Wednesday, October 2, 2013

မီးရထားပိုင် နယ်မြေအတွင်း ကျူးကျော်နေထိုင်သူများကို စာရင်းကောက်ယူ၊ သတိပေးစာ ထုတ်ပြန်

အေးမြင့်စန်း

မြန်မာတစ်နိုင်ငံလုံးရှိ ရထားပို့ဆောင်ရေးဝန်ကြီးဌာနပိုင် နယ်မြေဧရိယာများအတွင်း ကျူးကျော်နေထိုင်သူများကို စာရင်းကောက်ယူနေပြီး ယင်းမြေမှာ ၀န်ကြီးဌာနပိုင်မြေများဖြစ်သောကြောင့် သတိပေးစာများ ထုတ်ပြန်ထားသည် ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဌေးက စက်တင်ဘာ ၂၉ ရက်တွင် ပြောသည်။

လက်ရှိတွင် စာရင်းကောက်ယူမှုများကို ဆောင်ရွက်နေဆဲဖြစ်ပြီး ကေက်ယူပြီးသည့်ဧရိယာများကို သတိပေးစာများ ထုတ်ပြန်ထားခြင်းဖြစ်သည်ဟု ၀န်ကြီးက ပြောခြင်းဖြစ်သည်။ ၀န်ကြီးက ယင်းသို့ ပြောကြားခြင်းမှာ စက်တင်ဘာ ၂၉ ရက်က ရန်ကုန်ဘူတာကြီးဝင်းအတွင်းတွင် သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့ စဉ်က ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက “မီးရထားပိုင် နယ်မြေထဲမှာ ကျူးကျော်တွေကို ပထမအဆင့်အနေနဲ့ စာရင်း ကောက်ထား တယ်။ သတိပေးစာ ထုတ်ထားလိုက်တယ်၊ ဖယ်ရှားဖို့ကျတော့ ဘယ်လိုနည်းနဲ့ ဖယ်ခိုင်းရ မယ်ဆိုတာ စဉ်းစားရဦး မယ်၊ ကျူးကျော်နေထိုင်မှုတွေရဲ့ အသေးစိတ် အချက်တွေကို အချိန်ယူပြီးတော့ ဥပဒေတွေနဲ့အညီ အဖြေရှာရဦး မယ်”ဟု ပြောသည်။

မီးရထားပိုင်မြေများတွင် ကျူးကျော်နေထိုင်သူများကို ရန်ကုန်နှင့် မော်လမြိုင် အစရှိသော ဒေသများတွင် စာရင်းကောက်ယူပြီး ဖြစ်သော်လည်း ကျန်ပြည်နယ်နှင့် တိုင်းများတွင် ဆက်လက် စာရင်းကောက်ယူဆဲ ဖြစ်သည်ဟု ဆိုသည်။

အခြားပြည်နယ်နှင့် တိုင်းများရှိ မြို့ပတ်မီးရထားလမ်းနှင့် ဆင်ခြေဖုံး ရထားလမ်းတစ်လျှောက်ရှိ ကျူးကျော်နေထိုင်မှု များတွင် စည်ပင်သာယာရေးကော်မတီနယ်မြေ၊ ရေကြောင်းပို့ဆောင်ရေးကော်မတီ နယ်မြေဧရိယာများ အတွင်းရောက်ရှိနေသည်များလည်း ရှိနေသဖြင့် ပြည်လည် ခွဲခြားနေသဖြင့် စာရင်းကောက်ယူရန် ကျန်ရှိနေခြင်း ဖြစ်သည်။

ယင်းသို့ ကျူးကျော်နေထိုင်မှုများနှင့် ပတ်သက်ပြီး မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာ ဦးမြင့်ဝေက တစ်နိုင်ငံလုံးမြန်မာ့မီးရထားဖြတ်သန်းသွားရာ တိုင်းနှင့်ပြည်နယ် ၁၁ တိုင်းလုံးမှာ ကျူးကျော်နေထိုင်သူ ထောင်ချီ ရှိနေတယ်” ဟုပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ကျူးကျော်နေထိုင်သူများကို စာရင်းကောက်ယူထားရာ မြို့ပတ်မီးရထားနှင့် ဆင်ခြေဖုံး ရထားလမ်း၊ မီးရထားရပ်ကွက်များအတွင်း ကျူးကျော်အိမ် ၉၂၅ လုံး၊ဓမ္မာရုံ ၁၁ ခု၊ ဂိုဒေါင်တစ်လုံး၊ အလှူခံ အဆောက်အအုံ တစ်၊ ရုံးတစ်ရုံး၊ စာကြည်တိုက် တစ်ခု၊ ဘုန်းကြီးကျောင်း နှစ်၊ သီလရှင် ကျောင်း တစ်၊ ဈေး အရောင်းဆိုင် ၁၀၄၆ ဆိုင်၊ ကျူးကျော်တဲ ၃၀၀ လုံးအထိ ရှိနေသည်။

ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းနှင့် အနောက်ခြမ်း မီးရထားလမ်းတစ်လျှောက်တွင် ကျူးကျော်အိမ် ၇၃၂ လုံး၊ ဈေး အရောင်းဆိုင် ၁၈၀ ဆိုင်၊ အဆောက်အအုံ ကိုးလုံး ရှိနေသည်။

မော်လမြိုင် မီးရထားဘူတာနယ်မြေတွင် ကျူးကျော်အိမ် ၈၁ လုံးနှင့် ရေး ဘူတာနယ်မြေအတွင်း ကျူး ကျော်အိမ် ၃၆ လုံးရှိနေသည်ဟု မြန်မာ့မီးရထားက သတင်းထုတ်ပြန်ထားသည်။

No comments:

Post a Comment