Friday, June 21, 2013

မြန်မာနိုင်ငံအပေါ် တားမြစ်ချက် မှန်သမျှ ILO ရုပ်သိမ်း

Naung Dah

၁၀၂ ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) ညီလာခံတွင် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် တားမြစ်ချက် အားလုံးကို ရုပ်သိမ်းလိုက်ပြီး ဖြစ်ကြောင်း ထုတ်ပြန် ကြေညာပြီးဖြစ်သည်ဟု အစည်းအဝေးကို တက်ရောက်နေသည့် မြန်မာနိုင်ငံ တောင်သူလယ်သမားများနှင့် စိုက်ပျိုးရေး အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (AFFM) မှ ဥက္ကဌလည်းဖြစ်၊ မြန်မာနိုင်ငံ၏ တရားဝင် အလုပ်သမား ကိုယ်စားလှယ်လည်း ဖြစ်သည့် ဒေါ်သန်းသန်းဌေးက ဆိုပါသည်။

“ ဒီလိုပါ ILO အနေနဲ့ အတင်း အဓမ္မ လုပ်အားပေးမှုနဲ့ အသင်းအပင်း ဖွဲ့စည်းခွင့်အပေါ် မူတည်ပြီးတော့ မြန်မာအပေါ် အချက် (၈) ချက်ပါတဲ့ စီးပွားရေး ဒဏ်ခတ်မှုနဲ့ တားမြစ် လာခဲ့တာပါ။ အဲဒါကို အခြေအနေ တိုးတက်တဲ့ အနေအထားပေါ် မူတည်ပြီးတော့ လျှော့ပေး လာခဲ့တယ်။ ပြီးခဲ့တဲ့ (၁၀၁) ကြိမ်မြောက်မှာ ဆိုရင် အချက် (၆) ချက်အထိ လျှော့ချခဲ့ပါတယ်။ ဒီနှစ်မှာတော့ ကျန်နေတဲ့ အချက် (၂) ချက်ကို ဆက်လျှော့လိုက်တော့ တားမြစ်ချက် အားလုံးကို ရုပ်သိမ်းသွားလိုက်တဲ့ သဘောပါဘဲ” ဟု ဆိုပါသည်။

အရေးယူမှုများ ရုပ်သိမ်းကြောင်း ဆုံးဖြတ်ချက်ထဲတွင်ILO နှင့် မြန်မာ အစိုးရအကြား ချုပ်ဆိုထားသည့် ၂၀၀၇ ခုနှစ် ဖြည့်စွက် သဘောတူညီချက်၊ ၂၀၁၂နားလည်မှု စာချွန်လွှာများ အပါအ၀င် ၂၀၁၅ ၌ အဓမ္မ လုပ်အားပေး ခိုင်းစေမှုပပျောက်ရေး စီမံချက်များကို ILO နှင့် မြန်မာအကြား ဆက်လက် ဆောင်ရွက်သွားရန် နိုင်ငံတကာ အလုပ်သမား ညီလာခံက ဆုံးဖြတ်ထားပါသည်။

ILO သည် အတင်းအဓမ္မ လုပ်အားပေးမှု ပပျောက်ရေး ဆိုင်ရာ ၁၉၃၀ ခုနှစ် ILO သဘော တူညီချက် အတိုင်း ILO ဖွဲ့စည်းပုံပုဒ်မ ၃၃ အရ မြန်မာ နိုင်ငံအား အရေးယူ ခဲ့ခြင်းဖြစ်ပါသည်။ ယခုကဲ့သို့ ရုပ်သိမ်း လိုက်သော်လည်း အဓမ္မလုပ် အားပေးမှု၊ ကလေးစစ်သား ပြသနာနှင့် အသင်းအပင်း ဖွဲ့စည်းမှုများ ပြည့်စုံ လုံလောက်သော အခြေအနေကြောင့် မဟုတ်ဘဲ တိုးတက်လာသည်ကို အားပေးသည့် အနေဖြင့် တားမြစ်ချက်များ ရုပ်သိမ်းပေးလိုက်ခြင်း ဖြစ်သည်ဟု ဆိုပါသည်။

ဤကဲ့သို့ ရုပ်သိမ်း လိုက်သဖြင့် မြန်မာနိုင်ငံနှင့် ILO အကြား ဆက်ဆံရေးသည် အခြားနိုင်ငံတကာကဲ့သို့ ပုံမှန် ဆက်ဆံရေး အဆင့်ကို ပြန်လည် ရောက်ရှိသွားပြီး ဖြစ်ပါသည်။ ထို့အပြင် တချိန်တည်း၌ မြန်မာနိုင်ငံတွင်း အတင်း အဓမ္မ လုပ်အားပေး ခိုင်းစေမှုများ ပပျောက်ရေးအတွက် ဘဏ္ဍာငွေကြေးအရ အကူအညီများ ပေးကြရန် နိုင်ငံတကာအား ILO မှ တိုက်တွန်း ခဲ့ပါသည်။

ဤသို့ကြောင့် သဘော တူညီချက်အရ မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်တွင် အဓမ္မလုပ်အားပေး ခိုင်းစေမှု ပံ့ပျောက်ရေး အတွက် ILO နှင့် ဆက်လက် ပူးပေါင်း ဆောင်ရွက် သွားကြရဦးမည် ဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ဖွဲ့စည်း လှုပ်ရှားခွင့် အခြေအနေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၏ ဂယက်နှင့် လုပ်ငန်းခွင်အခြေအနေ များကိုလည်းILO မှ သုံးသပ် စီစစ်သွားရန် ရှိပြီး ILO အုပ်ချုပ်ရေး အဖွဲ့မှ ကိုင်တွယ် သွားမည်ဖြစ်သည်။

၁၀၂ ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် အစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပနေဆဲ ဖြစ်ပြီး ပြီးခဲ့ သည့် ဇွန်လ (၁၀) ရက် ကတည်းက မြန်မာနိုင်ငံ အကြောင်း ဆွေးနွေးလာခဲ့ပါသည်။

No comments:

Post a Comment