Monday, October 28, 2013

ပွင့်လင်းမြင်သာမှု မရှိသေးသည့်အတွက် လူ့အခွင့်အရေး ချိုးဖောက်မှုရှိနေသေး

ဖြိုးဝေအောင်

လူ့အခွင့်အရေး ချိုးဖောက်ခံနေမှုများရှိနေသည့် တိုင်းရင်းသားဒေသများတွင် ပွင့်လင်းမြင်သာမှု မရှိသေးသည့်အတွက် ဒေသခံလူထုတွေမှာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရကြဆဲဟု ကယားပြည်နယ် ကျောင်းသားသမဂ္ဂအဖွဲ့မှ မနီနီအောင်က ပြောသည်။

“ချိုးဖောက်နေတဲ့သူရှိလားဆိုတော့ ပြောမယ်ဆိုရင် အများကြီးရှိတာပဲ။ အဝေးကိုတော့ မပြောဘူးနော်။ တစ်ခါတစ်လေ ကိုယ်ကိုယ်တိုင်ကလည်း ချိုးဖောက်နေတာပဲ။ အဲမျိုးလည်းရှိတယ်။ အဆင့်ဆင့်ချင်း ပြန်ပြောမယ်ဆိုရင် လူသိရှင်ကြားမပြောရင်တောင်မှ တစ်ချို့လူကြီးပိုင်းတွေတောင်မှာလည်း ချိုးဖောက်နေတာအများအပြား ရှိတာပေါ့နော်"

ယခုလို နိုင်ငံရေးပြောင်းလဲလာသည့် ကာလအတောအတွင်းတွင် လူ့အခွင့်အရေးဆိုင်ရာ အသိပညာရပ်များကို ပြည်သူများ အကြားပိုမို ကျယ်ပြန့်စွာ သိရှိလာနိုင်စေရန်နှင့် ကျောင်းသားလူငယ် များအကြား ကယားပြည်နယ် ကျောင်းသား သမဂ္ဂအဖွဲ့ကဦးစီးပြီး လူ့အခွင့်အရေး သင်တန်းကို အောက်တိုဘာလ (၁၄)ရက် မှ (၁၈) ရက်နေ့ အထိ (၅)ရက်သာ သင်တန်းကို လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာတွင် ကျင်းပခဲ့ကြသည်ဟု သိရသည်။

"အပြည်ပြည်ဆိုင်လူ့အခွင့်အရေးအပိုဒ်(၃၀)တွေ သူတို့ကိုအခြေခံအားဖြင့် သိစေချင်တယ်ပေါ့နော်။”


သင်တန်းပို့ချခဲ့အပြီး မနီနီအောင်က ပြောဆိုသွားခြင်းဖြစ်သည်။

လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး လူတိုင်းတွင် ကိုယ်ပိုင်အခွင့်အရေးနှင့် တာဝန်ဝတ္တရားများရှိနေသလို လူ့အခွင့်အရေးကို လေးစားတတ်ရန်နှင့် လူ့အခွင့်အရေးချိုးဖောက်နေသူများ အများအပြား ရှိနေသေးကြောင်း အခုလိုဆက်ပြောသွားသည်။

ကယားပြည်နယ်အတွင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုနှင့်ပတ်သက်ပြီး လေးစားလိုက်နာရန်တွင် တချို့အချက်များသည် ဒေသခံတိုင်းရင်းသား ဓလေ့ထုံးတမ်းများအရ လိုက်နာရန် ခက်ခဲ နေသေးသည်ဟု ကျောင်းသားတဦးက ပြောသည်။

"ချိုးဖောက်ခံမှုတွေ အများကြီးရှိတော့ရှိနေတယ်။ ဒါပေမဲ့ ယဉ်ကျေးမှုအရနဲ့ ဓလေ့ထုံးတမ်းအရ ၏သည်မရွေးတော့ လိုက်နာဖို့ ခက်နေတယ်"

ယခုလို ကျောင်းသားလူငယ်များအကြား လူ့အခွင့်အရေးဆိုင်ရာ အသိပညာရပ်များကိုသိရှိစေရန် ကျောင်းသားသမဂ္ဂအဖွဲ့က သင်တန်းများပေးနေသည်မှာ ဒုတိယအကြိမ်ဖြစ်ပြီး ကုန်းသာကျေးရွာ ပြုလုပ်သော သင်တန်းတွင် သင်တန်းသား (၂၅) ဦးတက်ရောက်ခဲ့ကြသည်ဟု သိရသည်။

No comments:

Post a Comment