Saturday, September 28, 2013

ကျောက်ဖြူ ဆန္ဒပြသူများ သပိတ်စခန်းဖွင့်ရန် စီစဉ်

မောင်အေး

ကျောက်ဖြူမြို့ တရားရုံးရှေ့တွင် ဆန္ဒပြနေသူများသည် သူတို့ တောင်းဆိုချက်ကို အစိုးရက တစ်စုံတစ်ရာ လိုက်လျော့ မပေးသဖြင့် ဆက်လက် ဆန္ဒပြနိုင်ရန်အတွက် သပိတ်စခန်း ဖွင့်ရန် စီစဉ်နေကြပြီဟု သတင်း ရရှိသည်။

ယနေ့ ညနေ (၅) နာရီထိ လူစု မကွဲသေးကြောင်းနှင့် ဆန္ဒပြသူ အရေအတွက်သာ တစထက် တစ များလာနေသည်ဟု မျက်မြင်များက ပြောသည်။

“ လူတွေကတော့ ထပ်ပြီးတိုးလာပါတယ်။ ဒေသခံတွေလည်း ထပ်ရောက်လာကြတယ်။ အခုတော့ ဆန္ဒပြသူ တွေ ဒီနေရာမှာ သပိတ်စခန်း ဖွင့်ပြီး ညအိပ် ဆန္ဒပြဖို့စီစဉ်နေကြပါတယ်။ တချို့လည်း စားရေးသောက်ရေးအတွက် စီစဉ်နေကြ ပါပြီ”ဟု ကျောက်ဖြူတရားရုံးရှေ့ရောက်နေသူ ကိုမောင်အေးက ပြောသည်။ ဆန္ဒပြထုတ်ဖော်သူများမှာ တရားရုံးရှေ့တွင် ယခုအခါ ၅၀၀ ကျော်ခန့်ရှိနေပြီး လုံခြုံရေးယူထားသည့် စစ်တပ်၊ ရဲနှင့် မီးသတ်တပ်ဖွဲ့ဝင်များလည်း တရားရုံး အထဲတွင်နေရာယူထားကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ကျော်ဖြူစိုးမှ ထောင်ဒဏ်ချမှတ်ခံရသူ တစ်ဦးဖြစ်သည့် ကိုထွန်းကြည် ဖခင် ဦးထွန်းမောင်နုအား ဒေသခံများကိုခေါ်ပြီး ပြန်ရန် နှစ်ကြိမ်သတိပေးထားပြီး၊ မဒေးကျွန်းမှ ဆရာတော်တချို့ကို လည်း ဒေသခံများကို အိမ်ပြန်ဖို့ ပြောပေးရန် မြို့နယ် အုပ်ချုပ်ရေးမှူးက ဖုန်းနှင့် မေတ္တာရပ်ခံနေကြောင်း သိရသည်။ “ကျွန်တော့်ကို မြို့နယ်အုပ်ချုပ်ရေးက ရွာကလူတွေကို ခေါ်ပြီးပြန်သွားပါ။ တခုခုဖြစ်လာရင် ခင်ဗျာတို့ဘက်က နစ်နာမယ်လို့ပြောပါတယ်။


ကျွန်တော်က ဘယ်သူ့ကိုမှ ခေါ်လို့မရဘူး။ အားလုံးက ဆက်နေဖို့ပြောနေကြ တယ်” ဟု ကိုထွန်းကြည်ဖခင် ဦးထွန်းမောင်နုက နိရဉ္စရာသို့ ပြောသည်။ နောက်ဆုံးရရှိသည့် သတင်းအရ မြို့နယ် ရဲမှူးကြီး၊ ရခိုင်တိုင်းရင်းသားမျိုးတခြားတာဝန် ရှိ သူများက တရားရုံးရှေ့တွင် ဆွေးနွေးနေကြပြီး တစ်စုံတရာ ဆုံးဖြတ်ချက်မချ နိုင်သေးကြောင်း သိရသည်။

No comments:

Post a Comment