Friday, August 23, 2013

မြန်မာအစိုးရ သူ့အတွက် လုံခြုံရေးမပေးနိုင်ခဲ့ဘူးလို့ ကင်တားနားဝေဖန်

ABC
မြန်မာနိုင်ငံခရီးစဉ်အတွင်း ​သူလိုက်ပါလာတဲ့ ​ကားတန်း ​တိုက်ခိုက်ခံရတာကို ​မြန်မာလုံခြုံရေးဝန်ထမ်းတွေ ​အကာအကွယ် ​မပေးနိုင်ခဲ့တဲ့အပေါ် ​ကုလသမဂ္ဂ ​လူ့အခွင့်အရေး ​အထူးကိုယ်စားလှယ် ​မစ္စတာ ​သောမတ်စ် ​အိုဟေး ​ကင်တားနားက ​ဝေဖန်လိုက်ပါတယ်။

ကုလသမဂ္ဂ ​ကိုယ်စားလှယ် ​တစ်ဦးကို ​မြန်မာအစိုးရက ​ကာကွယ်ရမယ့် ​တာဝန်ရှိပေမယ့် ​သူ့အနေနဲ့ ​ကာကွယ်မှုမရခဲ့ဘူးလို့ ​ပြောခဲ့ပါတယ်။

ဘာသာရေး ​ပဋိပက္ခတွေ ​ဖြစ်ခဲ့တဲ့ ​မိတ္တီလာမြို့ကို ​သြဂုတ်လ ​၁၉ ​ရက် ​ည ​၁၀နာရီခွဲချိန် ​အဝင်မှာ ​သူလိုက်ပါလာတဲ့ ​ယာဉ်တန်းကို ​ဆန္ဒပြသူ ​အယောက် ​၂၀၀ ​လောက်က ​အော်ဟစ်ဆဲဆို ​ဆန္ဒပြကြတဲ့အပြင် ​ကားပြတင်းနဲ့ ​တံခါးတွေကို ​ကန်ခဲ့ကြတယ်လို့ ​ပြောပါတယ်။

ဒီလို ​ဆန္ဒပြမှုတွေဖြစ်ခဲ့တဲ့အတွက် ​မိတ္တီလာ ​ပဋိပက္ခကြောင့် ​ဒုက္ခရောက်နေတဲ့ ​လူပေါင်း ​၁၆၀၀ ​နေတဲ့ ​စခန်းကို ​သွားဖို့ ​အစီအစဉ် ​ဖျက်ခဲ့ရတယ်လို့ ​ဆိုပါတယ်။

အဲဒီလို ​တိုက်ခိုက်ခံရတုန်း ​သူ့ကို ​လုံခြုံရေးသမားတွေ ​အကာအကွယ် ​မပေးတဲ့အတွက် ​ခံစားခဲ့ရတဲ့ ​အကြောက်တရားတွေဟာ ​ဘာသာရေးပဋိပက္ခဖြစ်တုန်း ​အကြမ်းဖက်လူအုပ်တွေရဲ့ ​ရန်ကနေ ​ထွက်ပြေးခဲ့ရသူတွေ ​ခံစားရမယ့် ​အကြောက်တရားတွေနဲ့ ​ယှဉ်တွေးပြီး ​ပိုပြီး ​စာနာနားလည်ရတယ်ဆိုတဲ့ ​သဘောလည်း ​ပြောသွားခဲ့ပါတယ်။

မိတ္တီလာမြို့မှာ ​ညဆယ်နာရီနောက်ပိုင်း ​မထွက်ရ ​အမိန့်ချမှတ်ထားပေမယ့် ​ကင်တားနား ​ရောက်ရှိလာချိန်ဟာ ​ည ​ဆယ်နာရီခွဲရှိပြီး ​အဲဒီအချိန်အထိ ​အပြင်ထွက် ​ဆန္ဒပြခွင့် ​ရရှိကြောင်းလည်း ​သိရပါတယ်။

ကင်တားနားအနေနဲ့ ​မြန်မာနိုင်ငံကနေ ​ပြန်လည် ​မထွက်ခွာခင် ​ပြုလုပ်တဲ့ ​သတင်းစာရှင်းလင်းပွဲ ​ အတွင်း ​ပြောခဲ့တာဖြစ်ပြီး ​သတင်းစာ ​ရှင်းလင်းပွဲမှာ ​ကိုယ်တိုင် ​သတင်းယူခဲ့တဲ့ ​ရေဒီယို ​သြစတြေးလျ ​သတင်းထောက် ​မဝေစန္ဒာကျော်က ​အပြည့်အစုံ ​တင်ပြမှာ ​ဖြစ်ပါတယ်။

သူ့ခရီးစဉ် ​အဆုံးမသတ်ခင် ​၉ ​ရက်မြောက်နေ့က ​မိတ္ထီလာမြို့ကို ​ရောက်သွားတဲ့အခါမှာတော့ ​ဆန္ဒပြသူ ​လူအုပ်ကြီးက ​ ကားကို ​၀ိုင်းအုံလာပေမဲ့ ​အနားမှာရှိနေတဲ့ ​လုံခြုံရေး ​တာဝန်ရှိသူတွေက ​ကိုင်တွယ် ​ဖြေရှင်းပေးနိုင်ခဲ့ခြင်း ​မရှိဘူး ​လို့ ​မစ္စတာ ​ကင်တားနားက ​သတင်းစာ ​ရှင်းလင်းပွဲ ​အတွင်းမှာ ​ပြောပါတယ်။

"ကျနော် ​ကားကို ​လူအုပ်ကြီး ​က ​၀ိုင်းလာပါတယ်။ ​ကျနော် ​ကားကို ​ထုရိုက်ကြတယ်။ ​ပြီးတော့ ​ဆိုးဆိုးရွားရွား ​အော်ဟစ်ကြပါတယ်။ ​ကုလသမဂ္ဂရဲ့ ​အထူးကိုယ်စားလှယ်ဖြစ်တဲ့ ​ကျနော့် ​ကို ​အကာကွယ်ပေးဖို့ ​အစိုးရမှာ ​တာဝန်ရှိပါတယ်။ ​အဲဒီနေရာမှာ ​အစိုးရဘက်က ​အကာကွယ်ပေးဖို့ ​ပျက်ကွက်ခဲ့ပါတယ်။ ​ဒီကိစ္စကိုလည်း ​ကျနော် ​မြန်မာအစိုးရကို ​ထောက်ပြခဲ့ပါတယ်။" 

အခုလို ​လုံခြုံရေး ​ကိစ္စလျော့နည်းမှု ​အပေါ် ​မစ္စတာ ​ကင်တားနားက ​ဝေဖန် ​ခဲ့ပေမဲ့လည်း ​ဘာသာရေး ​ပဋိပက္ခတွေ ​ဆိုးဆိုးရွားရွား ​ဖြစ်ပြီးတဲ့ ​နောက်မှာ ​ဘာသာပေါင်းစုံ ​ချစ်ကြည်ရေး ​အဖွဲ့တွေရဲ့ ​ဆောင်ရွက်နိုင်မှုအခြေအနေတွေနဲ့ ​ပတ်သက်ပြီးတော့ ​ကောင်းမွန်တဲ့ ​လုပ်ရပ် ​တစ်ခု ​ဖြစ်တယ်လို့လည်း ​သူကပြောပါတယ်။

မြန်မာနိုင်ငံကို ​၈ ​ကြိမ်မြောက် ​ရောက်ရှိခဲ့တဲ့ ​လူ့အခွင့်အရေး ​အထူးကိုယ်စားလှယ် ​မစ္စတာ ​ကင်တားနားဟာ ​နောက်ဆုံး ​ခရီးစဉ်မှာ ​နိုင်ငံတော် ​သမ္မတ ​ဦးသိန်းစိန်နဲ့တွေ့ဆုံခွင့် ​မရခဲ့ပါဘူး။ ​အခုလို ​တွေ့ဆုံခြင်းမရှိတာာ ​အခြား ​အကြောင်းတွေကြောင့် ​မဟုတ်ပဲ ​အရင်ခရီးစဉ်တွေ ​အတွင်းမှာလည်း ​အခုလို ​တွေ့လေ့တွေ့ထ ​မရှိတာကြောင့် ​မတွေ့တာလို့ ​နိုင်ငံတော် ​သမ္မတရဲ့ ​ပြောရေးဆိုခွင့် ​ရှိသူ ​ဦးရဲထွဋ်ကပြောပါတယ်။

“ကျနော်တို့က ​အရင် ​အခေါက်တွေ ​တုန်းကလည်း ​မတွေ့ပါဘူး။ ​မစ္စတာကင်တားနား ​ကိုလေ။ ​ရှေ့လာတုန်းက ​ခရီးစဉ် ​မှာတုန်းကလည်း ​မတွေ့ပါဘူး။ ​မစ္စတာ ​ကင်တားနား ​သတင်းအချက်အလက် ​ရရှိဖို့ ​နေရာတွေကို ​သွားနိုင်ဖို့ ​တွေ့ချင်တဲ့ ​၀န်ကြီင်္းဌာနတွေနဲ့ ​တွေ့ဆုံနိုင်ဖို့ ​စီစဉ်ပေးပြီးသားမို့ ​သမ္မတ ​ကြီးနဲ့ ​တွေ့ဆုံဖို့ ​အကြောင်း ​မရှိပါဘူး”

ရခိုင်ပြည်နယ်ကို ​ရောက်ရှိခဲ့ချိန်မှာ ​တုန်းကလည်း ​မစ္စတာ ​ကင်းတာနားအပေါ် ​ရခိုင်လူမျိုးတွေက ​ဆန္ဒထုတ်ဖော်မှု ​တွေ ​ပြုလုပ်ခဲ့ပြီး ​အဲဒီ ​ချိန်တုန်းကတော့ ​သူက ​ဆန္ဒပြတဲ့ ​ရခိုင် ​အမျိုးသမီးတစ်ဦး ​ကို ​ဘာကြောင့် ​ဆန္ဒ ​ပြရသလဲ ​ဆိုတာကို ​မေးမြန်းခဲ့တယ်လို့ ​ပြောပါတယ်။

ရခိုင်ပြည်ကို ​သွားရောက်စဉ် ​အဲဒီမှာ ​ဒေသခံ ​အာဏာပိုင်တွေအပြင် ​ရခိုင်ဗုဒ္ဓဘာသာဝင်တွေရော၊ ​မွတ်စလင် ​အသိုင်းအ၀ိုင်းနဲ့ပါ ​တွေ့ဆုံခွင့်ရခဲ့တယ်လို့ ​မစ္စတာ ​ကင်တားနားက ​ပြောပါတယ်။

ရှမ်းပြည်နယ်၊ ​ကချင်ပြည်နယ် ​စတဲ့ ​ဒေသတွေမှာလည်း ​ဒေသခံ ​တိုင်းရင်းသား ​ခေါင်းဆောင်တွေ၊ ​လူမှုရေနဲ့ ​ဘာသာရေး ​ခေါင်းဆောင်တွေနဲ့ ​တွေ့ဆုံခွင့် ​ရခဲ့တဲ့အပြင် ​ယုံကြည်ချက်ကြောင့် ​အကျဉ်းကျ ​ခံနေရတဲ့ ​နိုင်ငံရေး ​အကျဉ်းသားတွေကို ​အင်းစိန်ထောင်မှာရော၊ ​ရခိုင်ပြည်နယ်အတွင်းမှာရော ​တွေ့ဆုံခွင့်ရခဲ့ပါတယ်။

ရခိုင်ပြည်နယ်ကို ​သူရောက်ခဲ့စဉ်မှာ ​ရခိုင်ဝန်ကြီးချုပ် ​အပါအ၀င်၊ ​လူဝန်မှုကြီးကြပ်ရေးက ​တာဝန်ရှိသူတွေကပါ ​ရခိုင်ပြည်နယ်တွင်းက ​မွတ်စလင်လူနည်းစုတွေ ​အပေါ်မှာ ​တစ်အိမ်ထောက်ကလေး ​၂ ​ယောက်ပဲ ​ယူရမယ်ဆိုပြီးတော့ ​ကန့်သတ်ချက်တွေ ​မလုပ်ပါဘူးလို့ ​ပြောခဲ့တယ်လို့လည်း ​သူကပြောပါတယ်။

မြန်မာနိုင်ငံ ​အတွင်းမှာကျန်ရှိနေသေးတဲ ​လက်ကျန် ​နိုင်ငံရေး ​အကျဉ်းသားတွေ ​အကုန်လုံးကို ​ခြွင်းချက်မရှိ ​ပြန်လွှတ်ပေးဖို့ကိုလည်း ​မစ္စတာ ​ကင်တားနားက ​သူ့ရဲ ​ခရီးစဉ် ​နောက်ဆုံးနေ့ ​သတင်းစာ ​ရှင်းလင်းပွဲ ​အတွင်းမှာ ​တောင်းဆို ​သွားခဲ့ပါတယ်။

No comments:

Post a Comment