Friday, August 2, 2013

ဂွမြို့မှ လူငယ် တစ်ဦးကို အမူ တစ်ခုအတွက် နှစ်ကြိမ် ထောင်ချ

နိရဉ္စရာ

ရခိုင်ပြည်နယ် ဂွမြို့မှ လူငယ် တစ်ဦးသည်အမူ (၁) ခုအတွက် ထောင် (၂) ကြိမ် ချမှတ် ခံထားရသည်ဟု သတင်းရရှိသည်။

အဆိုပါ လူငယ်မှာ ကိုသက်လွှင် ဖြစ်ပြီး အမူတစ်ခု အတွက် ပထမ အကြိမ် ထောင် (၄) လ ချမှတ်ခံရပြီး ထောင်ကလွတ်လာပြီးနောက် အဆိုပါ အမူနှင့်ပင် ဂွမြို့နယ် တရားသူကြီး နောက်ထပ် ထောင် (၆) လ ချမှတ်ခဲ့သည်ဟု ဂွမြို့ ဒေသခံ ကိုအောင်ကျော်မြင့်က ဆိုသည်။

ထိုကဲ့သို့ အမူတစ်ခုတည်း အတွက် ထောင် (၂) ကြိမ် ချမှတ်ခဲ့ခြင်းအပေါ် မကျေနပ်သော ဒေသခံများက ရခိုင်ပြည်နယ် လွှတ်တော်သို့ တိုင်ကြားရာ အခုအခါ အဆိုပါ အမူကို ယခုအခါ လွှတ်တော်က ခုံရုံးဖွဲ့ စစ်ဆေးနေသည်ဟု သိရသည်။

ကိုသက်လွှင်သည် ဂွမြို့မှ ဆိပ်ကမ်း အလုပ်သမား တစ်ဦးဖြစ်ပြီး သစ်မှောင်ခို မော်တော်ဘုတ် တစ်စင်းသို့ စက်သုံးဆီများ ပို့ဆောင်စဉ် နေပြည်တော်မှ လာသော အထူးတပ်ဖွဲ့ တစ်ခု၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ဂွမြို့နယ်ရှိ ရိုးတောင်ထဲမှ သစ်များကို ဒေသအတွင်းရှိ စီးပွားရေး သမားများက ခိုးခုတ်ပြီး မလေးရှားနှင့် ဘင်္ဂလာဒေခ်ျ့သို့ တင်ပို့နေကြောင်း နေပြည်တော်ထိ တိုင်ကြားသဖြင့် နေပြည်တော်မှ အထူးတပ်ဖွဲ့ တစ်ခုမှ လာရောက် ဖမ်းဆီးစဉ် သစ်မှောင်ခိုလုပ်သူ စီးပွားရေး သမားများကို ဖမ်းဆီးနိုင်ခြင်း မရှိဘဲ သစ်မှောင်ခို စက်လှေသို့ ဆီပို့နေသူကို ကိုသက်လွှင်ကိုသာ ဆီပုံး တစ်လုံးနှင့် အတူ ဖမ်းဆီးသွားခဲ့သည်ဟု ဆိုသည်။

၎င်းနောက်ပိုင်း ကိုသက်လွှင်ကို ဂွရဲစခန်းမှ အမူဖွင့်လှစ် တရားစွဲဆိုရာ မြို့နယ် တရားသူကြီး ထောင်ဒဏ် (၄) လချမှတ်ခဲ့သည်ဟု ကိုအောင်ကျော်မြင့်ကဆိုသည်။

သက်တမ်းစေ့ပြီးနောက် ထောင်ထဲက ပြန်လည် လွှတ်မြှောက်လာရာ တရားသူကြီးက အဆိုပါ အမူနှင့်ပင် ထောင် နောက်ထပ် (၆) လ ချမှတ်ခဲ့သည်ဟု ဆိုသည်။

ယခုအခါ ကိုသက်လွှင်မှာ သံတွဲမြို့ ထောင်ထဲတွင် ရှိနေသည်ဟု ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် လွှတ်တော်မှ စုံစမ်းရေး ကော်မရှင် တစ်ခု ဖွဲ့စည်းပြီး စစ်ဆေးနေရာ လွန်ခဲ့သော ဇူလိုင်လ ၉ ရက်နေ့ မှ ၁၅ ရက်နေ့အထိ အဆိုပါ အဖွဲ့က ဂွမြို့သို့ သွားရောက်စစ်ဆေးခဲ့သည်ဟု သိရသည်။ အဆိုပါ လွှတ်တော်မှ ဖွဲ့စည်းပေးသော ကော်မရှင်တွင် ကျောက်တော်မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစောငြိမ်း၊ အမ်းမြို့နယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျန်အောင်၊ မာန်အောင် မြို့နယ် မှ တစည လွှတ်တော်ကိုယ်စားလှယ် တစ်ဦးနှင့် ဥပဒေအရာရှိ တစ်ဦးတို့ ပါဝင်သည်။

စုံစမ်း စစ်ဆေးရေးအဖွဲ့တွင် ပါဝင်သော ကျောက်တော်မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစောငြိမ်းကို နိရဉ္စရာ ဆက်သွယ် မေးမြန်းရာ သူက ဖြစ်စဉ်ကို ယခုလို ရှင်းပြ ပြောဆိုသည်။

“ ကိုသက်လွှင်ကို အမူ တစ်ခုတည်း အတွက် ထောင် နှစ်ကြိမ် ချမှတ်ခံရတာ မှန်ပါတယ်။ အခု နေပြည်တော်က ဖမ်းဆီးမိတဲ့ သစ်ဘုတ်ဟာ ကိုသက်လွှင်နဲ့ ဘာမှ မဆိုင်ဘူး။ သူက ဆိပ်ကမ်း အလုပ်သမား တစ်ဦးသာ ဖြစ်ပါတယ်။ အဖမ်းခံရတဲ့ ဘုတ်ဟာ ဂွမြို့သူ မြို့သားတွေရဲ့ ထွက်ဆိုချက် အရ ဆိုရင် ဂွက နာမည်ကြီး သစ်သူဌေး တစ်ဦးရဲ့ ဘုတ်ဖြစ်ပါတယ်။ ဒါပေမယ့် အမူမှန်ကို မပေါ်ပေါက်နိုင်အောင် ရဲအဖွဲ့နဲ့ တရားသူကြီးတို့က ပေါင်းပြီး သစ်သူဌေးကို ကာပေးတဲ့ အနေနဲ့ ကိုသက်လွှင်ရဲ့ ဘုတ်ဆိုပြီး ပုံချကာ တရားသူကြီးက ထောင်နှစ်ကြိမ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

ကိုသက်လွှင်ကို ပထမ ချခဲ့သော ထောင်ဒဏ် (၄) လ နည်းသည်ဟု ဆိုကာ ထောင်ထဲက လွတ်ပြီးနောက် ချက်ချင်း နောက်ထပ် ထောင် (၆) လမှတ်ချမှတ်ခြင်းသည် အမူမှန်ကို မပေါ်ပေါက်နိုင်အောင် အာဏာပိုင် အဖွဲ့များက ညစ်ပတ်ခြင်း ဖြစ်သည်ဟု သူက ဆိုသည်။

ယခုအခါ ပြစ်ဒဏ် နှစ်ကြိမ် စီရင်သူ အဆိုပါ တရားသူကြီးမှာ ဂွမြို့ကနေ တစ်ခြားနေရာသို ပြောင်းရွှေ့သွားပြီဟု သိရသည်။

ယခုအခါ အဆိုပါ အမူနှင့် ပတ်သက်ပြီး လွှတ်တော် စုံစမ်းရေး ကော်မရှင်က အစီရင်ခံစာကို သက်ဆိုင်ရာ ပြည်နယ် တာဝန်ရှိသူများအား ပေးပို့ထားပြီး နောက်လာမည့် ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် စစ်ဆေးတွေ့ရှိချက်များကို ဆွေးနွေးသွားမည်ဟု သိရသည်။

No comments:

Post a Comment