Thursday, June 27, 2013

ကွယ်ပျောက်လို့သွား အစိမ်းရောင်ရပ်ဝန်းများ

ဆူးငှက်

''ပူလိုက်တာ ပူလိုက်တာ''တဲ့။ ဟုတ်သည်။ တော်တော်ပူသည်။ နံနက် ၅ နာရီဆိုသောအချိန်သည် အလွန်စောသော အချိန်ဖြစ်သော်လည်း၊ နေက ထန်းတစ်ဖျားမကရောက်နေပြီဟု ထင်မှတ်မှားရလောက်အောင် စူးစူးရဲရဲ လင်းချင်းကာ၊ အပူငွေ့တွေ ဒလေဟော ထုန်လွှတ်နေပြီး ဖြစ်သည်။ ကိုင်း ''ဒီအပူရှိန်မျိုးဆိုလျှင် နံနက် ၁ဝ နာရီ ၁၁ နာရီနှင့် မွန်းတည့် ၁၂ နာရီ၊ မွန်းလွဲ…နာရီပြန် ၁ ချက် ၂ ချက်အချိန်များ'' စဉ်းစားကြည့်ပါတော့။ ဒီအပူရှိန်က ညအထိ သယ်ဆောင်လာတာမို့ လက်မောင်းပြုတ်မတတ် ယပ်တောင်ခပ်ပြီး အအေးဓါတ်လေး မစို့မပို့ကို ရှာယူနေ ရသည်။ ပန်ကာတွေ၊ အဲယားကွန်းတွေ မမျှော်လင့်ပါနဲ့ဦးလေ။ လျှပ်စစ်မီးက အချိန်မှန်မှမလာတာ။ အင်း ... အကောင်းအမြင်အနေနဲ့ ပြောရရင်တော့ လျှပ်စစ်မီးက ခဏခဏလာနေတာ။

အခုလို ပူလောင်နေသော နေ့ရက်များကို ရင်တွင်းအပူကိုယ်စီနှင့် တစ်ပူပေါ်နှစ်ပူဆင့်၊ လူတစ်စု ပူမှုရယ် ဆယ်ကုဋေနှင့် အိုးရောပူစလောင်းရောပူ။ တပူပူတစာစာ အပူတွေ ရင်ဝယ်ပိုက် ဖြတ်သန်းနေရချိန်တွင် ထုံးစံအတိုင်း အတိတ်ကိုပဲ ပြန်လည်မှန်းဆ ... လွမ်းတရပြန်ချေသည်...။

ကိုင်း...မင်းတုန်းမင်းကြီးကပဲ စကြပါစို့ ...။ ဒါကလည်း ထုံးစံအတိုင်းပဲဟု ပြော ရဦးမည်။ မင်းတုန်းမင်းကြီးက မန္တလေးကို တည်တော့ အပူပိုင်းဇုန်မှာ မြို့တည်မှာမို့ သဘာဝပတ်ဝန်းကျင်ကိစ္စကို ခေတ်မီစွာစဉ်းစားခဲ့တာသေချာသည်။ မြောက်ဘက်မှာက နန္ဒာကန်တော်နှင့် ပေ ၉ဝဝ ကျော်မြင့်သော သစ်ပင်ဝါးပင် ဆေးဖက်ဝင် အပင်တို့နှင့် လန်းဆန်းဝေဆာလှကုန်သော မန္တလေးတောင်တော် ရှိသည်။ အရှေ့ဘက်မှာ ကြာပေါင်းစုံစုံ သင်းပြန့်ထုံသည့် အောင်ပင်လယ်ကန်တော် ရှိသည်။ အနောက်ဘက်မှာ ဧရာဝတီမြစ်နှင့် တက်သိမ်းအင်း ရှိသည်။ ဤသို့ဖြင့် ရေပတ်လည်ဝန်းရံနေသော နေရာတွင် မြို့တည်ပြီး၊ မြို့တွင်းမှာလည်း ဥတုသပ္ပာရမျှတစေရန် ကျုံးတော်ကြီး တူးဖော်သည်။ ရတနာနဒီ မြောင်းကြီး တူးဖော်သည်။ ဘိုးတော်ဘုရားလက်ထက်ကတည်းက ရှိခဲ့သော ''နှဲကုပ်သို'' မြောင်းကို ရွှေတစ်ချောင်းမြောင်းအဖြစ် ပြန်လည်ဆည်ဖို့သည်။ ထို့နောက် ရွှေလောင်းမြောင်း၊သေနတ်ဝန်မြောင်း။

ထိုမျှမက မင်းတုန်းမင်းက မြို့အင်္ဂါရပ်နှင့် လျော်ညီစွာ မြို့အရှေ့ခြမ်း၊ မြောက်မှ တောင်သို့လည်း တာ ၁ဝဝဝ (နှစ်မိုင်ကျော်) အလျားရှိပြီး အရှေ့အနောက် အနံတာ ၁၅ဝ (ကိုက် ၅၆ဝ ဝန်းကျင်) ရှိ ဥယျာဉ်တော်ကြီး ၂ဝ ကလည်း တစ်ဆက်တစ်စပ်တည်း တည်ဆောက်စိုက်ပျိုး ပြုစုပေးခဲ့သည်။ ထိုအချိန် ထိုအခါက မန္တလေးတွင်နွေရာသီအပူဒဏ်ကို အုတ်သားထုခိုင်မာ၍ လေဝင်လေထွက်ကောင်းကာ မြင့်မားလှသော ဘုန်းတော်ကြီးကျောင်း တိုက်ကြီးများ၊ ကျောင်းတိုက်အတွင်း မန်ကျည်း၊ ကုက္ကို၊ ထနောင်း၊ ခရေ၊ မယ်ဇယ်စသည့် သစ်ကြီးဝါးကြီး အရိပ်များ၊ မဟာမုနိ၊ ကုသိုလ်တော်၊ ရွှေကျီးမြင်၊ အိမ်တော်ရာစသည့် ဘုရားစေတီများမှ သာသနိက အဆောက်အဦးကြီးများ၊ ဘုရားဝင်းများမှ သစ်ကြီးဝါးကြီး အရိပ်များသာမက '' အလျား နှစ်မိုင်ကျော်၊ အနံတစ်ပြရှိသည့် ဥယျာဉ်တော်ကြီး ၂ဝ တို့၌လည်း အရိပ်အာဝါသ ခိုလှုံနိုင်သည်။ ထိုထို နေရာများသာမက ရွှေမြို့တော်အတွင်း ဆေးဝါး၊ သနပ်ခါးကအစ အဆင်သင့်ရှိသော၊ ဇရပ်ကြီး ရှစ်ဆောင်လည်း နားခိုနိုင်ဖို့ ထားရှိပေးပါသေး၏။ ရွှေမြို့နေလူထု နားခိုရာတွင် မပျင်းမရိ ရှိစေရန်သာမက ဘာသာရေး ယဉ်ကျေးမှုအသိပညာများ ရရှိနိုင်ရန်လည်း ဘုရားကျောင်းကန်၊ ဘုန်းကြီးကျောင်းတိုက်၊ ဇရပ်တန်ဆောင်းများတွင် ဗုဒ္ဓဝင်၊ ရာဇဝင်၊ နိပါတ်စသည့် သိမှတ်စရာများကိုလည်း ပန်းချီ ကားများ၊ စာတန်းများဖြင့်လည်း ချိတ်ဆွဲကာ ထားရှိပေးပါသေး၏။ ထို့ကြောင့် မင်းတုန်းမင်းခေတ်မှစ၍ ရတနာပုံရွှေမြို့တော်တွင် မြို့နေပြည်သူလူထုများ နွေအခါအပူဒဏ်ကို အတတ်နိုင်ဆုံး လျော့ကျခံစားရကာ နှလုံးစိတ်ဝမ်းသာယာကြပေမည်။

ပါတော်မူပြီးနောက် ရာသီဥတုနှင့် ထိန်းသိမ်းမှုစံများအရ မန္တလေးဝန်းကျင် ရေအင်း၊ ရေကန်၊ ရေအိုင်ကြီးများ ခမ်းခြောက်ကြသည်။ ၁,၉ဝဝ ကျော် ကာလ၌ အလျား ၇ မိုင်ခွဲ၊ အနံ သုံးမိုင်ခန့်ရှိ အောင်ပင်လယ်ကန် ကြီးက ကန်ရေများ ဖောက်ထုတ်ခမ်းခြောက်စေကာ လယ်မြေများ ဖော်ထုတ်လိုက်သည်။ ဝန်းကျင်ရေမြေများ အဆိုးဖက် အပြောင်းအလဲများပင် ဖြစ်သည်။ သို့သော် မြို့တွင်း ပြလမ်းများ၊ ဝဲယာသစ်ကြီးဝါးကြီးများ ပိုမိုစိုက်ပျိုးခြင်း၊ မန္တလေးတောင်တော်တွင် ဘုရား ပုထိုးနှင့် သာသနိကအဆောက်အဦးများ ပိုမိုတိုးတက်လာခြင်း၊ နဂိုရှိပြီး ဘုန်းတော်ကြီး ကျောင်းကြီးများအချို့ စစ်ဘေးစစ်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးရသော်လည်း အခြားသော ဘုရားပုထိုး များတွင် အရိပ်ခို ဇရပ်ဆောင်များ ပိုမိုများပြားလာခြင်းစသည့် အဆိုးအကောင်းများလည်း ဒွန်တွဲဖြစ်ပေါ်ခဲ့ပါ၏။ မည်သို့ဆိုစေ မြို့ကွက်နဂိုမူလတွင် အဆောက်အဦးများ တိုးတက်များပြားလာခြင်း ယာဉ်ရထားများ ပိုမိုလာခြင်း၊ရေကောင်းရေရှင် မြောင်းအများအပြား၊ ရေဆိုးရေပုတ်ရေသေ ဖြစ်လာခြင်းစသည့် ပျက်စီးမှုများလည်း ဒရစပ် ပေါ်ပေါက်ခဲ့ပြန်သည်။ မြို့သူ မြို့သားများက သစ်ကြီးဝါးကြီး စိုက်ပျိုးမှုကို ပိုမို အားစိုက်လာကြသော်လည်း အထင်ကရ ဥယျာဉ်တော်ကြီး ၂ဝ ကမူ ပျက်စီး၊ ဖျက်ဆီးခံရမှုဖြင့် နာလန်မထူနိုင်တော့။ ဤသို့ဖြင့် မန္တလေးသည် မူလ အစိမ်းအစို အအေးအမြရေချိန် နိမ့်ပါးခဲ့ရပါလေ၏။

မြို့သူမြို့သားတို့ အပူဒဏ် ခံကြပါလေကုန်။ လွတ်လပ်ပြီးခေတ်၊ လွတ်လပ်သော သမ္မတနိုင်ငံတော်တွင် ဖွားဖက်တော်အဖြစ် ပြည်တွင်းစစ်မီးကြီး ဟုန်းဟုန်းတောက်ခဲ့သော်လည်း မန္တလေးမြို့ပေါ်အနေနှင့်မူ ပြည်တွင်းစစ်ဒဏ် မခံရသလောက်ဟု ပြောရပေတော့မည်။ ကေအင်ဒီအိုတို့ ဝင်တုန်းကတော့ အနည်းအကျဉ်း ရှိမှာပေါ့။ ထားပါတော့။ ထို့ကြောင့် မြို့လူဦးရေ၊ ယာဉ်ရထားတို့ တိုးပွားမှုအရှိန်အဟုန် မရပ်တန့်ဘဲ မှန်မှန် တိုးတက်ခြင်းတွင် မြို့တွင်း ''အစိမ်းရောင် ရပ်ဝန်း'' များကား၊ အချိုးညီ မတိုးတက်နိုင်ခဲ့။ ဘာသာတရား၏ အမွေအနှစ်ဖြစ်သည့် ဘုရာကျောင်းကန် ဇရပ်တန်းဆောင်းတို့ အရိပ်အာဝါသကပဲ ခိုင်မြဲနေပါချေ၏။ ပြည်တွင်းစစ်မီးကြောင့် သဘာဝဝန်းကျင် မပျက်ယွင်းသော်လည်း ပြည်တွင်းစစ် အစိတ်အပိုင်း တစ်ခုကြောင့် မန္တလေးတွင် အဖိုးတန် အစိမ်းရောင်ရပ်ဝန်း တစ်ခု လက်ဆောင်ရလိုက်သည်ဟုဆိုလျှင် မဖွယ်မရာ ကောက်ချက်အဖြစ် အပြစ်တင်စရာ ဖြစ်ပေမည်။ ဒီအဖြစ်က ဒီလို။ ပြည်တွင်းစစ်ကာလ မြန်မာပြည် မြေလတ်ပိုင်းရှိ နာမည်ကျော် ''မသုံးလုံး'' နယ်မြေသို့ အစိုးရစစ်တပ်မှ ''အောင်မာဃ'' အမည်ရှိ စစ်ဆင်ရေး ဆင်နွှဲသောအခါ ကွန်မြူနစ်တော်လှန်ရေး ဗိုလ်တစ်ဦးဖြစ်သည်ဗိုလ်အာဠာဝကအား ဖမ်းဆီးမိလိုက်နိုင်သဖြင့် မန္တလေးနန်းတွင်း အခြေစိုက် န.မ.ခ (အနောက်မြောက်တိုင်း စစ်ဌာနချုပ်)သို့ ဆုငွေချီးမြှင့်ခဲ့ရာ ထိုဆုငွေများဖြင့် မန္တလေးမြို့လယ်၌ အများပြည်သူများ အပမ်းဖြေနိုင်မည့် ဥယျာဉ်ကြီးတစ်ခု တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်ပါ၏။ ထိုစဉ်က န.မ.ခ စစ်တိုင်းမှူးမှာ ဗိုလ်မှူးချုပ် စန်းယု (ကွယ်လွန်သူ သမ္မတကြီးဟောင်း) ဖြစ်ပါသည်။ ဥယျာဉ်ကြီးမှာလည်း မန္တလေး နန်းမြို့ရိုးတောင်ဘက်အခြမ်း၊ ကျုံးနှင့် မြို့ရိုးကြီးအကြား မင်္ဂလာတံခါး (၇၃) လမ်းမှ ယခင် မတ္တရာမီးရထားလမ်း ကျုံးကူးတံတား (၇၉လမ်း) အထိ ၆ ပြ (ဒဿမ ၆၃ မိုင်ဝန်းကျင်) အလျားနှင့် အနံ ပေ ၂ဝဝ နီးပါးရှိသော၊ '' မန်းသီတာဥယျာဉ်'' ကြီးပဲ ဖြစ်ပါ၏။ မြို့၏ အထင်ကရ နန်းမြို့ကြီးနဘေး၊ လူနေစည်ကား ရပ်ကွက်ကြီးနှင့် ကျုံးပဲခြား၍ တည်ရှိခြင်း၊ အပန်းဖြေရုပ်ရှင်ရုံများ၊ ဘူတာ၊ တရုတ်တန်း လမ်းမ၊ ဈေးချိုစသည့် အထင်ကရ နေရာများနှင့် ထိကပ်နီးစပ်နေခြင်း၊ ဘတ်စ်ကားလိုင်းမြင်းလှည်း၊ စက်ဘီးစသည်ဖြင့် လျင်မြန်လွယ်ကူစွာ သွားလာနိုင်ခြင်းတို့ကြောင့် ''မန်း သီတာဥယျာဉ်'' သည် အဆင်ပြေလှသည့် လူထုအပန်းဖြေနေရာကြီး ဖြစ်ခဲ့ပါ၏။ တောင်ဖက်ခြမ်း တစ်လျှောက်လုံး ပေ ၂ဝဝ ဝန်းကျင် ကျယ်သည့် ကျုံးရေပြင်၊ မြောက်ဘက်မှာလည်း မြို့ရိုး၊ ကလနားနှစ်ဘက်ကြား အရိပ်ရသစ်ပင်ကြီးများ၊ အလှ စိုက်ပန်းပင်ရုံများ၊ ရေ ကန်ငယ်စမ်းချောင်းများ၊ ကျောက်ဆောင်ကျောက်တောင်ကမူများ၊ အပျော်စီးဒါန်း၊ ဆီးဆော၊ တိရစ္ဆာန်ရုပ်များနှင့် လျောစင်၊ ရဟပ်၊ခြား၊ အားကစားအထောက်အကူပြု ပစ္စည်းများ''စသည်တို့အပြင် မိုးပျံ တံတား၊ ကြောင်လိန်လှေကား၊ တောတွင်းသစ်ပင်ကူး ကြိုးတံတားစသည်များလည်း တည်ဆောက် ပါရှိထား၏။ အလှရေပန်း၊ ရေငုတ်၊ ထိုင်ခုံ၊ အနားယူအဆောင်ငယ်တို့လည်း သူ့နေရာနှင့်သူ အချိုးကျပါရှိ၏။ ဥယျာဉ်တွင်း လမ်းများသည်လည်း မြေလမ်း၊ သဘာဝကျောက်လမ်း၊ ကုန်းတက်လျှိုကြား ''ဝေ့ဝိုက်လမ်း'' စသည်တို့ဖြင့် အလှဆင်ထားသည်။

ထို့ပြင် ''မြို့တွင်း၊ ၂၆ ဘီလမ်း (အာဇာနည်လမ်းမ)မှ ဥယျာဉ်တွင်းသို့ ၇၆ လမ်းအနီးရှိ လူကူးတံတားမှာလည်းခေတ်မီဆန်းသစ်ပုံစံ တည်ဆောက်ကာ မေတ္တာ ပေါင်းကူးတံတားဟုလည်း အမည်ပေးထားသည်။ မန်းသီတာ ဥယျာဉ်တွင် စားသောက်ဆိုင်၊ ဈေးဆိုင်၊ ဓါတ်ပုံဆိုင်တို့ကို ကန့်သတ်ထားသည့် အရေအတွက် ကန့်သတ်ထားသည့် အကျယ်အဝန်းအတိုင်းသာ ခွင့်ပြုခဲ့၍ အပန်းဖြေနိုင်မှု ဧရိယာပမာဏက ယုတ်လျော့လျားခြင်းမရှိခဲ့''။ ယခုလို ပူပြင်းလှသောနွေရာသီတွင် မန်းသီတာဥယျာဉ်၏ သစ်ရိပ်ဝါးရိပ်တွင် ကျုံးပြင်ပေါ် ဖြတ်သန်းလာသော လေကိုခံစား ရင်း အပူရှောင်နိုင်သည်။ ပြန်ကြားရေး စာကြည့်တိုက်လေးလည်း ရှိလို့'' သတင်းစာ၊ စာစောင်တွေလည်း ဖတ်နိုင်သေးတာပေါ့။ မှတ်မှတ်ရရ…၁၉၉ဝ ဝန်းကျင် ကာလ တစ်ခုသော နွေနေ့လည်ခင်းမှာ ဟေမာဇလပ်ရပနေအိမ်မှသည် သုံးလေးနှစ် အရွယ်သားအကြီးကို ကလေးထိန်း မန်းသီတာဥယျာဉ် ပြန်ကြားရေး စာကြည့်တိုက် အတွင်း အပူဒဏ်ရှောင်ရင်း ''ငါးတို့ပျော်ရာ တောင်သေလာ'' အမည်ရှိ ဝတ္ထုတိုတစ်ပုဒ် ရေးဖြစ်ခဲ့ပါသည်။

အဆိုပါ အဖိုးတန် ''မန်းသီတာဥယျာဉ်'' သည်ကား ၁၉၉၅ ခုနှစ်က အပြီးတိုင် ဖျက်သိမ်းလိုက်ပြန်ပေါ့။ အရိပ်ခိုစရာ မြို့လယ်မှာ ဘာတစ်ခုမှ မကျန်တော့။

အခုလက်ရှိ မန္တလေးမှာ လူထုအပန်းဖြေစရာ အစိမ်းရောင်ရပ်ဝန်းတွေ ပိုမို ရှိမလာဘူးလား။ ဆူးငှက်က အဆိုးမြင်လှချည့်ဟု အပြစ်ဆိုသူက ဆိုချေမည်။ အနောက်ပိုက်ကျုံးမှာ မြို့တော်ဥယျာဉ် မရှိဘူးလားတဲ့။ ဟုတ်ကဲ့ သွားရေးလာရေး ခက်ပါသည်။ ပြုပြင် ထိန်းသိမ်းမှု အားနည်းပါသည်။ ပတ်ဝန်းကျင်က သန့်ပြန့်အေးမြ ဆိတ်ငြိမ်မဟုတ်။

ဒါဖြင့် နာမည်ကျော် ကန်တော်ကြီး ဥယျာဉ်ကရော။ ဟုတ်ကဲ့။ ကနဦးအစ စီမံကိန်းကဖြင့် တကယ့် လူထုအပမ်းဖြေ ဥယျာဉ်ကြီးအသွင်ပါပဲ။ နောက်တော့ ပိုက်ဆံတွေရမည့် စားသောက်ဆိုင်တွေ၊ ဘီယာဘားတွေ၊ ကေတီဗွီတွေ၊ အကင်ဆိုင်တွေ၊ စင်တင်တွေ စသည်ဖြင့် မြေလွတ်မကျန်သာမက၊ ရေလွတ်ပင်မချန်၊ ရေပေါ်က အများပြည်သူ အပန်းဖြေစင်ကိုပါမကျန် ဈေးဆိုင်တွေ ဖွင့်လိုက်ကြတော့၊ တိုးကျိုဝင်ဇာ လမ်းမလိုလို၊ ဘန်ကောက် ပက်ဖုန်းလိုလို၊ ဟိုဟာလိုလို၊ ဟိုရပ်ဝန်း ဒီရပ်ဝန်းလိုလို အညှော်စုံမွှန်းမွှန်းထသော နေရာ ကြီး ဖြစ်သွားပြန်၏။ လူထု အပန်းဖြေ မူလအစီစဉ်မှ တက်တက်စင် လွဲရပြန်ချေပြီ။

ကမ်းနားလမ်းလျှောက် လူထု အပန်းဖြေဥယျာဉ် ''ဟူသော ခနော်ခနဲ့ ဆိုင်းဘုတ်လေးတွေနှင့် နေရာတွေကရော။ အမလေးလေ..တမျှော်တခေါ်အဝေးကြီး၊ သွားပြီး အ ပန်း မဖြေရဲပေါင်၊ သွားရဲသွားကြည့်ကြလေ။ ကိုင်း ယုတ်စွ အဆုံး၊ သဘာဝက ပေးအပ်ခဲ့သည့် မန္တလေးတောင်ပေါ်မှာပင် ဇရပ်မကျန် မြေလွတ်မကျန် ဈေးဆိုင်တွေချည်းဖြစ်ကုန်ပြီ မဟုတ်လား။ ဒါတောင် ဘုရားပရိဝုဏ်တွေထဲထိ ဈေးဆိုင်တွေက သိမ်းပိုက်နယ်ချဲ့ဖို့ ဟန်တပြင်ပြင်။ နာမည်ကျော် တောင်သမန်အင်း၏ မယ်ဇယ်တန်းကလည်း ပိုက်ဆံရလို့ ချထားပေးသည့် ဈေးဆိုင်များ၏ မိးဖို၊ မီးခိုးများအောက် ပျက်စီးပျောက်ဆုံး ကုန်လေပြီ။

တကယ်တော့ ဈေးဆိုင် စားသောက် ဆိုင်များက''လူထုအစိမ်းရောင်နယ်မြေ''များ မဟုတ်။ အခုလိုအပူရှိန်တေပြင်းထန် လောဘ၊ မောဟ၊ ဒေါသ အပူလှိုင်းတွေ ပြင်းထန်လာလေတော့ ၁၉၈ဝ ကျော်ဝန်းကျင်က မန်းသီတာ ကိုသာ လွမ်း ...။

No comments:

Post a Comment