Tuesday, October 1, 2013

လယ်တီဆရာတော်ဘုရားကြီး သိမ်စောင့်ရှောက်ရေးအတွက် လမ်းလျှောက်သူများ စစ်ကိုင်းတွင် ညအိပ်မည်

နေမျိုး

ပါဝင်သူတစ်ဦးကို လက်ထိပ်ခတ် ဖမ်းခဲ့သော်လည်း လူထုဝိုင်းအော်သောကြောင့် ပြန်လွှတ်

လက်ပံတောင်းတောင်ဒေသရှိ လယ်တီဆရာတော်ဘုရားကြီး သိမ်နှင့် သာသနိက အဆောက်အအုံများ စောင့်ရှောက်ရေးအတွက် လယ်တီဆရာတော်ဘုရားကြီး၏ သာသနိက အဆောက်အဦများ ကာကွယ် စောင့်ရှောက်ရေး အင်အားစု များနှင့် တက်ကြွလှုပ်ရှားသူများ မန္တလေးမှ လက်ပံတောင်းတောင်သို့ လမ်းလျှောက်ကြရာ စက်တင်ဘာ၂၉ ရက် ည တွင် စစ်ကိုင်းတွင်ညအိပ်မည်ဖြစ်သည်ဟု လမ်းလျှောက်သူများ ထံမှ သိရသည်။

စက်တင်ဘာ ၂၉ သည် လက်ပံတောင်းတောင် အကြမ်းဖက်နှိမ်နှင်းခံရမှု ၁၀ လပြည့်သည့်နေ့လည်းဖြစ်ပြီး လမ်းလျှောက်သူများကို အာဏာပိုင်များက တားဆီးမှုများလည်းရှိသည်ဟု ၎င်းတို့ထံမှ သိရသည်။

လမ်းလျှောက်ဆန္ဒဖော်ထုတ်ခြင်းကို ယင်းနေ့နေ့လည်ပိုင်းကစတင်ပြီး ညနေခြောက်နာရီခန့်အထိ ဆက်လက် လမ်းလျှောက်နေဆဲဖြစ်ကြောင်း လမ်းလျှောက်ရာတွင်ပါဝင်သူ ကိုစည်သူက မဇ္ဈိမကို ပြောသည်။

၎င်းက “ကျွန်တော်တို့ စစ်ကိုင်းက ကောင်းမှုတော်အကျော် စည်းတီးကျေးရွာမှာ ညအိပ်မယ်။ လုံခြုံရေးကတော့ စစ်ကိုင်းပြည်သူတွေ ၀န်းရံပါတယ်။ ညကိုတော့ ဘယ်လိုလုပ်မယ်မသိဘူး။ ဗကသ ကျောင်းသားတွေနဲ့ NLD ပါတီဝင်တွေ လိုက်ပါလာပါတယ်။ စထွက်တုန်းက လူ ၅၀ အခု လူ ၂၀၀ ရှိပါတယ်။ ဗကသ ကျောင်းသား ကိုသန့်စင်ကို ရဲက လက်ထိပ်ခတ်ဖမ်းတာ၊ ပြည်သူတွေ ၀ိုင်းအော်တာနဲ့ ပြန်လွှတ် ပေးလိုက်တယ်”ဟု ညနေ ၆ နာရီ ၁၀ မိနစ်တွင် မဇ္ဈိမသို့ ပြောသည်။

လမ်းလျှောက်ဆန္ဒဖော်ထုတ်သူများကို စစ်ကိုင်းမြို့တွင် အာဏာပိုင်များက တားဆီးသည်ဟုလည်း NLD လွှတ်တော် အမတ် ဒေါ်ခင်စန်းလှိုင်က ပြောသည်။

၎င်းက “အစကတည်းက ပွင့်လင်းမြင်သာမှုမရှိခဲ့လို့ ပြည်သူတွေဘက်က သူတို့ရဲ့ဆန္ဒကို ဖော်ထုတ်လာတာပဲဖြစ်တယ်လေ။ ပြည်သူ့အသံ နားထောင်သင့်တယ်။ ဒီထက်ဆိုးတဲ့ အခြေအနေကို ဦးတည်သွားမှာ ကျွန်မတို့ မလိုလား ပါဘူး။ တာဝန်ရှိတဲ့ပုဂ်္ဂိုလ်များက ညှင်ညှင်သာသာ ကိုင်တွယ်သင့်တယ်”ဟု ပြောသည်။

လမ်းလျှောက်ဆန္ဒဖော်ထုတ်သူများသည် လယ်တီဆရာတော်ဘုရားကြီး၏ သိမ်တော်တည်ရှိရာမန္တလေးမှ ခရီးအကွာ အဝေး မိုင် ၈၀ ခန့်ရှိ လက်ပံတောင်းတောင် တောင်ခြေသို့ သာသနိကအဆောက်အအုံများ ကာကွယ် စောင့်ရှောက်ရေးအတွက် လမ်းလျှောက်မည် ဖြစ်ကြောင်း ဦးဆောင် ဆရာတော်တစ်ပါးဖြစ်သည့် ဦးစန္ဒာသီရိက မိန့်ကြားသည်။

“ဦးဇင်းတို့က လယ်တီဆရာတော်ဘုရားကြီးရဲ့သိမ် ကမ္ဘာတည်သရွေ့ အဓွန့်ရှည် တည်တံ့ဖို့အတွက် လယ်တီ ဆရာတော်ဘုရားရဲ့ သံဃိက အဆောက်အဦတွေ ပျက်စီးမယ့်အရေးက ကာကွယ်ဖို့၊ ချီတက်တာပါ” ဟု အရှင် ဦးစန္ဒာသီရိက မိန့်သည်။

လမ်းလျှောက်ရာတွင် လမ်းလျှောက်မည့်သူ ၇၀ ခန့်ဖြင့် တစ်ရက်လျှင် ၁၅ မိုင်နှုန်းကျ ၅ ရက်ခန့် လမ်းလျှောက်ကြ ရမည် ဖြစ်ကြောင်းလည်း ခန့်မှန်းထားကြသည်။

လမ်းလျှောက်သူများသည် စက်တင်ဘာ ၂၉ နေ့လည်ပိုင်းတွင် မန္တလေးမြို့ရှိ ဂဠုံနီ ဆရာတော် ဦးကာဝိယ၏ကျောင်းတိုက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီးနောက် လမ်းလျှောက်ခဲ့ခြင်းဖြစ်သည်။

သတင်းစာရှင်းလင်းပွဲ ပြီးဆုံးပြီးနောက် လမ်းလျှောက်ချီတက်မှုကို အာဏာပိုင်များက တားဆီးခဲ့ပြီး ကို စည်သူက “ကျွန်တော်တို့ကို ကပ်ကျော်ဘုရားကနေပြီးတော့ ရဲအင်အား ၄၀ လောက်နဲ့ ကျွန်တော်တို့ကို တားတယ်”ဟု ဆိုသည်။

အာဏာပိုင်များက လမ်းလျှောက်ချီတက်ခြင်းကို ခွင့်မပြုသောကြောင့် ကားဖြင့် ထွက်ခွာရမှုခြင်းများ ရှိကြောင်းကို လည်း လမ်းလျှောက်ချီတက်ရာတွင် ပါဝင်သူ ကိုဘမြင့်က ပြောသည်။

၎င်းက “ကိုယ့်ရင်ထဲကဆန္ဒနဲ့ လာကြတာ၊ ဆရာတော်ဘုရားရဲ့ သိမ်ကို မပျက်စီးစေချင်ဘူး။ ကျွန်တော်တို့ အမရပူရ အ၀င်မှာ လမ်းမလျှောက်ရဘူးတားတာနဲ့ ကားနဲ့ဆက်ထွက်ရတယ်”ဟု မဇိ္ဈမကို ပြောသည်။

လယ်တီဆရာတော်ဘုရားကြီး၏ သာသနိက အဆောက်အဦများ ကာကွယ်စောင့်ရှောက်ရေး အင်အားစု ကြေညာ ချက်တွင် “လက်ပံတောင်း ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာအရ လယ်တီဆရာတော် ဘုရားကြီး၏ သာသနိက အဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး၊ ဗုဒ္ဓစေတီတော်၊ သိမ်တော်နှင့်ကျောင်းဆောင် များအား ကာကွယ်ထိန်းသိမ်းရေး၊၎င်းဗုဒ္ဓစေတီတော်၊သိမ်တော်နှင့် ကျောင်းဆောင်များအား ဗုဒ္ဓနည်းကျ ၀ိနည်းတော်အတိုင်း အကောင်အထည်ဖော် ဆာင်ရွက်ပေးရေး”တို့ ဖြစ်ပါသည်ဟုလည်း ဖော်ပြပါရှိသည်။

No comments:

Post a Comment