Tuesday, November 26, 2013

ဒီငြိမ်းလင်း အပါအဝင် ခြောက်ဦးကို တရားရုံးသုံးရုံးပေါင်း ထောင်ဒဏ်တစ်လချမှတ်

ဟိန်းကိုစိုး

လက်ပံတောင်းအရေး ဆန္ဒထုတ်ဖော်သော ကိုဒီငြိမ်းလင်းနှင့် ကိုမိုဃ်းသွေးအပါအဝင် ခြောက်ဦးကို ခွင့်ပြုမိန့်မရဘဲ ဆန္ဒထုတ်ဖော်မှု ပုဒ်မ ၁၈ ဖြင့် တရားရုံးသုံးရုံးပေါင်း တစ်ဦးကို ထောင်ဒဏ်တစ်လချမှတ်လိုက်သည်ဟု ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီမှ ဒု-ဥက္ကဋ္ဌ ဦးဇင်လင်းအောင်က မဇ္ဈိမကို ပြောသည်။

လက်ပံတောင်းဆန္ဒဖော်ထုတ်သည့် ခြောက်ဦးထဲမှ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ကိုဒီငြိမ်းလင်း၊ Generation Wavesက ကိုမိုဃ်းသွေး၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ကိုအောင်မျိုးဦး၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချုပ်မှ ဦးစိုးမိုးထွန်းနှင့် အမျိုးသမီးကွန်ယက်မှ ဒေါ်စန္ဒာတို့ ငါးဦးကို ကြည့်မြင်တိုင်၊ အလုံနှင့် စမ်းချောင်းမြို့နယ် တရားရုံး သုံးရုံးပေါင်းကာ နိုဝင်ဘာလ ၂၅ရက် နံနက်က ထောင်ဒဏ်တစ်လ တစ်ပေါင်းတည်း ချမှတ်ခဲ့ခြင်းပြီး မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီက ဦးမြင့်ကျော်ဦးကို ကြည့်မြင်တိုင်နှင့် အလုံနှစ်မြို့နယ်နှစ်မြို့နယ်ပေါင်း ပြစ်ဒဏ် တစ်လ ချမှတ်ခဲ့ခြင်းဖြစ်သည်။

၂၀၁၂ခုနှစ် နိုဝင်ဘာလ ၂၉ရက် နံနက် သုံးနာရီခန့်က လက်ပံတောင်းဒေသ ဝမ်ပေါင်ကုမ္ပဏီရှေ့မှ သပိတ်စခန်းများကို အာဏာပိုင်များက ဖြိုခွင်းခြင်းကြောင့် သံဃာတော်များ ဒဏ်ရာရရှိခဲ့သည်။ ထို့ကြောင့် ဒီဇင်ဘာလ ၁ ရက်၌ ရန်ကုန်မြို့၌ လူဦးရေ ၅၀၀ခန့်က လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ပြီး ထိုအထဲမှ ခြောက်ဦးကို ယခုကဲ့သို့ စီရင်ချက်ချခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် နည်းဥပဒေကို ၂၀၁၂ခုနှစ် ဇူလိုင်လတွင် ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်း၌ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခံထားရသူပေါင်း ၂၂၆ ဦးထိ ရှိနေပြီဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂမှ သတင်းပြန်ကြားရေးတာဝန်ခံ ဦးနန္ဒစစ်အောင်က ပြောသည်။

သို့သော် နိုင်ငံရေးအကျဉ်းသားများစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)၏ ထုတ်ပြန်ချက်စာရင်းများအရ ဥပဒေထွက်ပြီး ကိုးလအတွင်း ပုဒ်မ ၁၈ဖြင့် တရားရင်ဆိုင်နေရသူ ၁၂၃ဦး၊ အကျဉ်းထောင်များ၌ အကျဉ်းချ ခံရသူ ၅၂ ဦးရှိပြီး လက်ရှိတွင် အကျဉ်းထောင်များအတွင်း ပြစ်ဒဏ်ကျခံနေရသူ ၃၅ ဦးရှိနေသည်။

No comments:

Post a Comment