Monday, November 26, 2012

ပုံစံခွက်

ဆူးခက်

ငယ်ငယ်တုန်းကဆိုလျှင် အမေက ကတော့ပုံစံ မုန့်လေးတွေ လုပ်ရောင်းလေ့ရှိသည်။ မေမေ့ကို မေးတော့ ဒါက ကတော့ပုံ ပုံစံခွက်လေး ပေါ့ သမီး ရယ်လို့ အမေက အပြုံးလေးဖြင့် ပြန်လည်ဖြေကြား ခဲ့သည်။လူမှန်းသိတက်စ အရွယ်ကတည်းက မေမေက ကိုကြီးကိုဘုရားပွဲ ရောက်တိုင်း တီရှပ် လှလှလေးနှင့် ဗုံရုပ် ကလေးတွေ ၀ယ်ပေးလေ့ရှိသည်။ ဖေဖေကတော့ ဘုရားပွဲ မှာရောင်းသော သေနပ်ရုပ်ကလေး တွေကို ကိုကို့အဖို့ဝယ် ပေး နေကြ။

အဲ့လိုဆိုရင် ဖေဖေနဲ့ မေမေက ဆူးအဖို့ဘာမှဝယ်မပေးဘူးလို့တော့ မထင်လိုက်ကြပါနဲ့။ မေမေ ဆူးအတွက်ဂါဝင်လှလှလေးတွေပြီး တော့ ဖေဖေ ကဆူးအတွက် ဘိုမရုပ်လေးတွေ ၀ယ်ပေးပါတယ်။ ဆူးတို့အိမ်မှာ ပစ်တိုင်းထောင်ရုပ်၊ ယမင်းရုပ်နဲ့ ဘိုမရုပ် လေးတွေဆို ရင် ဗီဒိုအပြည့်ပေါ့။ ပွဲဈေး တန်းတွေ ရောက်တိုင်းမှာ ဆူးက စစ်သားရုပ်နဲ့ ပြောက်ကျားဝတ်စုံလေး တစ်စုံ မေမေကို ပူဆာခဲ့ဖူးတယ်။

မေမေက သမီးလေးရယ် အိမ်မှာယမင်းရုပ်လှလှလေးတွေ ဂါဝန်လှလှလေးတွေရှိနေပါရက်နဲ့ ပြောက်ကျားဝတ်စုံတို့ စစ်သားရုပ်တို့ ဆို တာ မိန်းက လေးတွေနဲ့ မသင့်ပါဘူးလို့ ပြောခဲ့ဘူးတယ်။

အဲ့ဒီအချိန်တုန်းက မိန်းကလေးဆိုတာ လူ့လောကမှာ မိန်းကလေးနဲ့ ယောက်ျားလေးဆိုပြီး လူမျိုးနှစ်မျိုးအတွက် အ၀တ်အစားတွေ မတူ အောင် ထုတ်ထားပေးပါလား ဆိုတာကလွဲလို့ ဆူးဘာမှ မသိခဲ့ပါဘူး။

မြီးကောင်ပေါက်ဆယ်ကျော်သက် အရွယ် ရောက်လာတော့ လှပချင်တဲ့စိတ်တွေဝင်လာသလိုဘဲ ရယ်စရာတွေ့ရင် ငယ်ငယ်တုန်းက လို့ဘဲ ပေါ့ပေါ့ ပါးပါး အားပါ တရ ရယ်ပြစ်လိုက်တယ်။ ဒါကိုမေမေက အမြဲသတိပေး လေ့ရှိတယ်။ သမီးရယ် မိန်းကလေးဆိုတာ ရယ်စရာရှိ ရင် တောင် အပြုံးနဲ့တင် ကျေနပ်ရတယ်ဆိုပြီး “ပိုလ်းတန်ခို ယယွမ့်၊ ပိုလ်းတန်ယွမ့် ဟယ်ဟိုင်လိုင်” ရယ်စရာ ရှိရင် ပြုံးပါ၊ ပြုံစရာတွေ့ရင်တည်တည်လေးနေပါ ဆိုတဲ့ ရှမ်းစကားပုံတခုနဲ့ အမြဲနှိုင်းဆပြတယ်လေ။

ဆူးက ငယ်ငယ်လေးကတည်းက ဆိုးတယ်။ ကစားရင်တောင် ကိုကိုတို့ယောက်ျားလေး သူငယ်ချင်းတွေနဲ့ဘဲ ကစားချင်တာ။ သူတို့နဲ့က စားရတာ လွတ်လပ်တယ်။ ပေါပါးမှုရှိတယ်လို့ ဆူးကယုံကြည်တယ်လေ။ မြီးကောင်ပေါက်အရွယ်ရောက်တော့ မေမေက ကိုကိုတို့သူငယ် ချင်း တွေနဲ့ အတူ ပေးမကစားတော့ဘူးလေ။ ဆူးပျင်းနေရင် မေမေကရုပ်ပြကာတွန်းလေးတွေ ဖတ်ခိုင်းတယ်။

ပြီးတော့ ဆရာတော် ဦးဇောတိကရေးတဲ့ စာအုပ်လေးတွေ ဗဟုသုတရအောင်ဆိုပြီး အမြဲဖတ်ခိုင်းလေ့ရှိတယ်။ ဆရာတော်ရေးတဲ့စာအုပ် တွေ က ဆူးသိထားမှတ်မိသလောက်ပြောရရင် အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ အမျိုးသမီးနဲ့ အမျိုးသား ကွာခြား ပုံတွေရေးထား တာ မှတ်လား။ ပြီးတော့ဆူးက လွတ်လွတ်လပ်လပ်ဝတ်စားရတာကြိုက်တယ်။ ဒါကိုဖေဖေက သမီးရယ် ဘောင်းဘီရှည် တွေ တီရှပ်မ၀တ်ရဘူးလေ။ အဲ့ဒါယောက်ျားလေးဝတ်တွေတဲ့။ ဆူးကဒါတွေဘဲဝတ်ရတာ လွတ်လပ်တယ်လို့ပြောတော့ ဖေဖေက ဆူး ကိုရိုက်တယ်။

သမီးဝတ်ရမှာက စကပ်တွေလုံချည်တွေ အမျိုးသမီး အင်္ကျီတွေတဲ့။ လုံချည်ကိုဆူးက ခြေသလုံးတ၀က်လောက် ပေါ်အောင် ၀တ်တော့ မေမေက သမီးမိန်းကလေးဆိုတာ လုံချည်ကိုခြေမျက်စေ့တောင် ပေါ်အောင်မ၀တ်ရဘူးလို့ ဆူးကိုဆုံးမလေ့ရှိတယ်။

ဆူးတို့အိမ်က ၀ါးကြမ်းခင်းလေးပဲ ခင်းထားတာဆိုတော့ ခြေလှမ်းတလှမ်းလှမ်းတိုင်းမှာ ကြမ်းခင်းအသံက “ကလက်ပ်(လ်)၊ ကလက်ပ်(လ်)” ဆိုပြီး တကျွှက်ကျွှက် အသံမြည်တော့ မေမေကသမီးရယ် မိန်းကလေးဆိုတာ လှမ်းလျှောက်ရင် ခြေသံတိုးတိုးလေး ထားပြီး လျှောက်ရ တယ် တဲ့။

ပြီးတော့အိမ်မှုကိစ္စတွေကို အစစအရာရာ တက်မြောက်ထားမယ်။ ငရုပ်သီးထောင်းရင်တောင် အစေ့လေးတွေကို ညှက်နေအောင်ထောင်း မှ မိန်း ကလေးပီသတယ်လို့ ဆယ်ကျော်သက်အရွယ်တုန်းက မေမေပြောတာကို ဆူးခုထိမှတ်မိနေပါသေးတယ်။

ဆူး (၇) တန်းရောက်တော့ ကိုကိုက (၈) တန်းကျောင်းသားကြီးဖြစ်လို့။ ဆူးမှာ ဆူးထက် ငါးနှစ်လောက်ငယ်တဲ့ညီမလေးတစ်ယောက်ရှိ သေးတယ်။ ဆူး (၇) တန်းတက်တဲ့နှစ်မှာ မေမေအသဲအတန်ဖြစ်လို့ဆေးရုံ တင်လိုက်ရတယ်။ ဖေဖေကတော့ ဟိုးအဝေးကြီးမှာ ပိုက်ဆံ သွား ရှာတယ်။ ဟိုးအဝေးကြီးမှာဆိုတော့ ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်တာပေါ့။

စာမလာ သတင်းမကြားတာလည်း ၄ လလောက်ရှိလောက်ပါရဲ့။ နောက်ဆုံး ဦးပဇ္ဖင်းတပါးရဲ့ အကူအညီနဲ့ ဖေဖေ့ဆီက အဆက်အသွယ် ရ တယ်။ မေမေဆေးရုံတတ်နေရတယ် ဆိုတဲ့သတင်းကြားကြားခြင်း ဖေဖေ လည်း အမြန်ပြန်လာခဲ့တာပေါ့လေ။

ဖေ့ဖေ့ကိုဆက်သွယ်မရတဲ့အကြောင်းရင်းကတော့ လူကြုံမရှိတာရယ် အလုပ်အကိုင် အဆင်မပြေ တာ ရယ် ကြောင့်လို့ ဖေဖေပြန်ပြောပြမှ သိရတာပေါ့။ ဖေဖေကအိမ်စားဝတ်နေရေးအတွက် အလုပ် တဖက်နဲ့မို့ မေမေနဲ့ညီမလေးကို အနီးကပ်ပြုစုဖို့က လူလိုလာပြီလေ။ ကိုကြီးက ဒီတာဝန်ကို သူယူပါရစေလို့ပြောတော့ မေမေကသားကသားဦး၊ သားကြီးတဲ့။

သားကြီးလာလို့ အိမ်ထောင်ကျလာရင် သားရဲ့မိန်းမကို သားကဘဲဦးဆောင် ဦးရွက်ရမှာမို့ သားကျောင်းထွက်လို့ မဖြစ်ဘူးဆိုပြီး ဆူးကို ကျောင်း ကထုတ်ပြီး အိမ်မှုကိစ္စအ၀၀နဲ့ မေမေ့ကိုပြုဆုဖို့ ညီမလေးကိုထိန်းကြောင်းဖို့ တာဝန်တွေအားလုံးဟာ ဆူးလက်ထဲကိုရောက်လာ တာပေါ့။

ဒါပေမယ့် အကြွေးတွေက လည်ပင်းထိနှစ်နေလေတော့ ကိုကြီးလည်း (၈) တန်းအောင်ပြီးတာနဲ့ ကျောင်းဆက်တက်ဖို့က ဘယ်လိုမှ မ ဖြစ် နိုင်တော့ ဘူးလေ။ ညီမလေးကလည်းချူခြာ မေမေကလဲ ကျန်းမာရေးမကောင်း ဒီကြားထဲမှာ ဖေဖေကလည်း ပေါ်တာ ခနခန လိုက် ရသေး တယ်။

အခြေအနေအကြောင်း အမျိုးမျိုးကြောင့် ဆူး - နယ်စပ်ရွာလေးတရွာကို ဖေဖေနဲ့မေမေတို့မသိအောင် ခိုးထွက်လာခဲ့တယ်။ လူတွေက တော့ ဆူး ကိုသူပုန်တွေနဲ့လိုက်ပြေးသွားတယ်။ သူကသူပုန်လုပ်မှာတဲ့ လို့အမျိုးမျိုး ဝေဖန် ကြတာပေါ့။

တကယ်တန်းကျတော့ ဆူး - အိမ်အတွက်ဝင်ငွေလေး တဖက်တလှမ်းရအောင် တောဈေးတန်းမှာ ဈေးရောင်းရင်း ဘ၀ကိုရပ်တည် ခဲ့တာ ပါ။ တောဈေးတန်းမှာ ဈေးရောင်းရင်း သူတို့ပြောတဲ့ သူပုန်ဆိုတဲ့သူတွေနဲ့ ရင်းနှီးခဲ့တာပေါ့ အမှန်ပေါ့။ အဲ့ကနေ နိုင်ငံရေးဆိုတာ ဘာမှန်းမ သိ သေး တဲ့အချိန်မှာ စစ်ယူနီဖောင်းနဲ့ သေနပ်လွယ်ထားတဲ့ စစ်သားတွေ စစ်သမီးတွေကို တွေ့တော့ ဆူးအရမ်းကို အားကျမိတာနဲ့ မိဘ တွေမသိ အောင် သူတို့နောက်ကို တိတ်တိတ်ကလေးလိုက်ခဲ့တာပေါ့။

အဲဒီတုန်းက ဆူးအသက် ၁၃-၁၄ နှစ်လောက်ဘဲရှိသေးတယ်လေ။ ဆူးမိဘတွေ ပြောပြထားတာကတော့ ပြောက်ကြား ၀တ်စုံတွေ စစ် သေ နပ်တွေဆိုတာ ယောကျာင်္းလေးတွေနဲ့ ဆိုင်တဲ့ပစ္စည်းတဲ့။ ဒါပေမဲ့ခုတော့ ပြောက်ကြား စစ်ယူနီဖောင်းနဲ့ စစ်သေနပ်တွေကိုင်နေတဲ့ မိန်း မလေး တွေကို တွေ့တော့ဆူးအားကျမိတာပေါ့။

မိဘတွေက ဆူးကိုပြန်လိုက်ခေါ်ကြပေမယ့် ဆူးမသိ လိုက်ရပါဘူး။ သူပုန်စစ်ဗိုလ်တချို့က ဆူးကိုသ မီးလးလို သဘောထားကြတယ်။ အလို လိုက်ကြတယ်။ သူတို့တွေက ဆူးကိုသူတို့နဲ့တောထဲမှာ မနေဖို့ကျောင်းပြန်တက်ဖို့ အမျိုးမျိုး တိုက် တွန်းနေတဲ့ကြားက သူပုန်တွေကြားထဲမှာ နှစ်နှစ်လောက်တောထဲမှာ တောရိုင်းပန်း လေးတွေရယ် ပြီးတော့ ကျေးငှက်တွန်သံတွေ ကြား မှာ ဆူး ပျော်နေခဲ့မိတာပေါ့။

နောက်တော့ ဆူးကို ဒုက္ခသည်စခန်းတခုကို တခြားဒုက္ခသည်တွေနဲ့ ပို့ဆောင်ခဲ့တယ်။ ဆူးကို စခန်းထဲမှာရှိတဲ့ လူကြီးတွေက တခြားလူ တွေ ကလေးတွေထက်ပိုပြီး ဂရုစိုက်ကြတယ်။ ဒါလည်းသူတို့ အချိတ်ဆက်နဲ့ သူတို့ရှိခဲ့ကြတယ်ဆိုတာကို အရွယ်ရောက်လာမှ ဆူး သိ လိုက်ရ ပါတယ်။ ဆူးကိုမိဘမဲ့ဘော်ဒါဆောင် တခုမှာအပ်ပေးခဲ့ကြတယ်လေ။ အဲ့ဒီတုန်းကတော့ မိဘမဲ့ကလေးလို့ပြောရင် ဆူး အရမ်းဝမ်း နည်း တာ ပေါ့။


ကျောင်းပြန်တက်တော့ မေမေတို့နဲ့နေခဲ့တဲ့အချိန်တုန်းကလိုဘဲ လုံချည်ကို သေသပ်ချပ်ရပ်စွာ ခြေသလုံးမပေါ်အောင် ၀တ်လေ့ရှိ တယ် လေ။ ကျောင်းသူ/သားနဲ့ ကျောင်းဆရာ/မ တွေက ဆူးကို မိန်းမပီသတယ်ဆိုပြီး ချီးကျူးလို့မဆုံးပါဘူး။ သူတို့ကဆူးကို စံပြဆုချီးမြင့်ကြ တယ်။ ဆူး စိတ်ထဲမှာ ဘာမှမရှိပါဘူး။

မေမေပြောခဲ့တဲ့ မိန်းကလေးဆိုတာ ဆိုတဲ့အတွေးတွေဘဲရှိတာလေ။ အခန်းထဲကကျောင်းသူမ တွေရယ်စရာတွေ့ရင် လွတ်လွတ်လပ်လပ် ရယ် ကြတာကိုကြည့်ပြီး ဆူး ရှက်နေမိတာတော့ အမှန်ဘဲလေ။

ဘာလို့လဲဆိုတော့ အမေက ပြောဘူးတယ်မှတ်လား မိန်းကလေးဆိုတာ အဲသလိုမရယ်ရဘူးလို့။ ပြီးတော့အဲ့မှာရှိတဲ့ မိန်မလေးတွေက စ ကပ် တို (ဒူးလောက်ရှိသောစကပ်) လုံချည်ဆိုလဲ ခြေတလုံးတွေထင်းနေအောင် ပေါ်အောင်ဝတ်ပြီး လွတ်လွတ်လပ်လပ် သွားလာ လုပ် ရှားကြ တာလေ။

ဆူးမေမေဆိုရင် ဆူးကို အေစကပ်လိုအရှည်မျိုးတွေဘဲ ၀တ်ခွင့်ပြုထားတော့ ဆူး အကျင့် ဖြစ် နေပြီလေ။ ပြီးတော့ ငယ်ငယ်လေး တည်း က မညပ်ဘဲထားတဲ့ဆံပင်တွေဆိုရင် ခါးလယ်လောက်ရောက်နေပြီပေါ့။ ကျောင်းမှာဆိုရင် ဆူးကဆံပင် အရည်ဆုံး ဘဲလေ။ ကျောင်း တက် နေ ရင်း ဆူးကို စိန်ခေါ်မှုတခုပေးခဲ့တယ်။

ခပ်ရိုင်းရိုင်း ကျောင်းသားတယောက်က ဆူးကိုရည်းစားစကား ပြောတော့ဆူးကဒါတွေစိတ်မ၀င်စားဘူး လို့သူ့ကို အပြတ်ငြင်း လိုက်တော့ သူ ဘာပြောတယ်သိလား။ မင်း-ဘယ်တော့မှ (၁၀) တန်းအောင်မှာ မဟုတ်ဘူးတဲ့။

အဲဒီတုန်းက အဲ့ဒီအခြေအနေ နဲ့ဆိုရင် ဟုတ်တယ်ဆူး (၁၀) တန်း ကျောင်းကိုအောင်မှာမဟုတ်ဘူး။ သူတို့တွေက အင်္ဂလိပ်စာ အရမ်းကောင်း ကြတာလေ။ ၈ တန်းကျောင်းသူ၊သားဘ၀တည်းက အင်္ဂလိပ်စာ အင်္ဂလိပ်စကားဆိုရင် ကောင်း ကောင်းပြောဆိုနိုင်ကြပြီ။ ဆူးမှာ သူများတွေ ပြောနေကြတဲ့ I Love You ဆိုတဲ့ စာသားလေးကိုတောင် နားမလည်လို့။

တခြားသူတွေကို မေးတော့ ဆူး ရည်းစားစာအပေးခံရတဲ့အကြောင်း တကျောင်းလုံး သိသွားပြီး ဆူးရဲ့အရည်အချင်းလည်း ပ်ါကုန်တာ ပေါ့။ ဆူးဖြင့် ရှက်လိုက်တာ။ ရှက်စိတ်တွေရယ် မခံချင်စိတ်တွေပေါင်းပြီး ဆူး (၁၀) တန်းကျောင်းကို ဒုတိယဆုရပြီး အောင်မြင် ခဲ့တယ်။ နောက် ပညာတော်သင်ဆု တဆုကို ဆူး လျှောက်ခဲ့တယ်။

ဒါကဆူးဘ၀ရဲ့ပထမဆုံး ၀တ်စားဆင်ယင်မှုကိုပြောင်းပစ်လိုက်တာဘဲပေါ့။ ပညာတော်သင်ဆုရတော့ ဒေါ်လေးတယောက် ကပြောတယ်။ ဆံ ပင်တွေကို ညှပ်ပြစ်ရမယ်တဲ့။ ပြီးတော့ သူများတွေလိုမျိုး စကပ်လေးတွေ စတိုင်ဘောင်ဘီတွေဝတ်တက်အောင် သင်ပေးခဲ့တယ်။

ဆူးကို ပညာတော် သင်တဲ့ကျောင်းသားတွေကြားမှာ ခေတ်နောက်မကျစေချင်ဘူးတဲ့လေ။ ဟုတ်လဲဟုတ်တယ်။ ဆူးပညာတော်သင်သွား တော့ လူတွေကအရမ်းကိုခေတ်မှီလိုက်ကြတာ။ ၀တ်တာစားတာ နေတာထိုင်တာ အားလုံးအား လုံးပါဘဲ။ ဆူး တို့တော ကနဲ့များ ကွာပ။

ဖုန်း၊ အီးမေးလ်၊ အင်တာနက် ကွန်ပြူတာ ဓါတ်လှေကားတွေ ဆိုတာဆူးအတွက် တခြားကမ္ဘာတ ခုလို အသစ် တွေပေါ့။ ဆူးပညာတော်သင် ကနေပြန်ရောက်တော့ ဆူးဘ၀တ်စားဆင်ယင်မှု အရာရာအားလုံး ပြောင်းလဲကုန်ပြီလေ။

အမေဆင်ခဲ့တဲ့ အေစကပ်ရှည်ရှည်လေးတွေအစား စကပ်တိုလေးတွေနေရာယူပြီး အမေပေးခဲ့တဲ့ ဆံနွယ်ရှည်ရှည်တွေ အစားရစ်ခွေနေ တဲ့ ပုခုံးဝဲပျံဆံစတွေက နေရာယူလို့။

ပြီးတော့ပါးပြင်ပေါ်က သနပ်ခါးပဲကြား ပါးပါးလေးတွေအစား မိတ်ကပ်ပါးပါးလေး တွေကနေရာယူကုန်ပြီအမေ။ အွန်လှိုင်းတွေထိုင်ရင်း အွန် လှိုင်းပေါ်က ချစ်သူနဲ့ ဆူးအိမ်ထောင်ကျခဲ့တယ်။ ဆူးရဲ့အိမ်ထောင်ဖက်က မေမေပြာတဲ့မိန်းကလေးဆိုတာ ယောက်ျားလေးဆိုတာ ဆိုတဲ့ အမြင်တွေကိုရိုက်ချိုး ပြစ်ခဲ့တယ်။

မိန်းကလေးဆိုတာ ယောက်ျားလေးရဲ့ညာဖက်မှာ မအိပ်ရဘူးတို့ အိမ်မှုကိစ္စအ၀၀က မိန်းမလေး တာဝန်တို့ ဆိုတာတွေကို ဆူးရဲ့အမျိုး သားက ရိုက်ချိုးပြစ်ခဲ့တယ်။

အပြင်ဝင်ငွေရတဲ့အလုပ်တွေကို အတူတူလုပ်ကိုင်ခဲ့သလို အိမ်ထဲအလုပ်တွေကိုလည်း တယောက်တလှည့် ၀ိုင်းကူပြီး လုပ်ကိုင်ခဲ့ကြ တယ်။ အော်… တကယ်တန်းကြတော့ မိန်းကလေးတယောက် ယောက်ျားလေး တယောက်ရယ်လို့ အသိုင်းအ၀ိုင်းက သက်မှတ်ပေး လိုက် တဲ့ ပုံစံ တွေအတိုင်း ဆူး တို့ရဲ့မိဘတွေက သူတို့ရဲ့သား၊သမီးတွေကို ပုံသွင်းယူခဲ့ကြတာပါ။

ဆူး ညအိပ်ရာဝင်တော့ ပုခုံးပေါ်မှာ လက်တင်းရင်း သေချာစဉ်းစားကြည့်တယ်။ တကယ်တန်းကြတော့ လူတိုင်းဟာ သူတို့ကိုသူတို့ ရှေး ရိုး ဆန်တဲ့ပုံစံခွက်ကြီး ထဲကနေ ရုန်းထွက်ပြီး ခေတ်သစ်ထဲကိုရောက်အောင် ကြိုးစားနေကြပေမယ့် သူတို့ကိုယ်တိုင် သူတို့မသိတဲ့ ပုံစံ ခွက် တမျိုးထဲကို ရောက်နေကြတာပါလားလို့။

ကျောင်းဆရာ၊မ တယောက်ကိုကြည့်မလား အချိန်မှန်မှန်အိပ်ရာထ နေ့တိုင်းကျောင်းသွား ဖို့ပြင်၊ စာသင်၊ ကျောင်းသား၊ သူတွေကို ဆုံးမ၊ သင်ရိုးညွန်းတမ်းရေး၊ အိမ်ပြန် ချက်ပြုတ်စားသောက်၊ စာကြည့်(အနားယူ) အိပ်ယာဝင်။ နောက်တနေ့ ကော ဘာထူးလာလို့ဘာလိမ့်?။

ရုံးဝန်ထမ်းတယောက်ကိုကြည့်ဦးစို့ သူ့မှာကော အချိန်မှန်မှန်အိမ်ရာထ ရုံးသွားဖို့ပြင် ရုံးအလုပ်လုပ် အိမ်ပြန်။ စက်ရုံက အလုပ်သမားလား။ သူလဲ အချိန်မှန်မှန်အိပ်ယာထ ချက်ပြုတ် အလုပ်လုပ်ဖို့ပြင် အလုပ်သိမ်းတော့ အိမ်ပြန်။ နောက်နေ့ဖို့ပြင်ဆင်။ အိမ်ဖော်တစ်ယောက်လား။ အတူတူပါဘဲ လေ။

အားလုံးအားလုံးသော လူတွေဟာ မိဘတွေလူ့အသိုင်းအ၀ိုင်းက သက်မှတ်ထားတဲ့ ပုံစံခွက်ဆိုတဲ့ခွက်ကလေးထဲကနေ လွတ်မြောက်နေ ကြ ပေမဲ့လည်း သူတို့ကိုယ်တိုင် ပုံစံခွက်လေးထဲကို တဖြေးဖြေးနှစ်တထက်နှစ် နေကြတယ်ဆိုတာ သတိမထားမိကြပါဘူး။


အဲ့သလိုဘဲ ဆူးကိုယ်တိုင်လည်း မေမေပေးတဲ့ပုံစံခွက်ကလေးထဲကထွက်ပြီး အခြားပုံစံခွက်ထဲကို တနေ့ထက်တနေ့ နှစ်တထက်နှစ် လာ နေ မိတာကိုလည်း သတိမထားမိပါဘူး။

No comments:

Post a Comment