နန်းလွင်နှင်းပွင့် | တနင်္လာနေ့၊ သြဂုတ်လ ၂၆ ရက် ၂၀၁၃
သြဂုတ် ၂၃ ရက်က ကရင်ပြည်နယ် ကော့ကရိတ်ရဲစခန်းသို့ DKBA (ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်) ကလို့ထူးဘော စစ်ဌာနချုပ်မှတပ်ဖွဲ့ဝင်များ လက်နက်ဖြင့် ၀ိုင်းပြီးပစ်ခတ်ရန်ကြိုးစားခဲ့သည်ဟု သတင်းများ ထွက်ရှိနေမှုမှာ ကောလာဟလသာဖြစ်သည်ဟု ကလို့ထူးဘောစစ်ဌာနချုပ်မှ ကော့ကရိတ်တာဝန်ခံ ဗိုလ်ကြီး စိန်မြင့်က မဇ္ဈိမကို သြဂုတ် ၂၅ တွင် ပြောသည်။
သြဂုတ် ၁၀ ရက်က DKBA နှင့် ဆက်နွယ်သည်ဟုယူဆသော ကော့ကရိတ်မြို့ရှိ ဂိမ်းဆိုင်များမှ ပစ္စည်းအချို့ကိုကော့ကရိတ်ရဲစခန်းမှ သိမ်းယူသွားသည့်ဖြစ်စဉ်ဖြစ်ခဲ့ပြီး သြဂုတ် ၁၂ ရက်တွင် ရဲစခန်းကို လက်နက်ဖြင့် ၀ိုင်းသည့် ပုံစံမျိုး ဖြစ်ပေါ်ခဲ့သေးသည်။
သို့သော် သြဂုတ် ၂၃ ရက်တွင် ထပ်မံ ၀ိုင်းသည်ဟူ၍ ထွက်ပေါ်နေသော သတင်းမှာ ကောလဟလသာဖြစ်ကြောင်း ဗိုလ်ကြီး စိန်မြင့်က ပြောခြင်း ဖြစ်သည်။
“ဒီတပ်ဖွဲ့တွေကို ကျွန်တော် တာဝန်ယူထားတာပါ၊ တပ်သားတွေက မြို့ပေါ်မှာ လူစုနဲ့သွားတယ်ဆိုတာက လူကြီးရှိတဲ့နေရာကို ကိစ်္စရှိလို့သွားကြတာပါ၊ အဲဒါကို မြို့ပေါ်က လူတွေက စိုးရိမ်ပြီး အခြေအနေမကောင်းဘူးဆိုပြီး ချက်ချင်း သတင်းတွေပျံ့သွားတယ်။ တကယ်တော့ ကျွန်တော်တို့ ဘာမှ မဖြစ်ပါဘူး”ဟု ပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး ကော့ကရိတ်ခရိုင်မှ ခရိုင်မှူးက “အခုရက်ပိုင်းမှာ ရဲစခန်းကို ၀ိုင်းတယ်ဆိုတာတော့ မဟုတ်ပါဘူး၊ မြို့ခံတွေက သူတို့တပ်ဖွဲ့တွေဖြတ်သွားရင် စိတ်ပူကြတာပါ၊ သြဂုတ်လ ၁၀ ရက်တုန်းကတော့ ကစားဝိုင်းတွေသိမ်းတော့ ၀ိုင်းတဲ့ပုံစံမျိုး မပြေလည်တာဖြစ်ခဲ့ပါတယ်။ အခုတော့ အဲ့လိုမရှိပါဘူး၊ ပြေလည်အောင်တော့ ကျွန်တော်တို့လည်း ညှိနေပါတယ်””ဟု မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားသည်။
သြဂုတ် ၂၃ ရက်ဖြစ်စဉ်မှာ DKBA တပ်ဖွဲ့ဝင်များ ကော့ကရိတ်မြို့အတွင်း လမ်းကြောင်းအရသွားသည်ကို မြို့ခံများက အထင်မြင်လွဲမှားခြင်းသာဖြစ်ပြီး အာဏာပိုင်များနှင့် လက်နက်ကိုင်တို့အကြား ပြေလည်စေရန် ဆက်လက်၍ ညှိနှိုင်းမှုများပြုလုပ်ရန်ရှိသည်ဟုလည်း ခရိုင်မှူးက ပြောသည်။
ကရင်ပြည်နယ်တွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့များကြားတွင်လည်း အောက်ခြေပိုင်း မပြေလည်မှုများရှိသဖြင့်ခေါင်းဆောင်ပိုင်းများက ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်နေသည့်အပြင် ညီညွတ်ရေး ကော်မတီ ဖွဲ့စည်း၍လည်းဆောင်ရွက်နေသည်။
No comments:
Post a Comment