Friday, August 2, 2013

မန္တလေးတွင် စည်ပင်နှင့် အရပ်သားတို့ မြေပိုင်မှု ခြောက်ကြိမ်မြောက် အချင်းများ၊ လုံခြုံရေး ထူထပ်စွာချ

အောင်ကိုဦး | သောကြာနေ့၊ သြဂုတ်လ ၀၂ ရက် ၂၀၁၃

မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက်အတွင်းရှိ မြေကွက်တစ်ကွက်အတွင်း လက်ရှိနေထိုင်သူနှင့် မန္တလေးစည်ပင်တို့ သူပိုင် ကိုယ်ပိုင်အငြင်းပွားပြီးနောက် ထိုနေရာမှဖယ်ရှားပေးရန် ခြောက်ကြိမ်မြောက်တောင်းဆိုရာက အချင်းများကာ ရဲတပ်ဖွဲ့ဝင်တို့ လုံခြုံရေးယူရသည်အထိ သြဂုတ်လ ၁ ရက် က ဖြစ်ပေါ်ခဲ့သည်။

မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်အတွင်းရှိ ကွင်းအမှတ် ၂၄ (၄/ ၅)၊ စည်ပင်သာယာ မြေပုံ အမှတ် ၅၉ တွင် နေထိုင်သည့် ဦးမောင်မောင်နှင့် မြို့တော်စည်ပင်သာယာတို့ အဆိုပါမြေကွက်ကို သူပိုင် ကိုယ်ပိုင် အငြင်းပွားရာမှ အချင်းများမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့မိသားစုကို ခုလိုမျိုး လာရောက်ဖယ်ခိုင်းတာ ဒါနဲ့ဆို ခြောက်ကြိမ်ရှိသွားပါပြီ။ အမှန်တရားအတိုင်းဆောင်ရွက်မယ်ဆိုရင် လက်ခံပါတယ်၊ သူတို့ဘက်က အထောက်အထားတွေက အတုလိုဖြစ်နေတယ်၊ ဘာမှ မပြည့်စုံဘူး။ ဒီနေ့ တရားဝင် မြေစာရင်းရုံးက ထုတ်ထားတဲ့ မြေပုံနဲ့လာခဲ့၊ ဒီနေ့ ဖယ်ပေးလိုက်မယ်”ဟု ဦးမောင်မောင်က ဆိုသည်။

စည်ပင်ဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသူ ဘီလစ်စာရေး ဒေါ်စိုးမမယဉ်ကမူ “ကျွန်မတို့က ဥပဒေအတိုင်းဆောင်ရွက်နေတာပါ။ ဒါကို မနာခံကြဘူး။ ဆက်ပြီး ဆောင်ရွက်သွားမှာပါ”ဟု ပြောသည်။

အချင်းများမှုကို မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူ ရောက်ရှိလာကာ မြို့နယ်မှူးထံ အခြေအနေကို တင်ပြထားပြီး ပြန်လည် ညှိနှိုင်းရန် တောင်းဆိုထားသည်ဟု ဆိုသည်။ “ဦးဇင်းတို့က အရှုံးအနိုင်ကို ဆုံးဖြတ်ဖို့ မဟုတ်ဘူး။နှစ်ဦးနှစ်ဖက် ညှိနှိုင်းစေတဲ့ သဘောပါ”ဟု ပြောသည်။

“အမှန်တရားအတိုင်းပဲ ၀ိုင်းဝန်းကူညီစေချင်တယ်၊ ငွေများ တရားနိုင်တဲ့ခေတ်က မရှိတော့ပါဘူး။ တရားရှုံးတဲ့သူကိုလည်း ဥပဒေနဲ့အညီ ပြန်လည်ရှင်းပြခွင့် ပြုရပါမယ်။ အခုဖျက်၊ အခုဖယ်ဆိုရင် သူတို့ ဘယ်သွားနေကြမှာလဲ လူသားချင်းစာနာဖို့တော့ လိုတယ်”ဟုလည်း အရှင်ဝီရသူက မိန့်သည်။

လုံခြုံရေးရယူထားသည့် ရဲတပ်သားများကမူ “ကျွန်တော်တို့အနေနဲ့ကတော့ လုံခြုံရေးသက်သက် လာတာပါ၊ ကျန်တာကတော့ တရားဥပဒေအတိုင်း သူတို့ ရင်ဆိုင်ဖြေရှင်းရမှာပါ။ ၀င်ရောက် ဖမ်းဆီးပိုင်ခွင့် မရှိပါဘူး”ဟု ပြောသည်။

ဇွန်လ ၁၁ ရက်ကလည်း အဆိုပါမြေကွက်အတွက် ပိုင်ဆိုင်မှု အချင်းများခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တို့ လုံခြုံရေး ရယူခဲ့ရသည်အထိ အချင်းများမှု ဖြစ်ပေါ်ခဲ့သည်။

No comments:

Post a Comment