Tuesday, August 27, 2013

ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲဖို့ UNFC နဲ့ UNA ကော်မတီဖွဲ့

ABC

ညီညွတ်သော ​တိုင်းရင်းသားလူမျိုးများ ​ဖက်ဒရယ်ကောင်စီ ​(UNFC)နဲ့ ​ညီညွတ်သော ​တိုင်းရင်းသားလူမျိုးများ ​မဟာမိတ်အအဖွဲ့ ​(UNA) ​တို့ ​ဦးဆောင်ပြီး ​ဖက်ဒရယ်မူအပေါ်အခြေခံတဲ့ ​ဖွဲ့စည်းပုံ ​အခြေခံဥပဒေအသစ် ​ရေးဆွဲနိုင်ဖို့အတွက် ​ကော်မတီတရပ်ဖွဲ့စည်း ​သွားမယ်လို့ ​သိရပါတယ်။

အခြေခံ ​ဥပဒေအသစ် ​ပြန်လည်ရေးဆွဲဖို့အတွက် ​ဇူလိုင်လအတွင်းက ​ထိုင်းနိုင်ငံ ​ချင်းမိုင်မြို့မှာ ​ပြုလုပ်ခဲ့တဲ့ ​တိုင်းရင်းသား ​လက်နက်ကိုင်အဖွဲ့တွေနဲ့ ​တိုင်းရင်းသား ​နိုင်ငံရေးပါတီတွေ ​တွေ့ဆုံတဲ့ဆွေးနွေးပွဲကနေ ​ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

UNFC ​အနေနဲ့ ​၂၀၀၈ ​ခုနှစ် ​ဖွဲ့စည်းပုံအခြေခံ ​ဥပဒေက ​စစ်မှန်တဲ့ ​ပြည်ထောင်စုပုံစံမျိုး ​မဟုတ်တဲ့အပြင် ​ဖွဲ့စည်းပုံပြင်ဆင်ရေးမှာလည်း ​အခက်အခဲတွေ ​ရှိတဲ့အတွက် ​ဖွဲ့စည်းပုံအသစ် ​ပြန်လည်ရေးဆွဲဖို့ ​လုပ်ဆောင်တာဖြစ်တယ်လို့ ​UNFC ​အဖွဲ့က ​ပြောရေးဆိုခွင့်ရှိသူအတွင်းရေးမှူး ​ဦးနိုင်ဟံသာက ​ပြောပါတယ်။

၂၀၀၈ဖွဲ့စည်းပုံက ​ဒီမိုကရေစီအခွင့်အရေးလည်း ​အပြည့်အ၀မရှိဘူး၊ ​စစ်မှန်တဲ့ ​ပြည်ထောင်စုပုံစံလည်း ​မဟုတ်ဘူး၊ ​အဲဒီတော့ ​ကျနော်တို့ရဲ့ ​နိုင်ငံအခြေအနေနဲ့ ​မကိုက်ညီဘူး၊ ​အားလုံးကလည်း ​ဆန့်ကျင်နေပါတယ်၊ ​အစိုးရက ​ခွင့်ပြုထားတဲ့မူအရ ​လွတ်တော်ထဲမှာ ​ပြင်ဖို့ဆိုတာကလည်း ​ဖြစ်နိုင်တဲ့ ​အနေအထားမရှိဘူး၊ ​တဖက်ကလည်း ​ပြင်ဖို့လည်း ​လိုအပ်တဲ့အပေါ်မှာ ​ဖြစ်နိုင်တဲ့ ​နည်းအရကတော့ ​အသစ်တခု ​ရေးဆွဲတာ ​အကောင်းဆုံး ​ဖြစ်တယ်လို့ ​ကျနော်တို့ ​မြင်တယ်။ 

ဖွဲ့စည်းပုံ ​အခြေခံဥပဒေအသစ်ကို ​၂၀၁၃ ​နှစ်မကုန်ခင်မှာ ​အပြီးရေးဆွဲဖို့ ​လုပ်ဆောင်သွားမယ်လို့ ​သိရပြီး ​UNFC ​နဲ့ ​UNA ​အဖွဲ့ဝင်တွေ၊ ​လူမှုအဖွဲ့အစည်းတွေ၊ ​ဒီမိုကရေစီ ​အင်အားစုတွေ၊ ​လူငယ်တွေနဲ့ ​အမျိုးသမီးအဖွဲ့တွေ ​ပါဝင်တဲ့ ​မူကြမ်းရေးဆွဲတဲ့ ​ကော်မတီကနေ ​ဖက်ဒရယ်မူအပေါ် ​အခြေခံပြီး ​ရေးဆွဲသွားမှာ ​ဖြစ်တယ်လို့ ​ဦးနိုင်ဟံသာက ​ဆက်ပြောပါတယ်။

ကျနော်တို့ကတော့ ​ဖက်ဒရယ်မူအပေါ် ​အခြေခံပြီး ​ရေးဆွဲမှာပါ၊ ​တဖက်က ​ဒီမိုကရေစီအခွင့်အရေး ​အပြည့်အ၀ရှိဖို့နဲ့ ​တဖက်က ​စစ်မှန်တဲ့ ​ပြည်ထောင်စုမူကို ​အခြေခံပြီးတော့ ​ရေးဆွဲမှာပါ၊ ​ဒါကကျနော်တို့ရဲ့ ​မူကြမ်းပါ၊ ​အစိုးရနဲ့ ​ကျနော်တို့နဲ့ဆွေးနွေးတဲ့ ​အခါကျရင်တော့ ​ကျနော်တို့ ​ကိုင်ဆောင်ဖို့ ​အခြေခံမူ ​တရပ်ဖြစ်တယ်။ 

UNFC ​အဖွဲ့ဝင်တွေရေးဆွဲမဲ့ ​အခြေခံဥပဒေအသစ် ​မူကြမ်းနဲ့ပတ်သက်ပြီး ​ပြည်သူလူထုတွေရဲ့ ​သဘောထားတွေ ​ကိုလည်း ​ရယူသွားမှာဖြစ်သလို ​မူကြမ်းရေးဆွဲပြီးရင်လည်း ​အများပြည်သူ ​သိရှိနိုင်အောင် ​ထုတ်ပြန်သွားမယ်လို့ ​ပြောပါတယ်။

ဒီကနေ့မှာတော့ ​UNFC ​အဖွဲ့ဝင်တွေနဲ့ ​မြန်မာငြိမ်းချမ်းရေးစင်တာက ​ဦးလှမောင်ရွှေဦးဆောင်တဲ့ ​အစိုးရငြိမ်းချမ်းရေး ​ဖော်ဆောင်ရေး ​အလုပ်အဖွဲ့တို့ ​ချင်းမိုင်မြို့မှာ ​တွေ့ဆုံကြဖို့ ​ရှိတယ်လို့လည်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ခဲ့ပါတယ်။

No comments:

Post a Comment