ချိုကို | သောကြာနေ့၊ သြဂုတ်လ ၀၂ ရက် ၂၀၁၃
ရေအောက် အင်တာနက်ဆက်ကြောင်း Sea Me We 3 ပြတ်တောက်မှု တစ်လခန့်ကြာမည်ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက ခန့်မှန်းထားသော်လည်း ပြတ်တောက်ပြီး ရှစ်ရက်အကြာတွင် ပြန်လည် ကောင်းမွန်လာသည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
ဇူလိုင် ၂၂ ရက် ညနေပိုင်းက ရေအောက်အင်တာနက်ဆက်ကြောင်း Sea Me We ချို့ယွင်းမှုဖြစ်ပေါ်ခဲ့သောကြောင့် အင်တာနက်လိုင်း နှေးကွေးမှုများ ဖြစ်ပေါ်ခဲ့ပြီး ဇူလိုင် ၃၀ ရက် ညနေပိုင်းမှစတင်၍ ပြန်လည်ကောင်းမွန်ပြီဖြစ်ကြောင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပြင်ပဆက်သွယ်ရေးဌာနမှ အင်ဂျင်နီယာချုပ်က ပြောသည်။
ကုန်းတွင်းအင်တာနက်ကေဘယ်လ်ဆက်ကြောင်း ပြင်ဆင်ရန်အတွက် စစ်ဆေးမှုများ ပြုလုပ်ရာတွင် ဖျာပုံမြို့မှ နှစ်မိုင်တစ်ဖာလုံ နှင့် နှစ်မိုင်ခြောက်ဖာလုံအကြား ကုန်းတွင်းပိုင်းမြေအောက်မြှုပ်ထားသော Power Cable ကြိုးပေါက်ပြီး ပါဝါယိုစိမ့်မှု (Leakage) ဖြစ်ပေါ်နေသည့်အတွက် ပါဝါကေဘယ်လ်ကြိုး အရှည်မီတာ ၅၀၀ ကို အစားထိုးပြုပြင်နေပြီးပြင်ပဆက်သွယ်ရေးဌာနက ကြီးကြပ်ပြုပြင်နေခြင်း ဖြစ်သည်။
ပြင်ပဆက်သွယ်ရေးဌာနရှိ အင်ဂျင်နီယာချုပ် ဦးစိုင်းစောလင်းထွန်းက “ကုန်းတွင်းပိုင်းက အင်တာနက် ကေဘယ်လ်ကြိုးကို ပြုပြင်လို့ လိုင်းပြန်ကောင်းသွားပြီဆိုတော့ ရေအောက်ဆက်ကြောင်းဘက်မှာ ဘာပြဿနာမှမရှိတော့ဘူး။ Sea Me We ရေအောက်ကေဘယ်လ် ပြုပြင်ရေးအဖွဲ့ကိုလည်း ခေါ်စရာ မလိုတော့ဘူး”ဟု ပြောသည်။
ဖိုင်ဘာကေဘယ်လ်အင်တာနက်လိုင်း ချို့ယွင်းမှုဖြစ်ပေါ်စဉ်အတွင်း ပြည်တွင်းတွင် အင်တာနက် အမြန်နှုန်းမှာ Bandwidth 7 GB အထိသာ အသုံးပြုနိုင်ခဲ့ပြီး ဇူလိုင် ၃၀ ရက် ညနေ ၅ နာရီခန့်က အင်တာနက်လိုင်းများ ပြန်လည်ကောင်းမွန်လာခဲ့သည့်အတွက် Bandwidth 14 GB အထိ ပြန်လည် အသုံးပြုနိုင်ပြီဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
No comments:
Post a Comment