Wednesday, March 20, 2013
နိုင်ငံရေး မတည်ငြိမ်မူများကြောင့် မြန်မာ- ဘင်္ဂလာ နယ်စပ် ကုန်သွယ်ရေးထိခိုက်
၂၀၁၂ ခုနှစ်ကတည်းက စတင်ခဲ့သော ရခိုင် ပဋိပက္ခ အပါအ၀င် လက်ရှိ ဘင်္ဂလာဒေခ်ျ့တွင် ဖြစ်ပေါ်နေသော နိုင်ငံရေး မတည်ငြိမ်မူများကြောင့် မြန်မာ-ဘင်္ဂလာဒေခ်ျ့ နယ်စပ် ကုန်သွယ်ရေးကို အထူး ထိခိုက်နေကြောင်း သတင်း ရရှိသည်။
မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့် အရာရှိများမှ နယ်စပ်ကုန်သွယ်ရေးကို တိုးမြှင့် လုပ်ဆောင်ရန် သဘောတူညီမူများ ရရှိထားသော်လည်း ဒေသအတွင်း မတည်ငြိမ်မူများကြောင့် လက်တွေ့တွင် အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ခြင်း မရှိဘဲ ဖြစ်နေကြောင်း နယ်စပ်နေ ကုန်သည်များက ပြောသည်။
ဘူးသီးတောင်မြို့မှ နယ်စပ်တွင် လာရောက် စီးပွားရေး လုပ်နေသူ မဒါလီဆိုသူ မွတ်ဆလင် အမျိုးသား တစ်ဦးက ရခိုင်ဘက်မှ ကုန်သည်များကို တာကာ သိန်း ၁၀၀ နီးပါးခန့်ကို ကုန်ပစ္စည်းများ တင်ပို့ရန် အတွက် လွန်ခဲ့သောနှစ်ကတည်းက ထုတ်ပေးထာသော်လည်း ယခုအချိန်ထိ ကုန်ပစ္စည်းများကို ဘင်္ဂလာဒေခ်ျ့သို့ မတင်ပို့နိုင်ဘဲ ဖြစ်နေကြောင်း ပြောသည်။
“ ကျွန်တော်က ဒီဘက် ဘင်္ဂလာကနေပြီး ရခိုင်က သွင်းလာတဲ့ ကျွဲနွား၊ သစ်၊ ငါးက အစ အကုန်လုံး လက်ခံပြီး ၀ယ်ယူပါတယ်။ ရခိုင်မှာ အရေးအခင်း ဖြစ်တော့ ဘယ်ကုန်ပစ္စည်းတွေကမှ အများအစား ဒီဘက်ကို မလာတော့ပါဘူး။ ကျွန်တော်တို့ ရင်းနှီးမြုပ်နှံထားတဲ့ ငွေတွေလည်း ပြန်မရဘဲ ဖြစ်နေတဲ့ အတွက် အထူး ဒုက္ခဖြစ်နေပါတယ်။ ဒါကြောင့် ရခိုင်မှာ ပြဿနာတွေ ပြေလည်မူ ရစေချင်ပါတယ်” ဟု ပြောသည်။
ရခိုင် ပဋိပက္ခကြောင့် နယ်စပ်ကို မှီပြီး လုပ်ကိုင်စားသောက်နေကြသော ကုန်သည်များနှင့် လက်လုပ် လက်စားများမှာ အထူးအခက်အခဲ ရှိနေကြောင်း သိရသည်။
ယခုအခါ ဗမာပြည်ဘက်မှ ငါးများ၊ ဇီးတော်ဖီများ ဘင်္ဂလာဒေခ်ျ့ တက်ကနက် ဘောင်တော် ဆိပ်ကမ်းမှ တစ်ဆင့် ဆက်လက် ၀င်ရောက်နေသော်လည်း ၀င်ရောက်လာမူမှ အထူးနည်းပါးကြောင်း မဒါလီက ပြောသည်။
“ အရင်က တစ်နေ့ – တစ်နေ့ကို ဗမာပြည်ဘက်က သင်္ဘောတွေ၊ မော်တော်ဘုတ်တွေ တစ်နေ့ကို အစီး လေးငါးဆယ် အဲသလိုမျိုး တက်ကနက် ဆိပ်ကမ်းကို ၀င်ပါတယ်။ အခုတော့ တစ်နေ့ကို ဆယ်စီးတောင် မ၀င်ဘဲ ဖြစ်နေတယ်။ နယ်စပ်ကုန်သွယ်ရေးက လုံးဝ ကျသွားပါတယ်” ဟု ဆိုသည်။
ယခုကဲ့သို့ ရခိုင်တွင် ဖြစ်ပေါ်နေသော ပဋိပက္ခများနှင့် လက်ရှိ အချိန်ထိ ပေါ်ပေါက်နေသော မတည်ငြိမ်မူ များကြောင့် နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်နေချိန်တွင် ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင်လည်း နိုင်ငံရေး မတည်ငြိမ်မူများ ပေါ်ပေါက်နေသဖြင့် နယ်စပ်ကုန်သွယ်ရေးကို ထပ်မံ ထိခိုက်နေသည်ဟု နယ်စပ်တွင် စီးပွားရေး လုပ်နေသူ ကိုထွန်းဦးကျော်က ပြောသည်။
“ ရန်ကုန်က ယူလာတဲ့ ငါးတွေ ဒီအတိုင်းဘဲ သင်္ဘောပေါ်မှာ ထားရတယ်။ ဒီမှာ သပိတ်ခေါ်ထားတော့ ကားတွေက သွားလာလို့ မရတော့ ကုန်းပေါ်ကို တင်လို့ မရဘူး။ ရေခဲတွေလည်း သယ်လို့ မရဘဲ ဖြစ်နေတော့ ရန်ကုန်က ယူလာတဲ့ ရေခဲတွေနဲ့ဘဲ ငါးတွေကို ဒီအတိုင်း ထားရတယ်။ ဗမာပြည်က လာတဲ့ ကုန်ပစ္စည်းတွေ အကုန်လုံး ဆိပ်ကမ်းမှာ ပိတ်မိနေတယ်။ ရက်တွေ ကြန့်ကြာပြီး လူတိုင်း ဒုက္ခ ဖြစ်နေကြပါတယ်” ဟု ဆိုသည်။
ဘင်္ဂလာဒေခ်ျ့တွင် အတိုက်အခံများက ခေါ်ယူသော သပိတ်မှာ နေ့စဉ် ရက်ဆိုသလို ဖြစ်ပေါ်နေပြီး လွန်ခဲ့သော တစ်ရက်နေ့က ခေါ်ယူခဲ့သော သပိတ်တွင် ရေခဲ မလုံလောက်သဖြင့် မော်တော်ဘုတ် အပြည့် ငါးများ ပျက်စီးသွားခဲ့သည်ဟု သူက ပြောသည်။
ဘင်္ဂလာဒေခ်ျ့ တွင် အတိုက်အခံများ ခေါ်ယူသော သပိတ်တွင် ကားလမ်း၊ ရထားလမ်းနှင့် ရေကြောင်းလမ်းများ ပိတ်ဆို့ခံရပြီး တနိုင်လုံး အသွားအလာများမှာ ရပ်တန့်သွားလေ့ရှိသည်။
မြန်မာနိုင်ငံမှ လက်ရှိ ၀င်နေသော ကုန်ပစ္စည်းများမှာ ရေချို ငါးအမျိုးမျိုး၊ ဇီးတော်ဖီနှင့် ဂျင်းတို့ ဖြစ်ကြသည်ဟု ဆိုသည်။ တရားမ၀င် မှောင်ခိုပို့နေသော သစ်လုပ်ငန်းမှာ မြန်မာဘက်က ပိတ်ဆို့မူများနေသဖြင့် ရပ်တန့်နေသည်ဟု ဆိုသည်။ ဘင်္ဂလာဒေခ်ျ့ဘက်က ဘိလပ်မြေ၊ အိမ်ဆောက်သံများ၊ အိမ်သုံး ဆေးဝါးများ၊ မုန့်ခြောက်မျိုးစုံနှင့် တီရှပ် အကျီ်များ မြန်မာဘက်ကို ပြန်တင်ပို့ကြသည်ဟု ဆိုသည်။
မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ တို့၏ လက်ရှိ ကုန်သွယ်မူ ပမာဏမှာ ၂၁၀၂ ခုနှစ် အတွင်းက အမေရိကန် ဒေါ်လာ သန်း ၁၄၀ ရှိခဲ့ပြီး ကုန်သွယ်မူ ပမာဏကို ဒေါ်လာ သန်း ၅၀၀ ထိမြှင့်တင်ရေး အတွက် နှစ်ဘက် အရာရှိများက ကတိပြုထားသော်လည်း ဒေသအတွင်း မတည်ငြိမ်မူများကြောင့် အကောင်အထည်ဖေါ်ရန် အခက်အခဲ ဖြစ်နေသည်ဟု သိရသည်။
No comments:
Post a Comment