ABC
ရခိုင်ပြည်နယ် သံတွဲမြို့မှာ မငြိမ်သက်မှုတွေဖြစ်ပွားနေတဲ့အတွက် ဇွန်လ ၃၀ရက်နေ့ကစပြီး ညနေ ၆နာရီကနေ မနက် ၄နာရီထိ ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။
သံတွဲမြို့အတွင်းမှာ အသက် ၁၉နှစ်အရွယ်ရှိ ရခိုင်အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး ဒေသခံရခိုင်လူမျိုးတွေက မကျေမနပ်ဖြစ်နေကြပြီး အပြန်အလှန် တိုက်ခိုက်မှုတွေ ရှိခဲ့သလို ရဲစခန်းမှာ ထိန်းသိမ်းထားတဲ့ ပြစ်မှုကျူးလွန်သူလို့ ယူဆရသူ ၁ ယောက် ကိုထုတ်ပေးဖို့ တောင်းဆို ခဲ့တဲ့အတွက် ကြိုတင် ထိန်းသိမ်းနိုင်ဖို့ ကာဖြူးအမိန့် ထုတ်ပြန် တာ လို့ ပြည်နယ် လွတ်တော် အမတ် ဦးအောင်မြကျော်က အခုလိုပြောပါတယ်။
ဒီညနေပဲ ကာဖြူးအမိန့်ထုတ်လိုက်တာပါ၊ နေ့လည်ပိုင်းကဖြစ်တဲ့ပြဿနာပါ၊ ကုလား၂ယောက်က ရခိုင် မလေးတစ်ယောက်ကို မုဒိမ်းကျင့်လိုက်တယ်၊ မုဒိမ်းကျင့်တဲ့ အဲဒီပြဿနာကတက်လာတယ်၊ အဲဒီမှာ တ မြို့လုံးသိသွားပြီးရင် ရဲစခန်းကိုမြို့ပေါ်လူထုတွေက အကုန်လုံးဝိုင်းလာကြတာ၊ နေ၀င်လာတော့ အဲဒီမှာ ပြဿနာက စတက်ပြီ၊ အဲဒီတော့ ဒီ ၇နာရီလောက်အချိန်မှာပဲ စပြီး မြို့နယ် အုပ်ချုပ်ရေးမှူးက မြို့ထဲအပြင် ကာဖြူးအမိန့် စထုတ်လိုက်တာပါ။
နှစ်ဘက်အုပ်စုတွေက ကျောက်ခဲတွေနဲ့ အပြန်အလှန် ပစ်ပေါက်ခဲ့ကြသလို မနေ့ညပိုင်းမှာ နှစ်ဘက် အပြန်အလှန် မီးရှို့မှုတွေကြောင့် အိမ်တချို့ မီးလောင်ကျွမ်းခဲ့တယ်လို့ သိရပြီး မီးငြိမ်းသတ်ဖို့ ကြိုးစားနေသလို လုံခြုံရေးတင်းတင်းကြပ်ကြပ် ချထားတယ်လို့ ပြောပါတယ်။
လက်ရှိအခြေအနေမှာတော့ ရခိုင်အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့သူလို့ ယူဆထားသူ ၂ဦးထဲက ၁ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ ပေမဲ့ တဦးကတော့လွတ်မြောက်နေဆဲ ဖြစ်တယ်လို့လည်း ဦးအောင်မြ ကျော်က အခုလိုဆက် ပြောပါတယ်။
ဒီဘက်ရွာတရွာနဲ့ တရွာသွားတဲ့နေရာမှာ လိုင်းကားတွေမရှိတော့ အဲဒီကောင်မလေးက ဆိုင်ကယ်ကယ်ရီနဲ့ တက်လိုက်လာတယ်လို့ ပြောတယ်၊ ဆိုင်ကယ်ကယ်ရီကုလားက အဲဒီအချိန်မှာပဲ တောင်ကြောကိုဖြတ်တဲ့အချိန် မှာ မုဒိမ်းကျင့်တာ။
အခုညနေပိုင်းမှာတော့ ကာဖြူးအမိန့်ထုတ်ပြန်ထားပေမဲ့ ဒေသခံရခိုင်လူမျိုးတွေနဲ့ မွတ်ဆလင်တွေကြား အခြေအနေတွေဟာ တင်းမာနေဆဲပဲလို့လည်း သိရပါတယ်။
လုံခြုံရေးသမားတွေရဲ့ ပစ်ခတ်မှုကြောင့် ဒုက္ခသည် နှစ်ဦးသေဆုံး
ပြီးခဲ့တဲ့ ကြာသပတေးနေ့က ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင်းက ဒုက္ခသည်စခန်းတစ်ခုမှာ ပဋိပက္ခဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် ဒုက္ခသည်နှစ်ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရသွားတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
ပေါက်တောမြို့နယ်တွင်းရှိ ဒုက္ခသည်စခန်းမှာ ဆောက်လုပ်ရေးတွေလုပ်နေပြီး ဆောက်လုပ်ရေးတွေ ပြီးစီးသွားရင် ပြန်နေခွင့်မရမှာကို ဒုက္ခသည်တွေက စိုးရိမ်ပြီး စခန်းတာဝန်ရှိသူတွေနဲ့ အာဏာပိုင်တွေကို တိုက်ခိုက်ရာက လုံခြုံရေးတပ်တွေက ပစ်ခတ်ခဲ့တာလို့ ပြောကြောင်းလည်း သိရပါတယ်။
ပြင်ဦးလွင်မှာ ဗုံးပေါက်ကွဲ တချို့ ဒဏ်ရာရ
မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ ဇွန်လ ၃၀ရက်နေ့က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာ ရရှိမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီဗုံးပေါက်ကွဲမှုဟာ ပြင်ဦးလွင်မြို့ မန္တလေး-လာရှိုးကာလမ်းမမှာ ရပ်ထားတဲ့ ဆိုင်ကယ်တစ်စီးကနေ ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ပြင်ဦးလွင် ဒေသခံတဦးက အခုလိုပြောပါတယ်။
ဗုံးပေါက်ကွဲတဲ့ကိစ္စက တရုတ်ကယ်ရီဆိုင်ကယ်ကနေ ဗုံးပေါက်ကွဲတာပေါ့နော်၊ ဒဏ်ရာရတာကတော့ ဗိုလ်လောင်းတယောက်ပါတယ်၊ တက်ကြပ်ကြီး တယောက်ပါတယ်လို့ ကြားတယ်ခင်ဗျ၊ သေဆုံးတာတော့ မရှိဘူးတဲ့ခင်ဗျ။
ဗုံးပေါက်ကွဲမှုကြောင့် အရပ်သားတဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘယ်သူ့လက်ချက်လည်း ဆိုတာကို ခုထိမသိရှိရသေးပဲ သက်ဆိုင်ရာ အာဏာပိုင်တွေက စုံစမ်းမှုတွေပြု လုပ်နေတယ်လို့ ရေဒီယိုသြစတြေးလျ သတင်းထောက် မြတ်မိုးက သတင်းပေးပို့ခဲ့ပါတယ်။
No comments:
Post a Comment