြင်း အနေနဲ့ဆုံတာ ဖြစ်နိုင်သလို၊ ခေတ္တခဏ ကြုံကြိုက်တာလည်း ဖြစ်နိုင်ပါတယ်။

နိဂုံးချုပ်ဆိုရရင် လမ်းဆုံဆိုတာ လူ့ဘ၀မှာ မလွဲမသွေ ကြုံရမယ့် အရာတခု ဖြစ်ပြီး၊ ရွေးချယ်မှုတွေ ပြုလုပ်ရပါတယ်။ ဒီလိုရွေးချယ်မှုတွေ ပြု လုပ်တဲ့အခါ အခြေအနေ၊ ပြဌာန်းချက်နဲ့အချိန်အခါတွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်လှပါ တယ်။ တိုင်းပြည်အရေးဆောင်ရွက်ဖို့ စိတ်အား ထက်သန်တယ် ဆိုရင်တော့ ကိုယ်ဖြစ်စေချင်တဲ့ တိုင်းပြည်ရဲ့ ပြဌာန်းချက်ကို မိမိကိုယ် ကို ဘယ်လို ပြဌာန်းချက်နဲ့ဖြည့်ဆည်းပေးမလဲ ဆိုတာ မိမိဘာသာ ရွေးချယ်ဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။ ရွေးချယ်မှုတွေ ပြုလုပ်ပြီးရင် လည်း လမ်းကြောင်းတူသူတွေနဲ့ လက်တွဲရ ပါတယ်။ ဒီလို လက်တွဲတဲ့အခါမှာ လမ်းဆုံမရောက်ခင်က လက်တွဲခဲ့သူတွေနဲ့လည်း လက် တွဲဖြုတ်ပြီး လမ်းခွဲခဲ့ရတာတွေ ရှိတတ်ပါတယ်။ ဒါကြောင့် လမ်းဆုံ ဟာ ပေါင်းစည်းခြင်းရဲ့ သင်္ကေတဖြစ်သလို၊ လမ်းခွဲခြင်းရဲ့ သင်္ကေတ တခုလည်း ဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ သို့ပေမယ့် လမ်းဆုံကို ရန်ပြုခြင်းရဲ့ သင်္ကေတတခု မဖြစ်အောင်တော့ ဆင်ခြင်တုံတရား၊ အသိ ဥာဏ်တွေနဲ့ထိန်းသိမ်းဖို့ လိုအပ်လှပါကြောင်း ရေးသားတင်ပြ အပ်ပါ တယ်။

No comments:

Post a Comment