ABC
မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကိစ္စနဲ့ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU ခေါင်းဆောင်တွေနဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းတပ်ဖွဲ့က ခေါင်းဆောင်တွေ ရန်ကုန်မြို့ကို ရောက်ရှိနေပြီး မြန်မာငြိမ်းချမ်းရေးစင်တာ MPC က နည်းပညာအကြံပေးအဖွဲ့တွေနဲ့ သြဂုတ်လ ၂၃ ရက်နေ့က ရန်ကုန်မြို့ MPC ရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
လာမယ့် အောက်တိုဘာလအတွင်းမှာ ပြည်လုံးကျွတ် အပစ်အခတ်ရပ်စဲရေး ကြေညာနိုင်ဖို့နဲ့ နေပြည်တော်မှာ အကြိုဆွေးနွေးပွဲတွေကျင်းပနိုင်ဖို့ တိုင်းရင်းသား ခေါင်းဆောင်တချို့နဲ့ ပြည်တောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ၀န်ကြီးတွေ နေပြည်တော်မှာ အခုလကုန်မှာ တွေ့ဆုံမှာဖြစ်တယ်လို့ ရန်ကုန်မြို့ကို ရောက်ရှိနေတဲ့ SSA တောင်ပိုင်းတပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဆိုင်း က ပြောဆိုပါတယ်။
၃၁ ရက်နေ့မှာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတွေနဲ့ နေပြည်တော်မှာ တွေ့ဖို့ MPC က စီစဉ်ပေးထားတာတွေ ရှိပါတယ်၊ ဒီ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ကိစ္စကို အစိုးရနဲ့ ဆွေးနွေးဖို့ အောက်တိုဘာလ အကုန်လောက်မှာ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ကိစ္စကို ဖြစ်အောင် ဆောင်ရွက်မယ်လို့ အစိုးရဖက်ပိုင်းက ပြောထားပါတယ်။ ၂၀၁၄ မတ်လလောက်မှာ နိုင်ငံရေး ဆွေးနွေးပွဲတွေကို ကျင်းပနိုင်ပါလိမ့်မယ်လို့ သူတို့က အဲ့လိုမျိုး ရည်ရွယ်ထားပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေးအတွက် အဖွဲ့အစည်း အသီးသီးကနေပြီး ပဏမ အပစ်အခတ်ရပ်စဲရေးကို ပထမအဆင့် လုပ်ဆောင်ပြီးရင်၊ ဒုတိယအဆင့်အနေနဲ့ ပြည်လုံးကျွတ်အပစ်အခတ်ရပ်စဲရေး လုပ်သွားမှာဖြစ်ပြီး၊ တတိယအဆင့်မှာတော့ နိုင်ငံရေးပြသနာတွေကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ စီစဉ်ထားကြတယ်လို့ ဆက်ပြောပါတယ်။
လောလောဆယ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၄ ဖွဲ့နဲ့ ပြည်တောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့တို့အကြား အပစ်အခတ်ရပ်စဲရေး ပဏာမ သဘောတူ လက်မှတ်ထိုးထားပြီး ပလောင်ပြည်နယ်လွတ်မြောက်ရေး တပ်ဦး PSLF နဲ့ ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ KIO တို့ နှစ်ဖွဲ့သာ အပစ်အခတ်ရပ်စဲရေးလုပ်ဖို့ ကျန်ရှိနေသေးတာဖြစ်ကြောင်း ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုး က သတင်းပေးပို့ထားပါတယ်။

No comments:
Post a Comment