Sunday, June 2, 2013

လားရှိုးမြို့ ပဋိပက္ခကြောင့် မူစယ်အစ္စလာမ်များ တိမ်းရှောင်

သျှမ်းသံတော်ဆင့်

ယခုလ ၂၈ ရက်နေ့က သျှမ်းပြည် (မြောက်ပိုင်း) လားရှိုးမြို့၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ ဒေသတွင်းကူးစက်လာ မည်ကို စိုးရိမ်သောကြောင့် မူစယ်မြို့တွင် နေထိုင်ကြသည့် အစ္စလာမ်ဘာသာဝင်အများစု ရှောင်တိမ်းနေကြောင်း အဆိုပါ ဘာ သာဝင် တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“မူစယ်မှာတော့ မနေတော့ဘူး ။ခဏ ရှောင်နေလိုက်တာပေါ့။ အဲဒါပိုကောင်းပါတယ် ။ ကိုယ်တွေနဲ့ သူတို့နဲ့လည်း ဘာရန်ငြိုးမှ ရှိတာမဟုတ်ဘူး။ ကိုယ့်သဘောနဲ့ကိုယ်ရှောင်ထွက်နေလိုက်တာပါပဲ ။ မူစယ်မှာတော့ အစ္စလာမ် ဘာသာဝင် အကုန်လုံးရှောင် သွားကြပါပြီ။ ထိပ်တိုက်ရင်ဆိုင်မယ်ဆိုတာမျိုး ဘယ်သူ့မှာမှ မရှိပါဘူး။ အားလုံး လည်း စိတ်ဆင်းရဲနေတယ် ” ဟု သူက ပြော သည် ။

တချို့မှာ ဆွေမျိုးများရှိရာ တောနယ်ဘက်သို့ ရှောင်တိမ်းကြပြီး တချို့က မူစယ်မြို့နှင့် ကပ်လျှက်ရှိသည့် တရုတ် ဂျယ် ဂေါင်ဘက်သို့ ရှောင်တိမ်းကြကြောင်း သိရသည် ။

အဆိုပါ ပဋိပက္ခကြောင့် အစ္စလာမ်ဘာသာဝင်များ ပိုင်ဆိုင်သည့် မူစယ် - မန္တလေး GI ခရီးသည်တင် ဘတ်စ်ကား လိုင်း ရပ် နားထားရသော်လည်း ကုန်စီးဆင်းမှုနှင့် ယာဉ်အသွားအလာများ ပုံမှန်ရှိကြောင်း မူစယ်မြို့ခံတစ်ဦးက ပြောသည် ။

“လားရှိုးမှာ ဖြစ်တဲ့နေ့ကတော့ ယာဉ်အသွားအလာတွေ နည်းသွားတယ်။ အခုကတော့ပုံမှန်ပါပဲ ။ လောလော ဆယ် အစ္စလာမ် ဘာသာဝင်တွေ ပိုင်တဲ့ ဘတ်စ်ကားလိုင်းတော့ နားထားတယ် ။ တခြားလူတွေကလည်း မစီး ရဲကြဘူးလေ ” ဟု အဆိုပါမြို့ခံက ဆို သည် ။

ယာဉ်အသွားအလာများ ပုံမှန်ရှိသည့်တိုင် လမ်းခရီးနှောင့်နှေးကြန့်ကြာမှုများ ရှိနေကြောင်းလည်း သိရသည် ။

“ကားတွေသွားတော့သွားနေပါတယ်။ နည်းသွားတာပေါ့ ။ လူတွေလည်းကြောက်ကုန်တာပေါ့ ။ သွားကြတဲ့ သူတွေလည်း လမ်းခရီး နှောင့်နှေးမှုတွေ ဖြစ်တယ် ။ တချို့နေရာတွေမှာ ရဲက အထက်ကိုလှမ်းမေး ခွင့်ပြုချက်နဲ့ သွားရတာတွေရှိတယ် ” ဟု နောက်ထပ် မြို့ခံကုန်သည်တစ်ဦးက ဆိုသည် ။

အဆိုပါပဋိပက္ခဖြစ်ပွားသည့် ညပိုင်းက မူစယ်မြို့ ၄၅ ကုန်းတွင် လူအများစုဝေးမှု ရှိခဲ့ပြီး ရဲများအချိန်မီရောက်လာ သဖြင့် လူစုကွဲသွားခဲ့သော်လည်း ယနေ့အထိ ကောလဟာလ သတင်းအမျိုးမျိုး ထွက်ပေါ်နေကြောင်းလည်းသိရ သည် ။

No comments:

Post a Comment