Sunday, December 1, 2013

သမိုင်းမော်ကွန်းများ စာရွက်ထဲမှာသာရှိဟု ကွယ်လွန်သူ ရဲဘော်သုံးကျိပ်ဝင်၏သား ဆို

အေးမြင့်စန်း

အမျိုးသားနေ့တွင် ကွယ်လွန်သွားသူ၊ ရဲဘော်သုံးကျိပ်ဝင်များအနက် နောက်ဆုံးကျန်ရှိသူ ဗိုလ်ရဲထွဋ်ကို နာမကျန်းဖြစ်နေချိန်အတွင်း အစိုးရမှ လာရောက် ထောက်ပံ့ကူညီခဲ့ခြင်းမျိုး မရှိခဲ့သည့်အတွက် ရဲဘော် သုံးကျိပ်ဖြစ်သည့် သမိုင်းများ၊ မော်ကွန်းများက စာရွက်ထဲမှာသာရှိသည်ဟု ဗိုလ်ရဲထွဋ်၏သားဖြစ်သူ ဦး ကျော်ကျော်က ဝေဖန် ပြောဆိုလိုက်သည်။

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရဲထွဋ်သည် လူကြီးရောဂါဖြင့် နေအိမ်တွင် ခြောက်လကျော် ဆေးကုသမှုခံယူ နေခဲ့ရာ သုခကမ္ဘာဆေးရုံတွင် တစ်လကျော်မျှ တက်ရောက် ကုသမှုခံယူခဲ့ရသည့် အတောအတွင်း အစိုးရမှ လာရောက် ထောက်ပံ့ကူညီခဲ့ခြင်းမျိုးမရှိခဲ့ဟု ၎င်းက ပြောခြင်း ဖြစ်သည်။

“ပင်စင်သဘောမျိုး ပေးတာတော့ ရတယ်၊ တစ်လ တစ်ထောင့်ငါးရာရတယ်၊ အစိုးရကပေးတာပါ၊ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်မှာ လုပ်ခဲ့တာကိုး၊ ခြောက်လနေမှ တစ်ခေါက် သွားထုတ်ဖြစ်တယ်၊ သွားယူရတဲ့ ကားခမကာမိဘူး။ မထုတ်ဖြစ်ပါဘူး”ဟု ဦးကျော်ကျော်က မဇ္ဈိမကို ပြောသည်။

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရဲထွဋ်သည် နိုဝင်ဘာလ၂၇ ရက် ည ၉း၂၀ နာရီအချိန်တွင် လူကြီးရောဂါဖြင့် သု ခကမ္ဘာဆေးရုံတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၉၂ နှစ်ရှိပြီဖြစ်သည်။ ဈာပနအ ခမ်းအနားကို နိုဝင်ဘာ ၂၉ ရက်တွင် ရေဝေးသုသာန်၌ ပြုလုပ်မည် ဖြစ်သည်။

ဗိုလ်ရဲထွဋ် ကွယ်လွန်သောကိစ္စနှင့် ပတ်သက်၍ သတင်းများထွက်လာမှသာ လက်ရှိအစိုးရ တာဝန်ရှိသူများဘက်မှ သိရှိကြောင်း တုံ့ပြန်ပြောဆိုသည်။

နိုင်ငံတော်သမ္မတရုံး အဆင့်မြင့်အရာရှိတစ်ဦးက “ဆုံးပြီဆိုမှ သတင်းတွေတက်လာမှ သိတာ။ ဆေးရုံ တက်နေတယ်ဆိုတာလဲ ကျွန်တော်တို့ မသိဘူး၊ ဆိုလိုတာကတော့ သတင်းမရတာ ဖြစ်ပါလိမ့်မယ်။ သိ ရင်တော့ သမ္မတကြီးရော၊ တပ်မတော်ရော ကာကွယ်ရေးဦးစီးချုပ်ရော၊ ကျန်တဲ့ အစိုးရတာဝန်ရှိသူတွေ ရော ဒီလိုမနေပါဘူး”ဟု ဆိုသည်။

ရဲဘော်သုံးကျိပ်ဝင်တစ်ဦးဖြစ်သည့် ဗိုလ်မှူးချုပ်ကျော်ဇော၏ သားဖြစ်သူ ဦးအောင်ကျော်ဇော်ကတော့ “ရဲဘော်သုံးကျိပ်အခန်းကဏ္ဍကို မြန်မာအစိုးရ သိပ်လုပ်မှာ မဟုတ်ဘူး၊ ဘာကြောင့်ဆို ရဲဘော်သုံးကျိပ် ကို ပြောမယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို ပြောရမယ်၊ ရဲဘော်သုံးကျိပ် စတင်ခဲ့တဲ့ တပ်မ တော်ရဲ့ ရည်ရွယ်ချက်နဲ့ ဒီနေ့တပ်မတော်ကြီး ဖြစ်နေတဲ့အခြေအနေနဲ့ တစ်ခြားစီပဲ၊ ပြန်ဖော်မှာလဲမဟုတ် ဘူး”ဟု ၎င်းအမြင်ကို မဇ္ဈိမသို့ ပြောသည်။

ရဲဘော်သုံးကျိပ်ကို ပြန်ဖော်ခြင်းထက် တိုင်းပြည်တွင် လိုအပ်နေသည့် ရဲဘော်သုံးကျိပ်မှ စတင် တည် ထောင်ခဲ့သည့် တပ်မတော်ဦးတည်ချက်၊ ရည်ရွယ်ချက်များအတိုင်း ယနေ့တပ်မတော်ကို ပြုပြင်ပြောင်း လဲနိုင်မှသာ တိုင်းပြည်၏ အနာဂတ်ကောင်းမည်ဟု ဦးအောင်ကျော်ဇောက ဆိုသည်။

ဗိုလ်ရဲထွဋ်ကို ၁၉၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်တွင် ရန်ကုန်မြို့ တာမွေလေး၌ မွေးဖွားခဲ့ပြီး အမည်ရင်း မှာ ဦးအောင်သိန်း ဖြစ်သည်။ လွတ်လပ်ရေးရသည်အထိ မြန်မာစစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၎င်းနောက် ဗမာပြည် ကွန်မြူနစ်ပါတီသို့ ၀င်ရောက်ခဲ့ကာ ၁၉၆၃ ခုနှစ်တွင် ဗိုလ်ချုပ်နေ၀င်းခေါင်းဆောင် သော ပါတီတွင် ပါဝင်ခဲ့သည်။ ဗိုလ်ရဲထွဋ်သည် သူရဲကောင်းတံဆိပ် (ဒုတိယအဆင့်)၊အရေးတော်ပုံ တံ ဆိပ်၊ လွတ်မြောက်ရေးတံဆိပ်၊ လွတ်လပ်ရေးမော်ကွန်းဝင်(ပထမအဆင့်)၊ နိုင်ငံ့ဂုဏ်ရည်ဘွဲ့(ပထမအ ဆင့်)တို့ကို ရရှိခဲ့ပြီး ကွယ်လွန်ချိန်တွင် သားနှစ်ယောက်ကျန်ရှိခဲ့ကာ ဦးကျော်ကျော်နှင့် ဦးအောင်အောင်တို့ ဖြစ်သည်။

No comments:

Post a Comment