Friday, May 3, 2013

ဂျပန်က ရခိုင်ပြည်နယ်မှာ စာသင်ကျောင်း ၁၀၀ဆောက်ပေးမယ်

ABC

ဂျပန်နိုင်ငံရဲ့ ​အကြီးဆုံး ​NGO ​အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ​နီပွန်ဖောင်ဒေးရှင်းကနေပြီး ​ရခိုင်ပြည်နယ် ​မှာ ​စာသင်ကျောင်းပေါင်း ​၁၀၀ ​ကို ​ဆောက်လုပ်ပေးသွားမယ်လို့ ​သိရပါတယ်။

ဒီအစီအစဉ်ကို ​ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ​ခွင့်ပြုချက်နဲ့ ​စတင်ဆောက်လုပ်နေတာ ​ဖြစ်တယ်လို့ ​ရခိုင်ပြည်နယ် ​အမျိုးသမီးကွန်ယက် ​ဥက္ကဌ ​ဒေါ်ညိုအေး ​က ​ရေဒီယို ​သြစတေးလျကို ​အခုလို ​ပြောပါတယ်။

“ကျမတို့ဆီမှာ ​နီပွန်ဖောင်ဒေးရှင်း ​ကနေပြီးတော့ ​ကျောင်းက ​၁၀၀ ​ထဲမှာ ​ကျမတို့ ​စစ်တွေမှာ ​မြို့ထဲမှာ ​မူလတန်းကျောင်း ​၁၀ ​ခုလောက်ကပြီးပြီ၊ ​ကျန်တဲ့နေရာတွေကတော့ ​မြောက်ဦး ​ရယ်၊ ​ကျောက်တော် ​ရယ်၊ ​မင်းပြား ​ရယ်၊ ​ရခိုင်ပြည်နယ် ​အနှံ့အပြားမှာ ​ဆောက်မယ်လို့တော့ ​ပြောတယ်၊ ​အခုဟာ ​၁၀ ​လုံးလောက်ပဲ ​ပြီးသေးတယ်၊ ​သူတို့ ​အစီအစဉ်က ​မူလတန်းကျောင်းတွေလို့ ​ပြောတယ်၊ ​နောက်ပြီးတော့ ​သူတို့ ​ဖောင်ဒေးရှင်းက ​ကိုယ်စားလှယ် ​လွဲလိုက်တယ်ပေါ့နော်၊ ​ကန်ထရိုက် ​လွဲပြီးတော့ ​လိုက်ဆောက်ပေးနေတယ်။”

အခုလာမယ့် ​၂၀၁၃ ​- ​၂၀၁၄ ​ဘဏ္ဍာရေးနှစ်မှာစပြီး ​စာသင်ကျောင်း ​ဆောက်လုပ်ရေးစီမံကိန်းကို ​ဆောက်လုပ် ​ပေးသွားမှာဖြစ်ပြီး ​ဒီစာသင်ကျောင်းတွေကို ​ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ ​မြို့နယ် ​၁၇ ​မြို့နယ်အတွင်းမှာ ​စတင်အကောင်အထည်ဖော်နေပြီဖြစ်တယ်လို့လည်း ​သိရပါတယ်။

စီမံကိန်းအတွက် ​နီပွန်ဖောင်ဒေးရှင်းကနေပြီး ​အမေရိကန်ဒေါ်လာ ​၆ ​သန်းခန့် ​ကူညီထောက်ပံ့ ​ပေးသွားမှာ ​ဖြစ်သလို ​စာသင်ကျောင်းတွေ ​ဆောက်လုပ်ပြီးစီး ​ဖို့အတွက် ​၅ ​နှစ် ​စီမံကိန်း ​ရေးဆွဲ ​ထားတယ်လို့လည်း ​သိရပါတယ်။

လက်ရှိ ​ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ​စာသင်ကျောင်း ​အတော်များများဟာ ​ မိုးယိုတာ၊ ​လေတိုက်လို့ ​စာသင်မရတာ၊ ​ယိုယွင်းပျက်စီးနေတာတွေ ​အများအပြားဖြစ်နေပြီး ​အခြေအနေ ​အတော် ​ဆိုးဝါးနေတယ်လို့လည်း ​ဒေါ်ညိုအေးက ​ဆက်ပြောပါတယ်။

နိပွန်ဖောင်ဒေးရှင်းအဖွဲ့ဟာ ​ရခိုင်ပြည်နယ်အတွင်းက ​အခြေခံ ​မူလတန်းကျောင်းတွေအပြင် ​လမ်းပန်းဆက်သွယ်ရေးဆိုးဝါးတဲ့ ​မြို့နယ်တွေမှာလည်း ​မူလတန်းလွန်ကျောင်းတွေ ​တည်ဆောက်ပေးဖို့ ​အစီအစဉ်ရှိတယ်လို့လည်း ​သိရပါတယ်။

ဂျပန်နိုင်ငံ ​အခြေစိုက် ​နိပွန်ဖောင်ဒေးရှင်းအဖွဲ့ဟာ ​၁၉ ​၆၂ ​ခုနှစ်မှာ ​စတင်တည်ထောင်ထားတဲ့ ​အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ​လူသားချင်းစာနာမှုဆိုင်ရာ ​အကူအညီတွေ ​ပေးနေတဲ့ ​အဖွဲ့တစ်ဖွဲ့လည်း ​ဖြစ်ကြောင်း ​ရေဒီယို ​သြစတေးလျ ​သတင်းထောက် ​သန်းကျော်စိုးက ​သတင်းပေးပို့ထားပါတယ်။

No comments:

Post a Comment