ဖဲဘူး
ဂျပန်အစိုးရ ချေးငွေဖြင့် ကယား(ကရင်နီ) ပြည်နယ်၏ ခဲမြို့တော် မော်ချီးသို့သွားမည့်လမ်းကို ကတ္တရာလမ်းတိုးချဲ့ ဖောက်လုပ် သွားရန် အစီအစဉ်ရှိသည်ဟု ပြည်နယ် အင်ဂျင်နီယာမှူးကြီး ဦးခင်မောင်ဖြူက ပြောသည်။
ဂျပန်အစိုးရထံမှ ၃.၆ ဘီလီယံခန့် ချေးမှာဖြစ်ပြီး အဓိက ဖားဆောင်း - မော်ချီးကြားရှိ မိုင် ၂၀ ခန့်ကို ကတ္တရာလမ်းဖြင့်ချဲ့ရန် နှစ်ဖက်အစိုးရများက သဘောတူညီထားကြပြီး လက်ရှိတွင် ဘတ်ဂျက် မကျလာသေးကြောင်း သိရသည်။
“လမ်းကို ချဲ့ စရာရှိရင်ချဲ့မယ် လမ်းကလည်း ကျဉ်းတယ်။ အဲ့ဒီတော့ လမ်းကသတ်မှတ်တယ် ၃၄ ပေအကျယ် ပေါ့၊ ပြီးတော့ လမ်းက တောက်ရှောက် ကတ္တရာလမ်း၊ နောက်ပြီးတော့ တံတားကို ကွန်ကရစ် တံတား၊ ဒီလိုမျိုးလေးတွေကို ကျနော်တို့က ဂျပန် ချေးငွေ နဲ့၊ ဒီနှစ်နဲ့ လာမည့် နှစ် နှစ်နှစ်မှာပေါ့ ကျနော်တို့ ဟို့ခုဏက အဆင်မြင့် အဆင့်မီသွားမှာပေါ့ " ဟု ပြည်နယ် အင်ဂျင်နီယာမှူးကြီး ဦးခင်မောင်ဖြူက ပြောသည်။
မိုင် ၂၀ ရှိသည့် ဖားဆောင်း - မော်ချီးလမ်းကို ယခု ၃ မိုင်ခန့်ကို ကတ္တရာလမ်းခင်းထားပြီးဖြစ်ကြောင်း ၁၇ မိုင်ခန့်ကို ဂျပန်ချေးငွေဖြင့် ပြုလုပ်သွားရန် ယခုနှစ် ဒီဇင်ဘာလတွင် ရာထားကြောင်း သိရသည်။
ပြည်နယ်ရှိလမ်းများကို ပြည်ထောင်စုအစိုးရ စီမံခန့်ခွဲသည့်လမ်းများ နှင့် ပြည်နယ်အစိုးရ စီမံခန့်ခွဲသည့်လမ်းဟူ၍ နှစ်မျိုး ရှိသည့်အနက် မော်ချီးလမ်းသည် ပြည်ထောင်စုအစိုးရ စီမံခန့်ခွဲ့မှုမှတဆင့် ပြုလုပ်ခြင်းဖြစ်သည်ဟု သိရသည်။
“ဘတ်ဂျက်လိုတဲ့အခါကျတော့ ပြည်ထောင်စု အစိုးရကလည်း တတ်နိုင်သလောက်ပေးနေတယ်။ အခုငါတို့ ဘယ်တုန်းဘယ်ခါမှ မပေါက်ခဲ့တဲ့ လမ်းတွေဆို ငါတို့ ကယား တပြည်နယ်လုံးသွားလို့ ကောင်းအောင်ငါတို့လုပ်ထားတယ်" ဟု လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးချစ်လှက ပြောသည်။
လက်ရှိမော်ချီးလမ်းသည် မကြာခဏတောင်များပြို၍ မြေသားများပိတ်မိခြင်း၊ ပျက်စီးခြင်းများ ဖြစ်နေသဖြင့် ပြုပြင် ထိန်းသိမ်းခြင်းဖြစ်ကိုသာ ပြုလုပ်နေသည်ဟု သိရသည်။

No comments:
Post a Comment