Tuesday, November 26, 2013

ဒေါ်အောင်ဆန်းစုကြည်နဲ့ UNA အဖွဲ့ကို UNFC အဖွဲ့ သွားရောက်တွေ့ဆုံ

ABC

တိုင်းရင်းသားလူမျိုးများ ​ဖက်ဒရယ်ကောင်စီ ​(UNFC) ​အဖွဲ့ဝင်ကိုယ်စားလှယ်တွေဟာ ​ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာ ​မနေ့တုန်းက ​ဒေါ်အောင်ဆန်းစုကြည်နဲ့ ​တွေ့ဆုံခဲ့ကြသလို ​ရှမ်းတိုင်းရင်းသားများဒီမိုက ​ရေစီအဖွဲ့ချုပ် ​ရုံးမှာ ​စည်းလုံး ​ညီညွတ်သော ​တိုင်းရင်းသား ​လူမျိုးများမဟာမိတ်အဖွဲ့ ​(UNA) ​မှ ​ခေါင်းဆောင်တွေနဲ့လည်း ​တွေဆုံခဲ့ပါတယ်။

ပြည်ပက ​တိုင်းရင်းသားလက်နက်ကိုင် ​ခေါင်းဆောင်နဲ့ ​ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ​ပထမဆုံး ​တွေ့ဆုံမှုအတွင်း ​UNFC ​အထွေထွေ ​အတွင်းရေးမှူး ​ဦးနိုင်ဟံသာက ​တိုင်းရင်းသားတွေအနေနဲ့ ​ဒေါ်အောင်ဆန်းစုကြည်ကို ​တိုင်းရင်းသားအရေးမှာ ​ဝိုင်းဝန်းကူညီသူအဖြစ် ​မြင်ပြီး ​ကြိုဆိုဖိတ်ခေါ်မှုလုပ်ကြောင်းနဲ့ ​နိုင်ငံသားတိုင်း ​သမ္မတဖြစ်ခွင့်ရှိဖို့အတွက် ​အခြေခံဥပဒေကို ​အသစ်ပြန်လည်ရေးဆွဲလိုက်တာဟာ ​အကောင်းဆုံးနဲ့ ​အမြန်ဆုံးနည်းလမ်းဖြစ်ကြောင်း ​ပြောပါတယ်။

အဲဒါ့အပြင် ​လွှတ်တော်ပြင်ပက ​လူတွေအနေနဲ့ ​လွှတ်တော်ထဲ ​ဝင်တိုးလို့မရတဲ့အတွက် ​လွှတ်တော်တွင်းရောက်နေတဲ့ ​ဒေါ်အောင်ဆန်းစုကြည်နဲ့ ​စစ်မှန်တဲ့ ​ဒီမိုကရေစီ ​ပေါ်ပေါက်လာဖို့ ​ဆွေးနွေးမှုလုပ်တာလို့လည်း ​ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ​အားလုံးလိုလားတဲ့ ​စစ်မှန်တဲ့ ​ဒီမိုကရေစီပေါ်ပေါက်ဖို့ဆိုရင် ​အခု ​လက်ရှိ ​ဖွဲ့စည်းပုံအခြေခံဥပဒေပုံစံနဲ့ ​သွားလို့မရဘူးဆိုတာကို ​သဘောတူတဲ့အကြောင်း ​အားလုံး ​လက်တွဲလုပ်မှသာ ​ဒီမိုကရေစီပြည်ထောင်စုကြီး ​ဖြစ်လာနိုင်မှာဖြစ်ပြီး ​တိုင်းရင်းသား ​တွေရဲ့လိုအပ်ချက်ကို ​အမြဲတန်းဖြည့်ဆည်းပေးမယ်လို့လည်း ​ဒေါ်အောင်ဆန်းစုကြည်က ​ပြောပါတယ်။

UNFC ​အဖွဲ့ဟာ ​တစ်ရက်တည်းမှာပဲ ​ရှမ်းတိုင်းရင်းသားများ ​ဒီမိုကရေစီအဖွဲ့ချုပ် ​ဗဟိုဌာနချုပ်ရုံးမှာ ​စည်းလုံးညီညွတ်သော ​တိုင်းရင်းသားလူမျိုးများ ​မဟာမိတ်(UNA) ​အဖွဲ့ ​ခေါင်းဆောင်တွေနဲ့ ​တွေ့ဆုံခဲ့ပြီး ​ငြိမ်းချမ်းရေးနဲ့ ​ဖက်ဒရယ်ပြည်ထောင်စု ​တည်ဆောက်ရေးအတွက် ​ပူးတွဲ ​အကောင်အထည် ​ဖော်သွားဖို့ ​သဘောတူညီကြောင်း ​သတင်းထုတ်ပြန်ထားတယ်လို့ ​မြစ်မခသတင်းအရ ​သိရပါတယ်။

No comments:

Post a Comment