Saturday, June 1, 2013

ကေ့ထျိုးဘိုးကျေးရွာမှ ကျောင်းဆက် မတက်နိုင်သူအတွက် အခမဲ့ ဘော်ဒါဆောင် ဖွင့်လှစ်မည်

ဝီလျှံရှိန်း၊ ဆန်းဖြိုးထွန်း

ကယားပြည်နယ် ဒီးမော့ဆိုမြို့ရှိ ကေ့ထျိုးဘိုးကျေးရွာဘက်များမှ ကျောင်းဆက်တက်ရန် အခက်အခဲဖြစ်နေကြသော ကလေး သူငယ်များအတွက် မြို့ပေါ်တွင် ပညာသင်ကြားပေးနိုင်ရန် ကေထျိုးဘိုး လူမှုဖွံ့ဖြိုးရေးအဖွဲ့မှ ကိုယ်ထူကိုယ်ထ ဘော်ဒါဆောင် တခု ဖွင့်လှစ်ထားရှိဖို့ အခမဲ့ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

ကေ့ထျိုးဘိုးကျေးရွာများရှိ ဆင်းရဲနွမ်းပါးသည့် မူလတန်းကျောင်းနေအရွယ်များ မြို့ပေါ်တွင် အလယ်တန်းအဆင့် အထက်တန်းအဆင့် ဆက်လက်ပညာသင်ကြား ဆည်းပူးနိုင်ရန် အဓိက ရည်ရွယ်ထားပြီး ကလေးငယ်များနေထိုင်ဖို့ အဆောက်အဦးကို ဒီးမော့ဆိုမြို့ ကေ့ထျိုးဘိုးခြံဝင်းထဲတွင် စတင်ဆောက်လုပ်နေပြီ ဖြစ်တယ်လို့ ကေ့ထျိုးဘိုးလူမှုဖွံ့ဖြိုးရေးဌာနမှ တာဝန်ခံဦးတော်ရယ်က ယခုလိုရှင်းပြပါတယ်။

ဦးတော်ရယ်က "အဆောက်အဦးဆောက်တာ ဝေးလံခေါင်းပါးတဲ့ ရွာတွေက ကျောင်းသားတွေက ကျောင်းဆက်တက်နိုင်ဖို့ သူတို့အတွက် အဆောင်နေဖို့ သူတို့ ပညာသင်ကြားဖို့ အဆင်ပြေအောင်ပေါ့နော်။ ဒီဆင်းရဲသားကလေးတွေ ကျောင်းဆက် တက်နိုင်အောင် ရည်ရွယ်ပြီးတော့ ဘော်ဒါဆောင် ဆောက်ပေးတာပါ၊ ကေထျိုးဘိုးကျေးရွာ ကလေးတွေ ဆက်ပညာသင်ကြားနိုင် ရန်အတွက် ရည်ရွယ်တာပါ" ဟု ပြောပြသွားပါတယ်။

ကလေးငယ်များ ပညာသင်ကြားနိုင်ရန်အတွက် ရန်ပုံငွေကို ယခုနှစ်မှစ၍ စိုက်ပျိုးရေး၊ မွေးမြူးရေး များကို ကိုယ်ထူကိုယ်ထ စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

ကေ့ထျိုးဘိုးဝင်းအတွင်းရှိ စိုက်ပျိုးမြေများတွင် ပြောင်း၊ နှမ်း၊ မြေပဲ တို့ကို အသင်း၏ လုပ်ငန်းများမှာ အသုံးပြုနိုင်အောင် စိုက်ပျိုးခဲ့တာဖြစ်ပြီး ယခုအခါတွင် ၄င်းစိုက်ပျိုးမှုမှ ရရှိသော အမြတ်ငွေများကို ကလေသူငယ်များ ပညာသင်ကြားရေး လုပ်ငန်းများအတွက် ရန်ပုံငွေ အဖြစ် စတင်အသုံးပြုသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

ဦးတော်ရယ်ကဆက်လက်၍ " ရန်ပုံငွေ ရဖို့လမ်းက ဒီတစ်လမ်းပဲရှိတယ်ပေါ့နော်၊ ကိုယ်ထူကိုယ်ထ လုပ်ရတော့ တခြားကိုမျော်လင့်လို့ မရတဲ့အတွက် ကိုယ့်အရင်းအနှီးကို ကိုယ့်ဟာကို ထုတ်သုံးမှ ရမှာပေါ့နော်" လို့ ပြောပြသွားပါတယ်။

ယခုနှစ်မှစ၍ မူလတန်းအောင် ကျောင်းသား၊သူ (၂၃) ယောက် လက်ရှိလက်ခံထားပြီဖြစ်ပြီး ကလေးများကို အထက်တန်းကျောင်း ပြီးတဲ့အထိ တာဝန်ယူသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

ကယားပြည်နယ်အတွင်းမှာ ဆင်းရဲနွမ်းပါးသော ကျေးလက်ဒေသဘက်မှ အများစုဟာ မြို့ပေါ်တွင် ကျောင်းဆက်တက်နိုင်ဖို့အတွက် ခရစ်ယာန်ဘာသာရေးကျောင်းများမှ ဘော်ဒါဆောင်တွင် သွားရောက် နေထိုင်ကြရတာ ဖြစ်ပါတယ်။ ယခုခါ ကေ့ထျိုးဘိုးကျေးရွာများမှ ကလေးငယ်တွေအတွက် အခွင့်အလမ်းတွေ ပေါ်ထွက်လာစေဖို့အတွက် ကေ့ထျိုးဘိုး လူမှုဖွံ့ဖြိုးရေးအဖွဲ့က စတင်ဦးဆောင်နေတာ ဖြစ်ပါတယ်။

ကေ့ထျိုးဘိုးလူမှု ဖွံ့ဖြိုးရေးဌာနသည် ကေ့ထျိုးဘိုးဂေါပကအဖွဲ့ချုပ် လက်အောက်တွင် ဖွဲ့စည်းထားရှိပြီး အဓိက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကိုယ်ထူကိုယ်ထဖြင့် သော်လည်းကောင်း ၊ INGOs အဖွဲ့အစည်းဖြစ်တဲ့ Care Myanmar ၊ ACF နှင့် NGO အဖွဲ့ဖြစ်တဲ့ ငြိမ်းဖောင်ဒေးရှင်းတို့နှင့် ပူးပေါင်းပြီး ဒေသအတွင်း ဆောင်ရွက်နေတဲ့ အဖွဲ့တခု ဖြစ်ပါတယ်။

No comments:

Post a Comment