ABC
ထိုင်းနိုင်ငံတောင်ပိုင်းမှာ ရောင်းစားခံထားရတဲ့ မြန်မာနိုင်ငံသား ၁၄ဦးကို ထိုင်းအာဏာပိုင်တွေနဲ့ မြန်မာအဖွဲ့အစည်းတွေက ကယ်တင်လိုက်နိုင်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၂ရက်နေ့နဲ့ ၂၃ ရက်နေ့တုန်းက ထိုင်းနိုင်ငံတောင်ပိုင်း Trang-ထရန်ခရိုင်၊ Kantang-ကတန်မြို့မှာရှိတဲ့ ဘိုခါလှေဆိပ်မှာ ထိုင်းရဲ အထူးထောက် လှမ်းရေး တပ်ဖွဲ့(DSI)က ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား များအဖွဲ့ (MAT)နဲ့ ထိုင်းအစိုးရ တာဝန်ရှိသူတွေ ပူးပေါင်းပြီး ကယ်တင်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အခုကယ်တင်လိုက်နိုင်တဲ့ မြန်မာနိုင်ငံသားတွေထဲက ၁၁ဦးကို မတ်လ ၂၂ ရက်နေ့ညနေမှာ ကယ်တင်နိုင်ခဲ့ပြီး ကျန် သုံးဦးကိုတော့ မတ်လ ၂၃ ရက်နေ့မနက်မှာ ဘိုခါ လှေဆိပ်က လှေ၂စီးပေါ် ကနေ ကယ်တင်ခဲ့တာ ဖြစ်ပါတယ်။ သူတို့တွေဟာ မကွေးတိုင်း မင်းဘူးခရိုင်၊ ဇမ္ဗုမြို့နယ်၊ ဗုံမနိုးကျေးရွာသားတွေ ဖြစ်တယ်လို့ သိရပါတယ်။
သူတို့တွေဟာ ရန်ကုန်မှာ အလုပ်လုပ်ဖို့လာရင်း ကားထဲမှာ အရှည်ကြီးဆိုတဲ့ ပွဲစားတစ်ဦးက ဆွဲဆောင်ခေါ်ယူခဲ့ပြီး အခုလိုလှေဆိပ်မှာရှိတဲ့ ပွဲစားကိုမျိုးဆီကို ပို့ပေးခဲ့တာလို့ ဗုံမနိုးရွာသား ကိုဘိုချစ်ကပြောပါတယ်။
“ကျနော်တို့ကို အဲဒါထိုင်းကို အလုပ်လုပ်လိုက်မလားဆိုပြီးတော့ ခေါ်တယ်၊ ကျနော်တို့ကလည်း ဘာလုပ်ရမှာလည်း ဆိုတော့ ကြက်သားကုမဏီ ပွဲရုံထဲမှာ အလုပ်လုပ်ရမယ်တဲ့၊ တလကို ဘတ်(၁၀၀၀၀)ရတယ်တဲ့၊ ဒါဆိုရင် ကျနော်တို့လိုက်မယ်၊ လမ်းစားရိတ်ဘယ်လောက်လဲဆိုတော့ သူက၅သိန်းခွဲပဲယူမယ်လို့ ပြောတယ်ခင်ဗျ၊ ဒီရောက်တော့ သူကဗမာငွေ ၇သိန်းခွဲနဲ့ တွက်ပြီးတော့ ဘတ် (၂၅၀၀၀) ကျနော်တို့ကို တောင်းတယ်၊ သူတောင်းတဲ့အတိုင်း ကျနော်တို့က ပေးပါမယ်ဆိုပြီးတော့ သူပြောတဲ့ ကြက်သားကုမဏီ လုပ်ငန်းထဲကို တောင်းဆိုတယ်၊ ဒါပေမယ့် ကျနော်တို့ကို သူ့အကြွေး မကျေမချင်း မင်းတို့ဘယ်မှ မသွားရဘူး လှေပေါ်ပဲလိုက်ဆိုပြီးတော့ ကျနော်တို့ကို လှေထဲကို ဇွတ်အတင်းထည့်တယ်၊ ဘယ်လိုမှ ပြောလို့မရဘူး ကမ်းရောက်ရင် လှေထဲပဲပြန်ပြန်ထည့်တယ်”
ဒီလိုလှေမလိုက်ရင် လှေဆိပ်က ပွဲစားလုပ်သူကိုမျိုးနဲ့ တပည့်အပေါင်းအပါတွေ ရိုက်နှက်တာ ခံရတယ်လို့လည်း လွတ်မြောက်လာသူတွေက ပြောပါတယ်။
“ကျနော်ကလှေမလိုက်ချင်ဘူး၊ ကြက်ဆီသွတ်ဘူး ရုံပဲလုပ်မယ်ပြောတော့ ကျနော့်ကို ဝိုင်းထိုးကြတယ်၊ ဓါးတွေနဲ့ ခုတ်တယ်၊ အဲဒါခုတ်ပြီးသွားတော့ ကျနော်လက်ဒဏ်ရာကြီးနဲ့ (၇)လ လာတဲ့သူတိုင်းကို ထမင်းချက်ကျွေးရတယ် အဲဒီအချိန်မှာ ကျနော့်မျက်စိရှေ့မှာပေါ့၊ လူတွေကို ခေါ်ခေးခဲ့ပြီးတော့ အဲဒီလိုပဲ ညှင်းပမ်းနှိပ်စက်မှုတွေ၊ သတ်ဖြတ်တာတွေ အဲဒီမှာကျနော် (၇)ယောက်လောက် တွေ့ဖူးပါတယ်၊ ထွက်ပြေးလို့ဆိုပြီးတော့ (၂)ယောက်မိလာတယ် အခန်းထဲခေါ်ပြီးတော့ သစ်ပင်ကြီးတပင်မှာ ကြိုးနဲ့ချည်၊ ချည်ပြီးတော့ သူ့တပည့်တယောက်ကို ဟိုအပေါ်က ခါချဉ်အုံကြီးကိုဖြုတ်ခိုင်းပြီးတော့ ခါချဉ်အုံကြီးကို ကိုယ်ပေါ်ကိုချ၊ ကိုမျိုးဆိုတဲ့သူက ဓါးမြှောင်ထုတ်ပြီးတော့ ခွဲပြီးသွားတော့ အဲဒီခွဲထားတဲ့ ဗိုက်ထဲကို ဘော့ပင်မီးရှို့ပြီးတော့ အစက်ချတယ်၊ အဲဒီမှာတင်ပဲ ပွဲချင်းပြီးသေသွားတယ်အကို”
တချို့အပြစ်ကြီးတဲ့သူတွေဆိုရင် လှေသချိုင်းလို့ခေါ်တဲ့ လှေအပျက်တွေအပေါ်မှာ သေနတ်နဲ့ ပစ်သတ်ရင်သတ်၊ မဟုတ်ရင် ကျောက်ခဲဆွဲပြီး ရေထဲကို ကန်ချလေ့ရှိကြောင်းလည်း သူကပြောပါတယ်။
အခုအချိန်အထိ ထွက်ပြေးတိမ်းရှောင်နေတဲ့ ပွဲစားကိုမျိုးနဲ့အဖွဲ့ကို ထိုင်းရဲတပ်ဖွဲ့ က ဆက်လက် ရှာဖွေ နေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။ မတ်လအတွင်းမှာပဲ အခု ကယ်တင်လိုက်နိုင်တဲ့ သူတွေအပါအဝင် စုစုပေါင်း မြန်မာနိုင်ငံသား (၂၉) ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ သိရှိရကြောင်း ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုး က သတင်းပေးပို့ထားပါတယ်။
No comments:
Post a Comment