ABC
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံတွေက ဒုက္ခသည်တွေနဲ့ နယ်စပ်ဖြတ်ကျော်ပြောင်းရွှေ့သူတွေအတွက် အန္တရာယ်ပိုများလာနေတယ်လို့ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က ပြောလိုက်ပါတယ်။
လန်ဒန်မြို့အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ Amnesty က လူသန်းပေါင်းများစွာဟာ ပဋိပက္ခတွေနဲ့ ဖိနှိပ်မှုတွေကလွတ်ကင်းအောင် တိမ်းရှောင်ထွက်ပြေး နေရတယ်လို့ပြောပါတယ်။ မိမိတို့ရဲ့နေရပ်ကိုစွန့်ခွာပြီး နယ်ခြားဖြတ်ကျော် အလုပ်အကိုင် ရှာဖွေတဲ့ သူတွေဟာလည်း အလုပ်ရှင်တွေနဲ့ အာဏာပိုင်တချို့ရဲ့ အလွဲသုံးစားမှု ဖိနှိပ်မှုတွေကို ခံနေရတယ်လို့လည်း ပြောပါတယ်။
ကမ္ဘာတစ်လွှားမှာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြု ခံထားရသူစုစုပေါင်း ၁၅ သန်းကျော်ရှိနေပြီး နယ်စပ်ဖြတ်ကျော် ပြောင်းရွှေ့သူစုစုပေါင်း ၂၁၄ သန်းကျော်ရှိမယ်လို့ Amnesty အဖွဲ့က ခန့်မှန်းထားပါတယ်။ မြန်မာနိုင်ငံက ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ ဒုက္ခသည်စုစုပေါင်း ၁၃၀,၀၀၀ ဝန်းကျင်လောက်ဟာ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ နေနေရဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဆိုမာလီလူမျိုးအများစုဖြစ်တဲ့ ဒုက္ခသည် ၄၆၈,၀၀၀ ဟာ ကင်ညာနိုင်ငံက ကမ္ဘာ့အကြီးဆုံးဒုက္ခသည်စခန်းမှာ ခိုလှုံနေရပြီး မာလီနိုင်ငံသား ၄၅၀,၀၀၀ ကျော်ဟာလည်း စစ်ဘေးရန်ကို ရှောင်ပြေးနေရတယ်လို့ ဆိုပါတယ်။
လတ်တလောမှာ ပဋိပက္ခကြောင့် ဒုက္ခပင်လယ်ဝေနေရတဲ့ ဆီးရီးယားနိုင်ငံအခြေအနေနဲ့ ပတ်သက်ပြီးတော့ Amnesty အဖွဲ့ရဲ့ အလုပ်အမှုဆောင် Salil Shetty က ဆီးရီးယားနိုင်ငံအတွင်းမှာ အိမ်ယာမဲ့ဖြစ်ခဲ့ရသူ ၄ သန်းကျော်ရှိနေပြီး အိမ်ခြေစွန့်ခွာပြီး ထွက်ပြေးနေရသူဒုက္ခသည်ပေါင်း ၁ သန်းခွဲရှိတဲ့အကြောင်း AFP သတင်းဌာနကို ပြောပြခဲ့တယ်လို့လည်း သိရပါတယ်။
ဟောင်ကောင်၊ ဂျော်ဒန်၊ လက်ဘနွန်နဲ့ ကူဝိတ်နိုင်ငံတွေမှာတော့ နိုင်ငံခြားသား အိမ်အကူလုပ်သားတွေ လူ့အခွင့်အရေးဆုံးရှုံးရတာတွေကိုလည်း Amnesty အဖွဲ့က ဝေဖန်ထားပါတယ်။ ဥရောပနိုင်ငံတွေမှာတော့ ခိုလှုံခွင့်တောင်းလိုသူတွေနဲ့ ပြောင်းရွှေ့အခြေစိုက်လိုသူနိုင်ငံခြားသားတွေ ဆုံးရှုံးမှုတွေဖြစ်ရအောင် အစိုးတွေက လုပ်နေတယ်လို့လည်း စွပ်စွဲထားပါတယ်။ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ဖို့ထက် နယ်မြေလုံခြုံရေးကာကွယ်စောင့်ရှောက်ဖို့ကို ပိုပြီးအလေးထားနေတယ်လို့လည်း ဝေဖန်လိုက်ပါတယ်။
ဒုက္ခသည်သတင်းများ
ကချင်ပြည်နယ်တွင်းက စစ်ဘေးဒဏ်ကြောင့် တရုတ် မြန်မာ နယ်စပ်အနီး မိုင်ဂျာယန်ဒေသကို ထွက်ပြေးတိမ်ရှောင်နေကြတဲ့ ကချင်စစ်ပြေးဒုက္ခသည်တွေ ပညာသင်ကြားနိုင်ဖို့အတွက် စာသင်ကျောင်းနဲ့ အဆောက်အဦးတွေ အရေးပေါ် လိုအပ်နေတယ်လို့ သတင်းရရှိပါတယ်။
လာမည့်ဇွန်လဆန်းမှာ စာသင်ကျောင်းတွေ စတင်ဖွင့်လှစ်ပြီး ပညာသင်ကြားရတော့မှာဖြစ်ပေမယ့် စာသင်ကျောင်းတွေဆောက်လုပ်ဖို့ အကူအညီတွေမရပဲဖြစ်နေသလို ကျောင်းသား ၆၀၀ လောက်သာ လက်ခံသင့်တဲ့နေရာမှာ ၁၅၀၀ လောက်ကို လက်ခံ သင်ကြားပေးနေရတယ်လို့ ကူညီပံ့ပိုးပေးနေသူတစ်ဦးဖြစ်တဲ့ ဆရာမ ဂျီးရယ် က ပြောပါတယ်။
"ကျောင်းအဆောက်အဦးတွေက ကျောင်းဖွင့်ချိန်အမှီ ဆောက်ပေးဖို့ အားဂျင့် လိုတယ် ပေါ့နော်။ မူလတန်းကျောင်း အဲ့ဒါအခန်းတွေမှာ ထပ်ပြီး လုပ်ပေးဖို့အတွက် လိုတယ်။ နောက်ပြီးတော့ စခန်း ၆ ခုထဲမှာဆိုရင် အထက်တန်းကျောင်းက တခုပဲရှိတယ်။ ဒီအထက်တန်းကျောင်းဟာဆိုရင် ကျောင်းသား ၆၀၀ တွက်ပဲ လုံလောက်ပေမယ့် ဒီကျောင်းထဲမှာ အခုဆို ကျောင်းသားပေါင်းက ၁၅၀၀ ပတ်ဝန်းကျင်တက်ရတဲ့ အနေအထားဖြစ်တယ် ကျောင်းသားတွေဟာဆိုရင် အိုင်ဒီပီ ဘော်ဒါ ဆိုတဲ့ အဆောင်သဘောမျိုး ကျမတို့ အားဂျင့်လုပ်ပေးဖို့ လိုအပ်တယ် ဒီ ကျောင်းသားပေါင်း ၇၀၀ ပတ်ဝန်းကျင်အတွက် ကျမတို့ဟာ အဆောင်တွေ အရေးတကြီးလိုအပ်တယ်။"
ဒီစစ်ပြေးဒုက္ခသည်စခန်းတွေမှာ အရင်တုန်းက စာသင်ကျောင်းတွေရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ မေလဆန်းပိုင်းက လေပြင်းတိုက်ခိုက်တဲ့ဒဏ် ခံခဲ့ရတဲ့အတွက် စာသင်ကျောင်းတွေ ပြိုလဲပျက်စီးခဲ့ရပြီး ယနေ့အချိန်ထိ ပြန်မဆောက်နိုင်သေးပဲ ဖြစ်နေတယ်လို့လည်း သိရပါတယ်။
ဒီစာသင်ကျောင်းတွေမှာ ပညာသင်ကြားမည့် ကျောင်းသူကျောင်းသားတွေအတွက်လည်း အ၀တ်အစားနဲ့ နေထိုင်ရေးတွေအတွက်ပါ လိုအပ်မှုတွေ ရှိနေပြီး အရင်လတွေက စစ်ပြေးဒုက္ခသည် စခန်းတွေမှာ အကူအညီတချို့ ရကြပေမယ့် အခုနောက်ပိုင်းမှာတော့ လူမှုရေးကူညီသူတွေထံကနေ အကူအညီတွေ မရသလောက်ဖြစ်နေတယ်လို့လည်း ပြောဆိုပါတယ်။
မြန်မာအစိုးရတပ်တွေနဲ့ KIO ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ တို့အကြား ဖြစ်ပွားနေတဲ့တိုက်ပွဲ တွေကြောင့် ဒေသခံပြည်သူအများအပြားဟာ ဒီ ဒုက္ခသည်စခန်းတွေမှာ ထွက်ပြေးတိမ်းရှောင် နေထိုင်နေရတာ ၂ နှစ်နီးပါးရှိပြီဖြစ်တယ်လို့ ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုး သတင်းပေးပို့ထားပါတယ်။

No comments:
Post a Comment