Saturday, January 26, 2013

တို့တိုင်းနိုင်ငံ ပြည်မြန်မာမှာ ဘာတွေ ဖြစ်နေသလဲ (ပေးစာ)

(နိရဉ္စရာ)


၂၀၁၂ ခုနှစ်တွင် သီလ၀ါ သစ်ဆိပ်ရှိ နိုင်ငံတော်ပိုင် သစ်လုံးများ မီးလောင်းကျွမ်းမှု ဖြစ်ခဲ့ပြီး နိုင်ငံ တော်ပိုင် သစ်လုံးများ တန်(၆၀၀၀)ခန့် မီး သင့်၍ ဆုံးရှုံးခဲ့ပါသည်။

အဆိုပါ သစ်လုံးများအား နိုင်ငံတော်မှ ပိုင်ဆိုင်သည့် ကုမ္ပဏီ တစ်ခုမှ တာဝန်ယူ ထုတ်လုပ်သည့် သစ်လုံးများ အတွင်းမှ တန်၁၀၀၀ ခန့်နှင့် CIFG ကုမ္ပဏီမှ တန် ၅၀၀၀ ခန့် မီး လောင်ဆုံးရှုံးခဲ့ရ ပါသည်။

သစ်တောရေးရာ ၀န်ကြီးဌာန ၀န်ကြီးနှင့် ပြည်ပ ရောင်းချရေး ဌာနမှ ၀န်ထမ်းများ အနေဖြင့် နိုင်ငံတော်ပိုင် သစ်လုံးများ မီးလောင် ပျက်စီး ဆုံး ဆုံးပါက ၄င်းတို့တွင် တာဝန်ရှိပြီး အလုပ်ပြုတ် သွားရန်သာ ရှိပါသည်။

သို့သော် ၀န်ကြီးနှင့် တာဝန်ရှိသူများမှ ၄င်းမီးလောင်သည့် သစ်များ၏ တန်ဖိုးကို ဒေါ်လာဖြင့် သက်ဆိုင်ရာ ကုမ္ပဏီများမှ လျော်ကြေးပေး ရန် ပြည်ပအရောင်းဌာနမှ အထွေထွေမန်နေဂျာနှင့် ဒုထွေဂျာ ဦးတင်ဦးတို့မှ ဖုန်းဖြင့်ဆက်သွယ်၍ အောက်ပါအတိုင်း ညွှန်ကြားခဲ့ပါသည်။

မီးလောင်ဆုံးရှုံးခဲ့သည့် သစ်လုံးများအတွက် နိုင်ငံတော်မှ ဆုံးရှုံးနစ်နာမှု မရှိစေရေး အတွက် ကုမ္ပဏီများမှ ကျသင့် တန်ဘိုးငွေများ ပေး လျော် ရမည် ဖြစ်ကြောင်း ညွှန်ကြားခဲ့ပါသည်။ ၀န်ကြီးမှလည်း နိုင်ငံတော် ဘဏ္ဍာများ မဆုံးရှုံးစေရေး အတွက် ပေးသွင်းစေဟု အမိန့်ချခဲ့ပါသည်။

နိုင်ငံပိုင် ကုမ္ပဏီ တစ်ခု အတွက် တန်(၁၀၀၀)ခန့်အား တစ်တန်လျှင် ဒေါ်လာ (၁၀၀၀)နှုန်းဖြင့် နိုင်ငံခြား ကုမ္ပဏီတစ်ခုမှ တာဝန်ယူ၍ လျော် ကြေးပေးခဲ့သလို CIFG ကုမ္ပဏီအတွက် တန်(၅၀၀၀)ခန့် ကိုလည်း ဒေါ်လာ တစ်တန်ကို ဒေါ်လာ ၁၀၀၀ နုန်းဖြင့် ပေးသွင်းခဲ့ပါ သည်။

လက်ရှိ ရရှိသော သတင်းအရ ယခု လျော်ကြေးငွေများမှာ နိုင်ငံတော် ဘဏ္ဍာသို့ မရောက်ရှိဘဲ ၀န်ကြီးနှင့် တကွ ၀န်ထမ်းများက လူ လည် ကျသွားသည်ဟု သိရပါသည်။ သို့အတွက် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် အနေဖြင့် ယခုကဲ့သို့ နိုင်ငံတော် ဘဏ္ဍာငွေများ ဆုံးရှုံးသွားမူ အပေါ် အမြန်ဆုံး ပြန်လည် စိစစ်ရန် အကြံပြု တင်ပြအပ်ပါသည်။

ဆက်လက်ပြီးတော့ သမ္မတကြီး၏ Clean Government ကိစ္စနှင့်ပတ်သက်၍ တင်ပြလိုသည်မှာ သစ်တောရေးရာ ၀န်ကြီးဌာနနှင့် သစ် လုပ် ငန်း ရုံး တို့တွင် သမ္မတ၏ အာဏာလွှမ်းမိုးမူ မရှိသလို ဖြစ်နေပါသည်။

အကြောင်းမှာ သစ်တောရေးရာ ၀န်ကြီးဌာနနှင့် သစ်လုပ်ငန်း ရုံးတို့တွင် လာဘ်ငွေများ လက်ခံရယူခြင်း၊ ချက်လက်မှတ်ဖြင့် သိန်းရာချီ၍ လက်ခံခြင်း၊ သီတင်းကျွတ် လက်ဆောင် ချက်လက်မှတ်၊ ခရီးသွား လက်မှတ် အပြင် ငွေကြေးများလက်ခံလျှက် ရှိနေဆဲဖြစ်ပါသည်။

ငွေမပေးပါက ၀န်ထမ်းများမှ ပညာပြခြင်း၊ စာချုပ်ချူပ်ဆိုရေး ကိစ္စများတွင်၎င်း၊ အခြားသော ကိစ္စရပ်များ တွင်၎င်း ငွေကြေးပေးမှ အ ဆင် ပြေလျှက်ရှိနေကြောင်း တင်ပြ အသိပေးအပ်ပါသည်။

ဒါ့အပြင် သစ်တောရေးရာဝန်ကြီး ဦးသိန်းအောင် ၊ ယခု ဧရာဝတီဝန်ကြီးချုပ် လက်ထက်မှ စတင်အသုံးပြုခဲ့ပြီး ယခု ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း ကိုယ်တိုင်ကြိုက်နှစ်သက် လက်ခံသုံးစွဲနေတာက Direct Sale စနစ်ဖြင့် မြန်မာ့ သစ်များကို (တိုက်ရိုက် ရောင်းချခြင်း) ဖြစ်ပါ သည်။ ဒီစနစ်ဟာ ၀န်ကြီး၏ Black Cheque ဖြစ်ပါသည်။ သူပေးချင် သူတွေကို ပေးပါသည်။ သူတို့ကို ကောင်းကောင်း ပေးသူတွေကို ရောင်းချ ပေး တဲ့ စနစ် ဖြစ်ပါသည်။ ပြီးတော့မှ စာချုပ်ချူပ် ကုမ္ပဏီများနှင့် ပေါင်းပြီး၊ သစ်လုံးကပ်၊ ၄င်းသစ်လုံးတွေကို တန်ဘိုးချ (နိုင်ငံ တော်မျက်နှာမ ထောက်) လုပ်စားနေကြပါသည်။ ပြီးတော့ သစ်ကွက်တွေကို လိုက်ရှာ ၀န်ထမ်းများနှင့် ပေါင်းစားပြီး လုပ်ချင်သလို လုပ်နေကြပါသည်။ သမ္မ တကြီးလည်း ဦးဝင်းထွန်းဆီက ရထားသလားတော့မသိဘူး။ ဘာမှ မပြောဘဲ ငြိမ်ချက်သား ကောင်းလိုက်နေ လိုက်တာ။

အကြံပြုလိုသည်မှာ Direct Sale စာချုပ်တွေကို ချက်ချင်း အမြန်ရပ်ပြီး သိမ်းလိုက်မည် ဆိုရင်တော့ နိုင်ငံတော် ဘဏ္ဍာငွေတွေ ကာ ကွယ်နိုင် မည် ထင်ပါသည်။

နောက်ပြီး တင်ပြလိုသည်မှာ တန်ဘိုးနည်း ဖုန်းတွေ ယခုရောင်းချနေတဲ့ ၂သိန်း ၂သိန်းခွဲ ဖုန်းတွေထက် ကောင်းမွန် သက်သာသော ဖုန်းများ ရောင်းချပေးပါရန် စီစဉ်နေပါသည် ဆိုသော တက်သွယ်ရေး ၀န်ကြီး ဦးသိန်ထွန်းနှင့် သာသနာရေးဝန်ကြီး ဦးမြင့်မောင်တို့ကို အလုပ်က ဖြုတ် လိုက်ကြောင်း သတင်းစာများတွင် တွေ့ရပါသည်။

ဖုန်းတန်ဘိုးတွေချပါမယ်လို့ ပြောနေရက်နဲ့ ဖြုတ်လိုက်တဲ့ အပြင် အခုတော့ ဆက်သွယ်ရေးက ၀န်းထမ်း ကြီးကြီးများကိုပါ ခေါ်ယူ စစ် ဆေး နေကြောင်း သိရပါသည်။

ဝန်ကြီး အလုပ်ပြုတ်သွားသည်မှာ ခရိုနီများဆီက ငွေတွေစားထား၍ ဖြစ်သည်ဟု သိရပါသည်။ ခရိုနီတွေက အခုလည်း ကျွေးနေကြပါ သည်။ ၀န်ကြီးက ပြုတ်သွားတာတောင် ဘန်ကောက်အထိ လိုက်ပြီး ကျွေးမွေးပြုစုတုန်းဟု သိရပါသည်။

ပြည်သူတွေ သိချင်နေတာက အိမ်နီးချင်နိုင်ငံတွေမှာ ဖုန်းကဒ်တစ်ကဒ်ကို တစ်ဒေါ်လာမှ စတင်၍ ၅ ဒေါ်လာ အကြားဈေးတွေဖြင့် ရောင်း ချ နေပါလျှက် မြန်မာပြည်တွင် လွန်ခဲ့သော နှစ်အနည်းငယ်စပြီး ပြည်သူ ပြည်သား နင်းပြား၊ ကျောမွဲ၊ လက်လုပ်လက်စားများကို တာဝန်ရှိသူ များက ရောင်းချခဲ့သည်မှာ ဆင်းကဒ် တစ်ခု တစ်ဆယ်ငါးသိန်း၊ တယက ရံပုံငွေ (နှစ်သိန်း) – ပေါင်း (၁၇)သိန်း၊ နောက်တော့ ဆင်းကဒ် တစ်ခု (၅)သိန်း၊ ၎င်း နောက်ပိုင်းတွင် ဆင်းကဒ်တစ်ခု (၂)သိန်း ၊ (၂)သိန်းခွဲ ယခုတော့ (၇)သောင်း (၅)သောင်းဖြင့် ရောင်းချ ရန် ကြားနေရ ပါသည်။ တစ်ခြားနိုင်ငံများနှင့် နိုင်းယှဉ်လျှင် မြန်မာနိုင်ငံမှ ဆင်းကဒ်များမှာ ဈေးများ အဆမတန် ကွာလွန်းလှပါသည်။

သုံးလေး ဒေါ်လာသာ တန်သော ဆင်းကဒ် တစ်ခုကို သိန်း ဆယ်သိန်း၊ ဆယ့်ငါးသိန်းဖြင့် ရောင်းချခဲ့သော ငွေများ နိုင်ငံတော် ဘဏ္ဍာငွေ တွေ ထဲ ရောက်သလား။ ဘယ်လို၊ ဘယ်လောက် နိုင်ငံတော် ဘဏ္ဍထဲ ၀င်ခဲ့တယ်ဆိုတာကို ပြည်သူပြည်သားတွေကို သိအောင် သမ္မတ ကြီး အနေဖြင့် ရှင်းလင်း ချပြစေလိုပါသည်။

အဆိုပါ ဖုံးဆင်းကဒ် ရောင်းရငွေများကို ခရိုနီများနှင့် ၀န်ထမ်းများ စားသွားတယ်ဆိုရင်လည်း စားသည့် အတိုင်း သိခွင့်ရှိရင် သိချင်လှပါ သည်။

သမ္မတကြီး ခင်ဗျား ယခု စစ်ဆေးနေသည် ဆိုသော ဆက်သွယ်ရေးဝန်ကြီး ၀န်ထမ်းတွေအပြင် ၄င်းတို့ကို ပံ့ပိုးခဲ့သော ခရိုနီများကိုလည်း ခေါ် ယူ စစ်ဆေး ပေးစေလိုပါသည်။ ကုမ္မဏီက ပေးတာက ဘယ်လောက်၊ နိုင်ငံတော်က တကယ်ရတာ ဘယ်လောက် စသည့်ဖြင့် အမည်တွေ ဖေါ် ပြပြီးတော့ ပြည်သူ လူထု သိအောင် ထုတ်ပြန်ပေးစေလိုပါသည်။


(တိုင်းပြည်ချစ်သူ တစ်ဦး)

No comments:

Post a Comment