Thursday, January 24, 2013

အစိုးရနှင့် နီးစပ်သည့် ကုမ္ပဏီများကို တိုက်ခိုက်ခြင်းမရှိဟု ကေအိုင်အေတုံ့ပြန်

ပီတာအောင်

အစိုးရနဲ့ နီးစပ်တဲ့ ကုမ္ပဏီတွေနဲ့ အရပ်ဘက်ပစ်မှတ်တွေကို တိုက်ခိုက်ခြင်းမရှိဘူးလို့ ကချင်ပြည်နယ်ထဲ မှာ အစိုးရတပ်တွေနဲ့ တိုက်ခိုက် နေတဲ့ ကေအိုင် အေတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။

ကချင်လက်နက်ကိုင်တပ်ဖွဲ့(ကေအိုင်အေ)တွေဟာ အရပ်ဘက်ပစ်မှတ်တွေကို တိုက်ခိုက်ဖျက်ဆီး တာတွေ ရှိနေတယ်လို့ အစိုးရက နေ့ စဉ်ရက်ဆက်ဆိုသ လို ဆက်တိုက် သတင်းထုတ်ပြန်မှုတွေ ပြုလုပ်နေတဲ့အပေါ် ကေအိုင်အေ ဘက် က ပြန်လည် တုံ့ပြန်ငြင်းဆိုလိုက်တာပါ။

ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာတော့ ဖားကန့်မြို့နယ် ဆိုင်းဂျာဘွမ်ကျေးရွာအနီးရှိ အစိုးရနဲ့ နီးစပ်တဲ့ မက်(စ်)မြန်မာ ကျောက်မျက် ကုမ္ပဏီနဲ့ ကြိုင် ကျောက်မျက်ကုမ္ပဏီ အဆောက်အဦတွေကို ဇန်န၀ါရီ ၂၀ နဲ့ ၂၁ ရက်နေ့တွေ မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ စွပ်စွဲဖော်ပြ ထားပါတယ်။

ဒီကျောက်မျက်ကုမ္ပဏီပိုင် ပစ္စည်းတွေကို ကေအိုင်အေတပ်တွေအနေနဲ့ လုံးဝဖျက်ဆီးခဲ့တာ မရှိတဲ့အကြောင်းနဲ့ ရေမဆေးကျောက်တူး သမား တွေနဲ့ ကုမ္ပဏီအကြား ပဋိပက္ခကြောင့် ကျောက်မျက်ကုမ္ပဏီပိုင် အဆောက်အဦတွေ မီးလောင်မှုဖြစ်ပွားခဲ့တာလို့ ဖားကန့်ဒေသအ ခြေ စိုက် ကေအိုင်အေတပ်ရင်း ၆ ရဲ့ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီးဇော်ဒွဲက ပြောပါတယ်။

“ကျနော်တို့ ဒါမျိုး အဆင့်မရှိတာမလုပ်ဘူး။ အဲမှာ ရေမဆေးကျောက်တူးတဲ့အဖွဲ့တွေ ၃-၄ထောင်ရှိတယ်။ သူတို့စက်ယန္တရားတွေနဲ့လုပ်နေ တယ်။ အဖိုးတန်ပစ္စည်းတွေလုကြတယ်။ သူတို့အချင်းချင်း ရိုက်ကြ ထိုးကြတယ်။ တပ်ကလည်း သွားပစ်တယ်။ သူတို့ထိအောင် မပစ်လို့အဲလို ဖြစ်တာပဲ။ သူတို့လုယူပြီးတာနဲ့ အားလုံးမီးရှို့လိုက်တာ။ ကျနော်တို့ အဲလိုဖြစ်လာမှာစိုးလို့ ဆိုင်းဂျာဘွမ်ဘက်က တပ်တွေအားလုံးခွာပေးလိုက် တယ်။ ဒီပြဿနာကို ဗဟိုဌာနချုပ်ကလည်း ညွှန်ကြားထားတာရှိတယ်။ ကုမ္ပဏီရှိတဲ့ နေရာမှာတိုက်ပွဲမလုပ်ဖို့ညွှန်ကြားထားတယ်။ဒါကြောင့် ခွာပေးလိုက်တာ။ အဲလိုဆန္ဒမရှိဘူး။ ဘယ်တော့မှလည်း လုပ်မှာမဟုတ်ဘူး။”

ကချင်ပြည်နယ် လဂျားယန် ထိုးစစ်ကို ဇန်န၀ါရီ ၁၉ ရက်မနက်က စပြီး ရပ်ဆိုင်းလိုက်ပြီလို့ အစိုးရက ကြေညာထားပေမယ့် ကချင်ပြည် နယ် ဒေသအနှံ့ တိုက်ပွဲတွေ မရပ်သေးဘဲ နေ့စဉ်လိုလို ဖြစ်ပွားနေပါတယ်။

ဒီနေ့မနက်ကလည်း ဖားကန့်ဒေသမှာ တပ်စွဲထားတဲ့ ကေအိုင်အေ တပ်စခန်းတွေကို အစိုးရစစ်တပ်တွေက စစ်ကြောင်း ၃ ကြောင်းနဲ့ အ ပြင်း အထန် တိုက်ခိုက်နေတယ်လို့လည်း ဒု ဗိုလ်မှူးကြီး ဇော်ဒွဲက ပြောပါတယ်။

“ကျနော်တို့တပ်ခွဲ ညောင်ထောက်စခန်းကို စစ်ကြောင်း ၃ ကြောင်းနဲ့ တက်လာပြီး တိုက်တယ်။ မ နက် ၆ နာရီခွဲကနေ အခုချိန်ထိတိုက်ပွဲဖြစ်နေကြတာ။ ဖားကန့်နဲ့ကတော့ ၁၅ မိုင်လောက်ဝေးတယ်။ အဲမှာ ကျနော်တို့ တပ်ခွဲ နေရာ ချ ထားတာ ၀င်တိုက်တယ်။ ကျနော်တို့ဘက်က အင်အား ၁၀၀ ကျော်ရှိပါတယ်။ သူတို့က စစ်ကြောင်း ၃ ကြောင်းနဲ့ဆိုတော့ အင်အား ၄၀၀ ကျော်မယ်ထင်တယ်။ အသေအပျောက်က ဘာမှ မကြားရသေးဘူး။”

အစိုးရပြန်ကြားရေးဌာနကတော့ လဂျားယန်ဒေသမှာရှိတဲ့ တပ်မတော် စခန်းကုန်းတခုကို ဇန်န၀ါရီ ၂၂ ရက်နေ့ ညနေက ကေအိုင်အေ တပ်ဖွဲ့ဝင်တွေ လာရောက် တိုက်ခိုက်ခဲ့တဲ့အတွက် တပ်မတော်ဘက်က ပြန်လည်ခုခံတိုက်ခိုက်ခဲ့တဲ့အကြောင်း သတင်းထုတ်ပြန်ထားပါ တယ်။

No comments:

Post a Comment