Friday, November 1, 2013

ကိုရီးယားခရီးစဉ် နောက်ဆုံးခြေစမ်းပွဲတွင် ချိုတမ်တက္ကသိုလ်နှင့် မြန်မာအသင်းသရေကျ

ရဲရင့်ဌေး

ကိုရီးယားနိုင်ငံသို့ရောက်ရှိကာ လေ့ကျင့်ခြေစမ်းမှုများ ပြုလုပ်နေသော မြန်မာယူ-၂၃အသင်းသည် ကိုရီးယားခရီးစဉ် နောက်ဆုံးခြေစမ်းပွဲအဖြစ် ချိုတမ်တက္ကသိုလ်အသင်းနှင့် ကစားခဲ့ရာ တစ်ဖက်တစ်ဂိုးစီ သရေ ကျသွားခဲ့သည်။

အဆိုပါပွဲစဉ်တွင် မြန်မာယူ-၂၃ အသင်းအတွက် ဒဏ်ရာကြောင့် အနားယူနေရသော ဒေးဗစ်ထန်း ၀င်ကစားခဲ့ပြီး ဒဏ်ရာပြဿနာအနည်းငယ်ရှိနေသည့် ကျော်ကိုကို၊ အောင်ဇော်တို့မှလွဲ၍ အဓိက ကစားသမား အစုံအလင်ပါဝင်ခဲ့ကြောင်း မြန်မာအသင်း မီဒီယာအရာရှိ ဦးမိုးဝေက မဇ္ဈိမသို့ ပြောသည်။

“နည်းပြပတ်ဆောင်ဟွာက ချိုတမ်တက္ကသိုလ်နဲ့ပွဲမှာ အဓိက ကစားသမား အစုံသုံးခဲ့ပါတယ်။ ဒီပွဲမှာ သူက နည်းစနစ်ပိုင်း အဓိက စမ်းသပ်ခဲ့တယ်လို့ ပြောတယ်။ အသင်းကစားပုံကောင်းပါတယ်။အပိုင်အခွင့် အရေးတွေ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ သရေကျခဲ့တာပါ။ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုတယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ နိုဝင်ဘာ (၁) ရက်ကစပြီး ဂျပန်နိုင်ငံမှာသွားလေ့ ကျင့်မှာပါ”ဟု ဦးမိုဝေက ဆိုသည်။

ချိုတမ်တက္ကသိုလ်နှင့် ခြေစမ်းပွဲတွင် မြန်မာအသင်းအတွက် ချေပဂိုးကို ကြည်လင်းကသွင်းယူပေးခဲ့ သည်။ မြန်မာ ယူ -၂၃ အသင်းသည် ကိုရီးယားနိုင်ငံတွင် ခြေစမ်းပွဲငါးပွဲကစားခဲ့ရာ တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ သုံးပွဲ ရှုံးရလဒ် ရရှိထားသည်။မြန်မာယူ-၂၃အသင်းသည် ဂျပန်နိုင်ငံတွင် ခြေစမ်းပွဲများကစားရန်လည်း စီစဉ်ထားပြီး ဂျေလိဂ်အဖွဲ့ချုပ်နှင့်ဆက်သွယ် ကမ်းလှမ်းထားကြောင်းလည်း သိရသည်။

No comments:

Post a Comment